ဘို့မယ်၊ ရှင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဘို့မယ်၊ ရှင်[ပြင်​ဆင်​ရန်​]

ရှင်ဘို့မယ် သည် အင်းဝခေတ် မင်း(၅)ပါး (ပထမမင်းခေါင်သီဟသူမင်းလှငယ်ကလေးကျေးတောင်ညိုနှင့်မိုးညှင်းသတိုး) တို့၏ မိဖုရား ဖြစ်သည်။

မင်းဆက်ငါးသွယ်၊ ရှင်ဘို့မယ်၊ နန်းလယ်တင့်သည်သာဟု ကဝိလက္ခဏာ သတ်ပုံတွင် ရည်ညွှန်းစပ်ဆိုခံရလောက်အောင် မင်း(၅)ဆက်တိုင်တိုင် မိဖုရားတင်မြှောက်ခံရသူ ဖြစ်သည်။ စလေဦးပုညက အိုတယ်သာဆိုရအစချီသော တေးထပ်တွင် ရှင်ဘို့မယ်ထားသက်နှင်း၊ ငါးဆက်မင်း၊ မြောက်သည့်ပုံလိုဟူ၍၎င်း၊ အချုပ်တန်းဆရာဖေက ရှင်ဘို့မယ် တစ်သက်၊ မင်းဆက်ကငါးသွယ်၊ နှင်းမပျက် စလျားခြယ်သည်၊ ထားတသွယ်ဥဒါန်းဟူ၍၎င်း အသီးသီး စပ်ဆိုတော်မူကြသည်။ [၁] ရှင်ဘို့မယ်ကား ပင်းယခေတ်တစ်စီးရှင် သီဟသူ၏ မြစ်၊ မင်းကြီးစွာစော်ကဲ၏ တူဖြစ်သော သိင်္ခသူငယ်နှင့် မင်းကြီးစွာစော်ကဲ၏ သမီးတော်ဇာလာကဒေဝီတို့ စုံဖက်ရာမှ မြင်သောသမီးတော်ဖြစ်သည်။ ရှင်ဘို့မယ်ကား ရုပ်အဆင်းလှသည်။ မာန ခက်ထန်သည်။ ရက်စက်လေသည်။

(၁)ပထမမင်းခေါင်[ပြင်​ဆင်​ရန်​]

ရှင်ဘို့မယ် ၈ နှစ်အရွယ်တွင် အင်းဝပထမမင်းခေါင်( ၇၆၇-၇၈၃ ) က မိဖုရားမြှောက်၍ တောင်ညာတင်သည်။ ၇၆၉ ခုနှစ်တွင် မွန်တို့ပြည်သို့ဘုရင်မင်းခေါင် စစ်ချီရာတွင် မိဖုရားရှင်ဘို့မယ်နှင့် မိဖုရား ရှင်မိနောက်တို့လည်း ပါသွားသည်။ စားရေးရိက္ခာ မလုံလောက်၍ မြန်မာတပ်များ တပ်ဆုတ်သည်ကို မွန်တို့အပြင်းအထန် လိုက်တိုက်ရာ ရှင်မိနောက်ကို ဆင်နှင့်တကွ မွန်မင်းရာဇာဓိရာဇ် ရလိုက်သည်။ ရှင်ဘို့မယ်မှာမူ ဆင်ထက်မှ လျောကျ၍ ချောင်းနားတွင် ကျန်ခဲ့သည်ကို ဆင်လေးသဖြင့်နောက်မှ ဖြည်းဖြည်းလိုက်လာသူ ဆင်ကဲတွေ့၍ ဆောင်ယူခဲ့ရသည်။ ရှင်ဘို့မယ်နှင့် ဆင်ကဲကို ဘုရင်မင်းခေါင်း ယုံကြည်တော်မမူသဖြင့် ဆင်ကဲအားကွပ်သည်။ နောက်မှ မှား ကြောင်းသိသည်။ ဆင်ကဲနှင့် ဘို့မယ် အဖြစ်အပျက်ဇာတ်လမ်းကို အလွမ်း အသောကလေးများ ဖြည့်၍ ဇာတ်ကပြကြသဖြင့် လူသိများလေသည်။ ဦးကုလားမဟာရာဇဝင်၌ကား ဘို့မယ်ဟု မဆို၊ မောင်းမငယ် တစ်ဦးဟုသာ ဆိုသည်။

(၂)ဆင်ဖြူရှင် သီဟသူ[ပြင်​ဆင်​ရန်​]

ဘုရင် ပထမမင်းခေါင် နတ်ရွာစံသောအခါ မိဖုရားရှင်မိနောက်တွင် မြင်သော သားတော် ဆင်ဖြူရှင် သီဟသူ (၇၈၃-၇၈၇)နန်းတက်၍ ရှင်ဘို့မယ်အားပင် ဆက်လက်မိဖုရား မြှောက်သည်။ ဆင်ဖြူရှင် သီဟသူတွင် မိဖုရားကြီး စောမင်းလှ ရှိသော်လည်း သီဟသူသည် ရှင်ဘို့မယ်အား သာလွန်စွာ မြတ်နိုးယုယတော်မူသဖြင့် မိဖုရားစောမင်းလှသည် နန်းတွင်းမှဆင်း၍၊ ရွှေစေတီအနောက်ဘက်၌ တန်ဆောင်းကြီး ဆောက်နေလေသည်။ ထို့ကြောင့် မိဖုရား စောမင်းလှကို ရာဇဝင်များ၌ တန်ဆောင်းရှင် စောမင်းလှဟု တွင်ခြင်းဖြစ်သည်။ သို့ရာတွင် ၇၈၄ ခုနှစ်တွင် မွန်မင်းသမီးရှင်စောပု ရောက်လာသောအခါ၊ သီဟသူသည် ရှင်ဘို့မယ်အား မေ့အလျော့ထား၍ ရှင်စောပု ကိုသာ ယုယတော်မူလှသဖြင့် ရှင်ဘို့မယ်သည် စိတ်နာကာ အုန်းဘောင်လယ်သံဘွားထံသို့ စေသည်။ သီဟသူသည် အောင်ပင်လယ် အရပ်၌ ကိုယ်လုပ်၊ မောင်းမနှင့် ပျော်ပါးနေခိုက် လုပ်ကြံပြီးလျှင် အင်းဝရွှေနန်းကို တက်၍ မင်းပြုပါမည်ဟု မှာသည့်အတိုင်း အုန်းဘောင်လယ်သံဘွား အလုံးအရင်းနှင့် ချီလာကာ ဆင်နှင့်တိုက်သည်။ သီဟသူလည်း ရဲခက်စံလှဟူသော ဆင်ကိုစီး၍ ခံတော်မူသည်တွင် မခံနိုင်ချေ၍၊ ဆင်တော် ညွံသို့ကျလျှင် ကိုယ်တော်ကိုလည်း မြား ၃ ချက်သင့်လေသည်။ ဆင်ဖြူရှင် ကံကုန်လျှင် အမှူးမတ်တို့စည်းရုံး၍ ရှမ်းတို့ကိုတိုက်ရာ၊ ရှမ်းတို့ပြေးရသဖြင့် အုန်းဘောင်လယ်သံဘွား အင်းဝနန်းကို မရချေ။

(၃)မင်းလှငယ်[ပြင်​ဆင်​ရန်​]

၇၈၇ ခုနှစ် တော်သလင်းလတွင် ခမည်းတော်၏ အရိုက်အရာကို တန်ဆောင်းရှင် စောမင်းလှ သားတော် မင်းလှငယ် ဆက်ခံသည်တွင် ရှင်ဘို့မယ်အား ထုံးစံအတိုင်း ဆက်လက် မိဖုရားမြှောက်သည်။ နန်းတက်စဉ်က မင်းလှငယ်သည် အသက် ၉ နှစ်မျှသာ ရှိသေးသည်။ ရှင်ဘို့မယ်သည် ရှေးက ရည်ငံရင်းရှိသော ကလေးကျေးတောင်ညိုအား အလျင်ချီလာရန် အခေါ်လွှတ်သဖြင့် ချီလာသော် မင်းလှငယ်အား အဆိပ်ကျွေး သတ်ကာ ကလေးကျေးတောင်ညိုအားနန်းတင်သည်။

(၄)ကလေးကျေးတောင်ညို[ပြင်​ဆင်​ရန်​]

ရှင်ဘို့မယ် မိဖုရား ဖြစ်ပြန်သည်။ ၇၈၇ ခုနှစ် နတ်တော်လတွင် ကလေးကျေးတောင်ညို နန်းတက်စ၌ပင် မိုးညှင်းစားသတိုး အင်းဝသို့ချီလာသဖြင့် ကလေးကျေးတောင်ညိုမင်းသည် ဘယဂါမဏိကိုရှေ့တည်စေပြီးလျှင် အလုံးအရင်း ဆင်မြင်းနှင့် တကွ မိဖုရားဘို့မယ်ကို ယူ၍ ညဉ့်တွင် ရခိုင်ဘက်သို့ပြေးတော်မူသည်။ ရခိုင်သို့မရောက်မီ ပဲလွန်တောင်သို့ရောက်လျှင် ရုတ်တရက် နာမကျန်းဖြစ်၍ လွန်သည်။ ဘို့မယ်သည် ဟံသာဝတီသို့ပြေးဝင်ရန် အကြံပြုသော် လည်း၊ ရာဇဘိသေကခံ မိဖုရားကို နောက်ဆက်၍ မင်းပြုသော မင်းတို့သည် မရှုတ်မချဖူးလေ၊ ဤတွင်ပင် ပြည်ထဲရေးကို မျှော်တင်း၍နေတော်မူသင့်သည်ဟု လျှောက်သဖြင့် မန်းစက်တော်ရာတွင် တပ်တည်၍ အလုံးအရင်းနှင့်နေသည်။

(၅)မိုးညှင်းသတိုး[ပြင်​ဆင်​ရန်​]

၇၈၈ ခုနှစ်တွင် မိုးညှင်းမင်းတရား အင်းဝရွှေနန်းကို သိမ်းပိုက်ပြီးနောက် မန်းစက်တော်ရာတွင် အလုံး အရင်းနှင့်နေသော မိဖုရား ဘို့မယ်ကို ဝေါ၊ ရွှေလှေ စသည်တို့ဖြင့် ဆောင်ယူ၍၊ ဘယဂါမဏိကို သံခြေကျဉ်းနှင့် ဆောင်ယူခဲ့သည်။ မင်းတရားကြီးက ရှင်ဘို့မယ်ရောက်လျှင် ကိုယ်တော် မကျန်းသည်ကို စမ်းသပ်၍ မေးတော်မူသည်ကို ရှင်ဘို့မယ်က ကျွန်စော်နံသည်ဟု ဆိုသည်။ မိုးညှင်းမင်းတရားကား အင်းဝ ပထမမင်းခေါင် မင်းသားဘဝက အလုပ်အကျွေးအဖြစ် လိုက်နေသော မင်းဥဒိန်ဖြစ်သောကြောင့် ရှင်ဘို့မယ် ဤသို့ဆိုခြင်းဖြစ်သည်။ ရှင်ဘို့မယ်အား အင်းဝနန်းတွင်းတွင် သာယာစွာ အိမ်ဆောက်၍ နေတော်မူစေသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ယင်းသို့လျှင် အင်းဝပထမ မင်းခေါင်မှ မိုးညှင်းမင်းတရား လက်ထက်တိုင်အောင် မင်း ၅ ဆက်လုံး မိဖုရားတင်မြှောက်ခံရသော ရှင်ဘို့မယ်သည် မိုးညှင်းမင်းလက်ထက် အင်းဝတွင် ကံကုန်သည်။ မိဖုရား ဘို့မယ်တွင် သားသမီး ထွန်းကားသည်ဟု သမိုင်းများ၌ မရှိပါချေ။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဦးဖိုးကျား၏ ခေတ်မှီ မြန်မာရာဇဝင်အကျဉ်း
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)