ဘီးလင်းမြို့(မွန်ပြည်နယ်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Bilin
ဘီးလင်းမြို့နယ်
Bilin  ဘီးလင်းမြို့နယ် is located in မြန်မာ
Bilin
ဘီးလင်းမြို့နယ်
ဘီးလင်းမြို့နယ် တည်နေရာပြ မြေပုံ
Coordinates: 17°12.40′37.05″N 97°1′37″E / 17.2169583°N 97.02694°E / 17.2169583; 97.02694
နိုင်ငံ Flag of Myanmar.svg မြန်မာနိုင်ငံ
ပြည်နယ်၊ တိုင်း မွန်ပြည်နယ်
ခရိုင် သထုံခရိုင်
မြို့နယ် ဘီးလင်းမြို့နယ်
အစိုးရ
 - အမျိုးအစား ဘီးလင်းမြို့နယ် အေးချမ်းသာယာရေးနှင့် ဖွင့်ဖြိုးရေးကောင်စီ
လူဦးရေ (၂၀၀၅)
 - လူမျိုးများ ဗမာ၊ မွန်၊ရှမ်း၊ ကရင်၊ ပအိုဝ်း
 - ကိုးကွယ်ယုံကြည်မှု
ဗုဒ္ဓဘာသာ
Area code(s) ၀၅၇

ဘီလင်းမြို့နယ်(မွန်ဘာသာဖြင့်-ၜဳက္လေၚ်)သည် မြန်မာနိုင်ငံ၊ မွန်ပြည်နယ် တွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ကျိုက်ထိုမြို့မှ ၂၂မိုင်ခန့် ကွာဝေးပြီး ရန်ကုန်-မော်လမြိုင် အဝေးပြေး ကားလမ်း ဘေးတွင် တည်ရှိသည်။ ဘီးလင်းမြို့နယ်သည် ယခင်က အမဲရောင် နယ်မြေအဖြစ်သတ်မှတ်ထားသော သောင်းကျန်းသူများ ခိုအောင်းရာ နေရာဖြစ်ခဲ့သည်။ ယခုအခါ ဘီလင်းမြို့သည် တိုးတက်လျှက် ရှိပြီး ဖြစ်သည်။ မြို့မှာ အတန်ငယ်မျှသေးငယ်သည်။

ဘီးလင်းမြို့သည် အောက်မြန်မာနိုင်ငံရှိ သထုံခရိုင်၏ ကျိုက်ထိုခရိုင်ခွဲအတွင်း၌ တည်ရှိ၍ ဘီးလင်း မြို့နယ်၏ မြို့ပိုင်းရုံးစိုက်မြို့ဖြစ်သည်။ ကျိုက်ထိုမြို့နှင့် သထုံမြို့အကြား အလယ်ခန့်တွင် ဘီးလင်းမြစ်၏ လက်ဝဲ ကမ်းပေါ်၌ တည်ရှိသည်။

ဘီးလင်းမြို့နယ်သည် ၇၂၇ စတုရန်းမိုင် ကျယ်ဝန်း၍ ကျေးရွာပေါင်း ၅၈ ရွာပါဝင်သည်။ မြို့နယ် တစ်ခု လုံး၏ လူဦးရေသည်( ၁၉၅၆ ခုနှစ် ခန့်မှန်း သန်းခေါင်စာရင်း ) ၉ဝ၉၁၉ ယောက်ဖြစ်၍ မြို့ပေါ်ရှိ လူဦးရေ သည် ( ၁၉၅၃ ခုနှစ် သန်းခေါင်းစာရင်း ) ၅၂၆၅ ယောက်ဖြစ်သည်။ မြို့နယ်အတွင်း၌ လည်းကောင်း၊ မြို့ပေါ်၌ လည်းကောင်း မြန်မာလူမျိုးဦးရေသည် အများဆုံး ဖြစ်သော်လည်း မြို့နယ် အတွင်းရှိ တောင်ကုန်းတောင်တန်းများတွင် ကရင်လူမျိုးနှင့် တောင်သူ လူမျိုးတို့ကိုလည်း အများအပြား တွေ့ရသည်။ ထို့ပြင် မြို့နယ်အတွင်း၌ မွန် လူမျိုးများလည်း ရှိလေသည်။

ဘီးလင်းမြို့နယ်ကို ဖြတ်သန်းစီးဆင်းသော ဘီးလင်း မြစ်သည် သထုံခရိုင်အတွင်း သွားလာသယ်ယူ ပို့ဆောင်ရေး အတွက် အရေးပါသော မြစ်ဖြစ်သည်။ ထိုမြစ်သည် ကရင် ပြည်နယ် အတွင်းပ ဖြစ်ဖျားခံ၍ မုတ္တမ တောင်တန်းနှင့် ဘီးလင်းတောင်တန်းများကို ဖြတ်လျက် မုတ္တမပင်လယ်ကွေ့ အတွင်းသို့စီးဝင်သည်။ မြို့နယ်အတွင်း ထင်ရှားသော တောင်ရိုးတောင်တန်းများမှာ ထုံးကျောက်တောင်များ ဖြစ်သည့် ဘီးလင်းတောင်တန်းနှင့် ကေလာသတောင်တန်းတို့ဖြစ်လေ သည်။

ဘီးလင်းမြို့နယ်သည် မိုးများသော ဒေသဖြစ်သည်။ မိုးရာသီတွင် ဘီးလင်းမြို့သည် ရေလွှမ်းမိုးတတ်သည်။ မုတ္တမပင်လယ်ကွေ့နှင့် နီးကပ်သော မြို့နယ်ဖြစ်၍ အပူအအေး မပြင်းထန်လှချေ။ မြေပြန့်မြေနိမ့်ဒေသများသည် မြေ0x100သဇာ ကောင်း၍ စပါးစိုက်ပျိုး ဖြစ်ထွန်းသည်။ တောင်ကုန်း တောင်တန်းဒေသများတွင် ကရင်လူမျိုးများ၊ တောင်သူလူမျိုး များသည် တောင်ယာများ လုပ်ကိုင်ကြသည်။ ဘီးလင်းနယ်တွင် ကြံများကိုလည်၊ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြလေသည်။

ကူးသန်းသွားလာရေး လမ်းပန်းအဆက်အသွယ်များမှာ ကျိုက်ထို-မုတ္တမ မော်တော်ကားလမ်း (၈၃ မိုင်) သည် ဘီးလင်းမြို့နှင့် သထုံမြို့ကို ဖြတ်၍သွားသည်။ ဘီးလင်း မြို့သည် ကျိုက်ထိုနှင့် ၁၉ မိုင်ခန့်ကွာဝေး၍ သထုံနှင့် ဘီးလင်းသည် ၂၃ မိုင်ခန့်ဝေးသည်။ ဘီးလင်းမြို့ကိုပတ်၍ ကရင်ပြည်နယ် ဖာပွန်မြို့သို့မော်တော် ကားလမ်းရှိသည်။ ၇၃ မိုင်ရှည်လျားသည်။ ပဲခူး-မုတ္တမ ( မော်လမြိုင် ) မီးရထား လမ်းသည် ဘီးလင်းမှ ၄ မိုင် ခန့်ဝေးသော နှင်းပုလဲဘူတာကို ဖြတ်ကျော်၍ သွားလေသည်။

ဘီးလင်းမြို့၌ မြို့ပိုင်ရုံး၊ မြို့နယ်တရားမနှင့် ရာဇဝတ် တရားသူကြီးရုံး၊ မြို့နယ်သမဝါယမရုံး၊ စာတိုက်၊ ဆေးရုံ၊ အစိုးရတန်းမြင့်ကျောင်း၊ ဈေးစသည့် အစိုးရ အဆောက် အအုံများ ရှိသည်။ ရှေးအခါက အရောင်းအဝယ် စည်ကားသော မြို့တစ်မြို့ဖြစ်ခဲ့သည်။ ယခုအခါမူ စစ်ဘေး စစ်ဒဏ်ကို ခံခဲ့ရသဖြင့် လည်းကောင်း၊ ပြည်တွင်း သောင်းကျန်းမှုများကြောင့် လည်းကောင်း မြို့အခြေအနေများစွာ ပျက်ပြားခဲ့သည်။

ဘီးလင်းမြို့တွင် ထင်ရှားသော ဘုရားစေတီများမှာ ဘီးလင်းမြို့မှ ၃ မိုင်ခန့်ကွာဝေးသော ကုသိဇ္ဈာရုံ ဘုရားနှင့် မြို့ပေါ်ရှိ ကြေးသွန်းဘုရားများ ဖြစ်ကြသည်။ ဘုရားပွဲတော် များကို တပေါင်းလတွင် ကျင်းပသည်။ မြို့၏ အရှေ့ဘက် ရွှေရောင်ပြတောင်ပေါ်ရှိ ဘုရားစေတီသည်လည်း ထင်ရှားသော စေတီတစ်ဆူ ဖြစ်သည်။ ဗုဒ္ဓအယူဝါဒီ မြန်မာလူဦးရေ များပြားသောမြို့ဖြစ်သဖြင့် မြို့ပေါ်တွင် ဘုန်းကြီးကျောင်း ပေါင်း ၂ဝ ကျော်မျှ ရှိလေသည်။

ဘီးလင်း ဟူသော အမည်သည် ဝီလှီ ( ပီးလမ်း ) ဟူသော မွန်စကားမှ ဆင်းသက်လာခြင်း ဖြစ်၍ မြစ်ဖျက်သောမြို့ဟု အဓိပ္ပာယ်ရသည်။ ယခုတိုင် ဘီးလင်းကျိုး ရွာဟု ခေါ်တွင်သော တစ်ဖက်ကမ်းတွင် ပဲ့ကျန်ခဲ့သည့် ဘီးလင်းမြို့နေရာကို တွေ့ကြရသေးသည်။ ဘီးလင်းမြို့ကို တပ်မြို့အဖြစ် စတင်တည်ထောင်ခဲ့သည်ဟု အဆိုရှိသည်။ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးနောက်တွင် သောဏထေရ်နှင့် ဥတ္တရထေရ်တို့သည် သာသနာပြုရန် ရာမညတိုင်းသို့ကြွရောက်လာကြသည်။ ထိုမထေရ်မြတ်တို့ ကြွရောက်လာသော ဂေါမတ္တိကနဂရမြို့သည် ဘီးလင်းမြို့နယ် အတွင်းရှိ ကေလာသတောင်ထိပ် စေတီ၏ အနောက်တောင် တွင် အရှေ့တစ်ဝက် တောင်ထိပ်၊ အနောက် တစ်ဝက် မြေညီ၌ တည်သည်။ တင်လဲချက်သော လူတို့အိမ်ကဲ့သို့အိမ်အများရှိ သောကြောင့် ဂေါမတ္တိကဟု ခေါ်တွင်၍ တိုက်ကုလားမြို့ဟု လည်း နှောင်းခေတ်တွင် ခေါ်ဝေါ်ကြသည်။ ယခုတိုင် တိုက်ကုလားမြို့ဟောင်း နေရာ၊ သို့မဟုတ် တောင်စွန်းဟု ခေါ်သော နေရာတွင် မြို့ဟောင်းအပျက်အစီးနေရာကို တွေ့ ကြရသေးသည်။

ဘီးလင်းမြို့နယ် အတွင်းရှိ ဇုတ်သုတ်ရွာ အနီးတွင် လည်း ရှေးမြို့ဟောင်း အဆောက်အအုံများကို တူးဖော် တွေ့ရှိရသည့်ပြင်၊ စေတီပုထိုးများတွင်လည်း ကျောက်စာများကို တွေ့ရသည်။ အထက်တွင် ဖော်ပြခဲ့သော ကုသိဇ္ဈာရုံဘုရား သည် သောဏထေရ်နှင့် ဥတ္တရထေရ်တို့ကို အကြောင်းပြုပြီး ဘရားဆံတော်ဌာပနာရာ တန်ခိုးကြီးဘုရား ဖြစ်လေသည်။[၁]


ပညာရေး[ပြင်​ဆင်​ရန်​]

ဘီးလင်းမြို့နယ်၌ အထက်တန်းကျောင်း ၂ ကျောင်း ရှိသည်။ မူလတန်းကျောင်းပေါင်း များစွာရှိသည်။ ထို့ပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများစွာလည်း ရှိသည်။

ကိုးကွယ်ယုံကြည်မှု[ပြင်​ဆင်​ရန်​]

အများစုမှာဗုဒ္ဓဘာသာကိုးကွယ်သူများ ဖြစ်ကြသည်။ မြောက်ဘက်တွင် ကုသိနာရုံတောင်၊ ဒေးခင်တောင်တို့ ရှိသည်။ ဘီလင်းမြို့ အလယ်ပိုင်းတွင် ဘီးလင်းချောင်းရှိပြီး မိုးရာသီ၌ ရေကြီးလေ့ရှိသည်။ မြို့၏ မြောက်ဘက်မှ ကရင်ပြည်နယ် ဖားအံမြို့သို့ သွားရာလမ်းရှိသည်။

စီးပွားရေး နှင့် လူမျိုးများ[ပြင်​ဆင်​ရန်​]

ဗမာလူမျိုး၊ ကရင်လူမျိုးများ အများဆုံး နေထိုင်ကြသည်။ ဝလူမျိုးပအို့ဝ်လူမျိုးများလည်း နေထိုင်ကြသည်။ အများစုမှာ ဥယျာဉ်ခြံမြေ ကို လုပ်ကိုင်ကြပြီး ရာဘာစိုက်ပျိုးရေ:လည်း ထွန်းကားသည်။ မြို့၏ အနောက်ဘက်တွင် သကြားစက်တာယာစက်ရုံ၊ တို့ ရှိသေးသည်။ အဓိက ထွက်ကုန်များမှာ ရော်ဘာ၊ တောင်ထန်း၊ သစ်၊ ဆီအုန်း၊ တာယာ၊ ကြံ၊ သကြား စသည်တို့နှင့် အခြား လူသုံးကုန် ပစ္စည်းများ ဖြစ်ကြသည်။

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)


Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။