ဘီး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဘီး[ပြင်​ဆင်​ရန်​]

ဘီးဟူသည်မှာ ဝင်ရိုးပေါ်၌ လည်နိုင်သော ချပ်ပြားဝိုင်း၊ သို့မဟုတ် အဝိုင်းခွေကိုဆေးဆိုး၍ မြန်မာစာအားဖြင့် ဘီး ဟုရေးသားသော်လည်း ပြောဆိုရာ၌မူ ဘိန်း ဟုခေါ်ဝေါ် သုံးစွဲကြသည်။ လူတို့သည် ကမ္ဘာဦးခေတ်အခါ မှစ၍ လူမူရေးအတွက်အမျိုးမျိုးသော ကြံစည်တီတွင်မူများကို ပြုခဲ့ ကြရာ၊ ဘီးကိုတီတွင် ကြံစည်ခဲ့ခြင်းသည် လူ့လောက အတွက် အထူးသဖြင့် သယ်ယူပို့ဆောင်ရေးဘက်တွင် အရေးပါ အကျိုးပြုလှသော တီထွင်ချက်တစ်ရပ် ဖြစ်ခဲ့လေသည်။

ဘီးကိုမည်သည့်ခေတ်အခါက တီထွင်ခဲ့သည်ဟု အတိအကျ မခန့်မှန်းနိုင်သော်လည်း၊ အချို့ကလွန်ခဲ့သော နှစ်ပေါင်း ၉ဝဝဝ ခန့်လောက်က ဖြစ်မည်ဟု အကြမ်းဖျင်း အားဖြင့် ခန့်မှန်းကြသည်။ ဘီးကိုစတင်တီထွင် ကြခြင်းမှာ လေးလံသော အရာဝတ္ထုကြီးများကို တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းနိုင်ရေးအတွက် ဖြစ်သည်။ ဘီးမပေါ်မီခေတ်က ရှေးလိူတို့ကို ခုပေးပြီးလျှင်၊ ဒလိမ့်ကဲ့သို့လှိမ့်ပေးကာ၊ ထိုအရာဝတ္ထုကြီးကို ဆွဲယူကြသည်။ ယင်းသို့ဒလိမ့်တုံးခံ၍ ဆွဲယူရာမှ စွတ်ဖားပြောင်းကြသည။ ဘီးကို စတင်တီထွင် ခဲ့သော ပုဂ္ဂိုလ်သည် သစ်တုံး ဒလိမ့်ကို အခြေခံပြု၍ သစ်တုံးကို ပါးပါဖြတ်ချသောအခါ ချပ်ပြားဝိုင်းများ ရရှိသည်။

ထိုချပ်ပြားဝိုင်းများကို တုတ်ချောင်း၊ သို့မဟုတ် တိုင်တစ်လုံး ၏ တစ်ဖက် တစ်ချက်တွင် လည်နိုင်အောင် တပ်ဆင်သော အခါ ဘီးနှင့် ဝင်ရိုးအခြေခံကို စတင်တီထွင်ချက် ဖြစ်လာ သည်။ ယင်းတို့ကို စွတ်ဖား၌ တပ်ဆင်သောအခါ ဘီး၊ ဝင်ရိုး နှင့် လှည်းအခြေခံကို စတင်ခြင်း ဖြစ်လေသည်။

ယင်းတီထွင်မှုသည် လူ့ယဉ်ကျေးမှု သမိုင်းတွင် ကြီး စွာသော တိုးတက်မှုတစ်ရပ် ဖြစ်ခဲ့ပေသည်။ ကျွနု်ပ်တို့ အထောက်အထား တွေ့ရသမျှ ရှေးအကျဆုံးဟု ယူဆရသော ဘီးကို အီရက်နိုင်ငံ၊ ကစ်ရှုမြို့၌ တူးဖော်ရရှိခဲ့ရာ၊ ရှေးခေတ် ဗက်ဗီလုံးနီးယား နိုင်ငံ၌ အသုံးပြုခဲ့သော သစ်သားဘီးဖြစ်၍ ကြေးနီဘီးခွေ တပ်ထားသည်ကို တွေ့ရသည်။ ဗက်ဗီလုံးလူမျိုး တို့သည် ဘီးမှအပိုသစ်သားများကို ခုတ်ချဖယ်ထုတ်ပြီးလျှင် ဘီးထောက်များသာ ပါသည့် ပေါ့ပါးသော ဘီးများကိုလည်း အသုံးပြုခဲ့ကြောင်း အထောက်အထား တွေ့ရသည်။ ရှေးအီဂျစ် လူမျိုးတို့သည် ဘီးခွေတွင် သားရေတိုင်ယာကို သားရေကြိုး ကြမ်းများဖြင့် ချည်၍ အသုံးပြုခဲ့ကြောင်းကိုလည်း တွေ့ရသည်။

ဂရိနှင့် ရောမတို့ခေတ်တွင် ရထားဘီးများကို လှပအောင်မွမ်းမံ ခြယ်လယ် အသုံးပြုခဲ့ကြသည်။ သို့သော် ယခုခေတ် တိုင်အောင် မဖွံ့ဖြိုး မတိုးတက်သေးသော အချို့နိုင်ငံများ၏ အချို့အရပ်ဒေသများတွင် သစ်သားချပ်ပြား ဘီးတပ်သော နွားလှည်းများကို အသုံးပြုနေဆဲ ဖြစ်လေသည်။ ယခုခေတ် ယာဉ်ရထားများ၏ ဘီးများသည် ဆိုခဲ့ သော ဒလိမ့်တုံးတပ် စွတ်ဖားအခြေအနေမှ အဆင့်ဆင့် တိုးတက်လာကြခြင်း ဖြစ်သည်။ သယ်ယူပို့ဆောင်ရေး သမိုင်းတွင်လမ်းများ၏ အခြေအနေကို လိုက်၍ ဘီးများကို လည်း တဖြည်းဖြည်း တိုးတက်ပြုပြင်လာကြသည်။

သစ်သားချပ်ပြားဘီးမှ၊ ဘီး၏ အလယ်ချက်ပုံတောင်း ပတောင်း မှ ဘီးထောက်များဖြင့် ဘီးခွေကို ထောက်ကန် ထားသော ဘီးများခေတ်သို့ရောက်လာသည်။ ယာဉ်ရထားများ လည်း အမျိုးမျိုး ဖြစ်လာသဖြင့် လှည်း၊ ရထား အမျိုးအစားကို လိုက်၍ ဘီးများကိုလည်း ခွဲခြား ပြုပြင်လုပ်ကိုင်လာကြသည်။ ထိုအခါတွင် ဘီးလုပ်သမားတို့အတွက် ပညာကျွမ်းကျင်မှု၊ တိကျသေချာစေ့စပ်မှု၊ အချိန်အဆ မှန်ကန်မှုများ အလွန် လိုအပ်လာသည်။ အကြောင်းမူ လေးလံသော ဝန်ဆွဲသည့် လှည်း၏ ဘီးနှင့် မင်းစိုးရာဇာ သူဌေးသူကြွယ်တို့၏ ကြော့မော့သော လှည်းယာဉ်၊ ကြွားဝါသော ရထားတို့၏ ဘီးတို့သည် လေးလံ သော ဝန်ကိုဆွဲနိုင်ရန်နှင့် သွက်လက် ပေါ့ပါးရန်ဟူ၍ သဘောခြားနားလာသောကြောင့် ဖြစ်သည်။ ယင်းသို့ခြားနားသော သဘောအရ ဘီးတို့ကို ချင့်ချိန်ကြံဆ ခွဲခြားလုပ်ကိုင်ရန် လိုအပ်လာသောကြောင့် ဘီးလုပ်သမားတို့၏ ပညာသည် ကျယ်ပြန့်နက်နဲလာလေသည်။

မော်တော်ကား၊ မီးရထားခေတ်သို့ရောက်လာသော အခါတွင်မူ ဘီးများသည် အလွန်ခြားနားစွာ တိုးတက်ခဲ့ လေပြီ။ စက်ဘီး၊ မော်တော်ကား၊ မီးရထားဘီးများကား သစ်သားဘီးများ မဟုတ်တော့ချေ။ သတ္တုဘီးများဖြစ်ကြ၍ အချင်းအားဖြင့် သေးငယ်ကြလေသည်။ ထိုပြင် ချောမွတ် မာကျောသော လမ်းပေါ်တွင် လျင်မြန်စွာ လိမ့်နိုင်ရန် စက်ဘီး၊ မော်တော်ကားများ၏ ဘီးခွေတွင် လေထိုးထားသော တိုင်ယာ များနှင့် ဖြစ်လာကြသည်။ သို့တိုင်အောင် လှည်းနှင့် ရထား ဘီးလုပ်သမားများကား သစ်သားဖြင့်ပင် ဆက်လက်လုပ်ကိုင်ဆဲ ဖြစ်ရာ ယင်းတို့၏ ပညာသည် မှေးမှိန်၍ လာလေသည်။

စက်မှုလက်မှု လုပ်ငန်းများတွင်လည်း ဘီးများသည် အလွန်အရေးပါ အရာရောက်ကြပေသည်။ စက်များ လှုပ်ရှား လည်ပတ်အောင် ဘီးများက ဆောင်ရွက်ပေးကြရသည်။ စက်၏ အဟုန်ကိုလည်း ထိန်းပေးရသည်။ စက်အဖွဲ့တွင် အားထိန်း ဘီးများ၊ ခွေးသွားစိပ်ဘီးများ၊ စက်မောင်းဘီးများသည် အရေး ပါသော စက်ကိရိယာ အစိတ်အပိုင်းများ ဖြစ်ကြလေသည်။

နာရီလုပ် သမားများသည် နာရီများ တီးသံမြည်ရန်၊ အချိန်ပြရန်အတွက် ကိရိယာကို စူးစမ်းရှာဖွေကြရာ ဘီးများ သည် ထိုဆရာတို့အလိုရှိသော လုပ်ငန်းများကို ဆောင်ရွက် ပေးနိုင်ကြောင်း ကံအားလျော်စွာ အဆင်သင့် သွားတွေ့ကြ သည်။ သို့သော် ဘီးများတွင် အံထစ်များ၊ သို့မဟုတ် အသွားများ တပ်ဆင်ပေးရန် လိုအပ်ကြောင်း တွေ့ရ သည်။ ယင်းတို့ကို တပ်ဆင်ပုံ တပ်ဆင်နည်းကို နာရီဆရာ တို့သည် ရေရဟတ်၊ လေရဟတ်နှင့် ကျောက်မီးသွေးများ၌ ကျောက်မီးသွေး မတင်သည့် မောင်းစက်များမှ ဘီးများကို နမူနာ ယူရသည်။ ဆိုခဲ့သော ရဟတ်များ၊ မောင်းများမှ သစ်သားဘီးများတွင် သစ်သား အသွားများကို တစ်ခြား သက်သက် ရိုက်သွင်းကာ စရွေးကိုက်၍ ပြုလုပ်ကြသည်။ နာရီ ဆရာတို့သည် သံဘီးများတွင် သံအသွားများကို သက်သက်ရိုက်သွင်း အသုံးပြု ခဲ့ကြသည်မှာ နှစ်ပေါင်း ရာနှင့် ချီ၍ ကြာရှည်ခဲ့သည်။ နောင်အခါတွင်မှ အသွားတပ်ပြီး ဘီးများကို သွန်းသံဖြင့် ပြုလုပ်နည်းကို တီထွင်အောင်မြင်ခဲ့ ကြသည်။

နာရီဆရာတို့သည် နာရီသေးများအတွက် ကြေးဝါကို လည်းကောင်း၊ မျှော်စင်နာရီကြီးများအတွက် သံကို လည်းကောင်း ခွေးသွားစိပ် ဘီးများရအောင် ပုံသွင်းလုပ်ကိုင် ကြသည်။ ချပ်ပြားဝိုင်းမှ အသွား များ၊ သို့မဟုတ် အထစ် များ ဖြတ်ထုတ်ရန် တွင်ခုံ တစ်မျိုးကိုလည်း တီထွင်ခဲ့ကြ သည်။ သို့တိုင်အောင် ၁၈ ရာစု ခေတ်အထိ ထိုခွေသွားစိပ်ဘီး များ လုပ်ကိုင်သော လုပ်ငန်းသည် တိကျမှုကို လိုအပ်သဖြင့် နာရီပေါင်းများစွာကြာအောင် လုပ်ကိုင်ရသော လက်ဝင်သည့် လုပ်ငန်းတစ်ခု ဖြစ်ခဲ့လေသည်။ ထို့ကြောင့် သံထည်ဖြင့် ပြုလုပ်သည့် ကြီးမားသော ဘီးများတွင် အသွားတပ်ခြင်းကို တစ်ခြားသက်သက် ပြုလုပ်ခဲ့ကြလေသည်။

မည်သို့ပင် ဖြစ်စေ လက်ပတ်နာရီခွေးသွားစိပ်ဘီး၊ ကြီးမားသော စက်ကြီးတစ်စက်မှ အားထိန်းဘီး၊ မော်တော် ကားဘီး၊ စက်သီး


စသည်တို့သည် ရှေးရှေးခေတ်မှ ဒလိမ့်တုံး၏ အခြေခံ သဘောကိုယူ၍ တိုးတက်တီထွင်မှုများ ဖြစ်ခဲ့ကြသည်။ ထို့ကြောင့် ဘီးကိုတီထွင်မှုသည် လူ့ယဉ်ကျေးမှု သမိုင်းတွင် အကျိုးအပြုဆုံး၊ အခြေခံ အကျဆုံးသော တီထွင်မှုတစ်ရပ်ဟု ခေါ်ဆိုရပေမည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)