ဘိုကလေးမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဘိုကလေးမြို့[ပြင်​ဆင်​ရန်​]

ဘိုကလေးမြို့သည် အောက်မြန်မာနိုင်ငံ ဧရာဝတီတိုင်းဖျာပုံခရိုင်အတွင်းရှိ ဘိုကလေးမြို့နယ်၏ရုံးစိုက်မြို့ဖြစ်သည်။ ခုန်ညင်းတန်းမြစ်နှင့် ကျိုက်ပိမြစ်တို့ပေါင်းဆုံရာ အရပ်၌ ခုံညင်းတန်းမြစ်၏ မြစ်ကွေ့လက်ဝဲ ဘက်ကမ်းပေါ်တွင် မြို့တည်ထားသည်။ မြစ်အကွေ့ပေါ်၌ တည်ထားသော မြို့ဖြစ်၍၊ မြစ်ကို နှစ်ဖက်မျက်နှာ စာပြုထားသည်။ ပင်လယ်ကမ်းရိုးတန်း မြို့နယ်အတွင်း၌ ရှိသော ဘိုကလေးမြို့သည် ပင်လယ်မှ ၄၃- မိုင်ခန့်ကွာဝေးသည်။


ဖျာပုံခရိုင်အတွင်း လူဦးရေအများဆုံးနှင့် အရောင်းဝယ် စည်ကားဆုံးမြို့ဖြစ်လေသည်။ ဘိုကလေးဟု ခေါ်တွင်ခဲ့ခြင်းမှာ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ-၇ဝ ခန့်က ယခုဘိုကလေးမြို့၏ တစ်ဖက်ကမ်းတွင် သာပေါင်းရွာကြီးဟူ၍ ရှိသည်။ ထိုစဉ်က ဘိုကလေးမြို့ဘက်တွင် ဆင်နေကျားအောင်း မြက်တိုကွင်းနှင့် ကနစိုတောကြီးမျှသာ ဖြစ်နေသည်။ အင်္ဂလိပ်ကပြား မဲလိုက် မုဆိုးတစ်ဦးသည် ယခုမြို့တည်ထားသည့် နေရာနှင့် မနီးမဝေးနတ်ချောင်းခေါ်သည့် ချောင်းဝတွင် ဗိုလ်တဲသဏ္ဌာန် အိမ်ကလေးဆောက်၍နေသည်။ အနီးအနား နတ်ချောင်းကမ်းစပ် တွင်လည်း တဲလေးငါးလုံးရှိသည်။ ထိုတဲအိမ်ကလေးများနှင့် အမဲလိုက် ကပြားတို့နေထိုင်ရာ အစုကို အမဲလိုက် အင်္ဂလိပ်ကပြားကို အစွဲပြုပြီးလျှင် ဗိုလ်ကလေးစုဟုခေါ်သည်။ အရပ်ရပ် အနယ်နယ်မှ သစ်ခုတ် ထင်းခုတ်လာကြသော လှေသန်တို့သည် သေနတ်လက်နက်ရှိရာ ဗိုလ်ကလေးအစု၌ ရပ်နားခိုလှုံကြသည်။ ယင်းသို့ဖြင့် ထိုအိမ်စုကို လူသိများ၍ လာရောက် နေထိုင်ကြသူများလည်း တဖြည်းဖြည်း များပြားလာသဖြင့်ရွာဖြစ်လာသောကြောင့် ဗိုလ်ကလေးရွာ၊ ထိုနောက် မြို့ဖြစ်လာကာ၊ ဗိုလ်ကလေးမြို့( ဘိုကလေးမြို့) ဟု တွင်လာခဲ့သည် ဟု ဆိုကြလေသည်။


ဘိုကလေးမြို့နယ်သည် ဖျာပုံခရိုင်အတွင်း အနောက်တောင်ဘက်ကျသော မြို့နယ်ဖြစ်သည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသဖြစ်၍ မြေနိမ့် မြေပြန့်များ ဖြစ်ပြီးလျှင်မြစ်ချောင်း ပေါများသည်။ ခုန်ညင်းတန်းမြစ်နှင့် ကျိုက်ပိမြစ်တို့ပေါင်းဆုံပြီးနောက်၊ တောင်ဘက်သို့ဆက်လက်စီးဆင်းရာ ထိုအခါတွင် ဘိုကလေးမြစ်ဟု ခေါ်တွင်၍ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဝင်သည်။ ထိုမြစ်သည် ပင်လယ်ပိုင်းသို့စီးဆင်းရာတွင် အောက်မြန်မာနိုင်ငံ ရေငန်ပိုင်း၌ ထင်ရှားလှသော ရေငံပိုင် ဦးရှင်ကြီးနတ်နှင့် စပ်လျဉ်းသည့် ကျွန်းညိုကြီးမိန်းမလှကျွန်းဆတ်ကျွန်းစသော စိမ်းစိုသာယာသော ကျွန်းများကို ဖြတ်သန်းသွားလေသည်။ ဘိုကလေးမြို့၏ အနောက်ဘက်တွင် နတ်ချောင်းခေါ်သော ချောင်းကြီးသည် ခုန်ညင်းတန်းမြစ်အတွင်းသို့ စီးဝင်လေသည်။


ဘိုကလေးမြို့နယ်၏ ထက်ဝက်သာသာမျှသောဒေသများသည် ထင်းတောများ ဖြစ်ကြသည်။ မြေနုကျွန်း ပေါ်ဒေသဖြစ်၍၊ ကနစို၊ ကြတ်နံ၊ ကန့်ပလာ၊ မြင်းက၊ ဗျူး၊ လမုစသော ထင်းတောများ ပေါက်ရောက်သည်။ ထို့ကြောင့် ဘိုကလေးမြို့နယ်၏ အဓိက ထွက်ကုန်တစ်မျိုးသည် ထင်းဖြစ်သည်။ အစိုးရကြိုးဝိုင်း ထင်းတောများ ဖြစ်၍၊ ထင်းတော များ မပြုန်းရလေအောင်၊ ထင်းခုတ်ယူနိုင်ရန် ကြိုးဝိုင်းထင်းတောများကို အလှည့်ကျ ဖွင့်ပေးရသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ် တစ်ခုလုံး၌ သုံးနေကြသော ထင်းများသည် များသောအားဖြင့် ဘိုကလေးမြို့နယ် ထွက် ဖြစ်ကြသည်။ ထိုပြင် မီးသွေးလည်း ဖုတ်၍ တင်ပို့ရောင်းချသဖြင့် ရန်ကုန်တွင် ဘိုကလေးမီးသွေးကို လူသိများသည်။ ကနေစို ဒုသစ် ကြီးများကို အိမ်သုံး၊ ကျောင်းဆောက်သစ်အဖြစ် သုံးနိုင်ရန် သစ်စက် ၁၅ စက်ဖြင့် ခွဲစိတ်တင်ပို့ရောင်းချလေသည်။


အခြားအရေးပါသော ထွက်ကုန်မှာ ဆန်စပါးဖြစ်သည်။ မြို့၏ ဆင်ခြေဖုံးနှင့် မြို့နယ်အတွင်း ဆန်စက်များ ၂၁ ကျော် ၃ ခန့်ရှိသည်။ ပင်လယ်ဆိပ်ကမ်းရွာကြီးများ ဖြစ်ကြသော ဧရာရွာအမာရွာကဒုံကနိရွာကြီးများမှ ငါးပိငါးခြောက်ငံပြာရည်စသော ပင်လယ်ထွက်ကုန်များကို အကြီးအကျယ် လုပ်ကိုင်ကြသည်။ ကိုင်းသောင်၊ သောင်ကတုံး စသော ပင်လမ်ကမ်းရိုးတမ်းရှိ သဲသောင်ကြီးများမှ လိပ်ဥများကိုလည်း မြောက်မြားစွာ ရရှိလေသည်။

ဘိုကလေးမြို့နယ်၏ အကျယ်အဝန်းသည် ၁ဝ၈၈-စတုရန်းမိုင်ဖြစ်၍ ဖျာပုံခရိုင်အတွင်း အကျယ်ဝန်းဆုံးသောမြို့နယ်ဖြစ်သည်။ သူကြီးတစ်ပိုင်းကျေးရွာပေါင်း ၇၆ ရွာ ပါဝင်၍၊ မြို့နယ်တစ်ခုလုံး၏ လူဦးရေသည် ၁၃၁၁၈၅-ယောက် ( ၁၉၅၆ ခုနှစ် ခန့်မှန်းခြေ သန်းခေါင်စာရင်း)ဖြစ်သည်။ မြို့ပေါ်ရှိ လူဦးရေမှာ ၂၃၂၁၁-ယောက် ( ၁၉၅၃ ခုနှစ် သန်ကောင်စာရင်း) ဖြစ်သည်။ မြို့ပေါ်နှင့် မြို့နယ်အတွင်း နေထိုင်ကြသော လူမျိုးများ အနက် ဗုဒ္ဓအယူဝါဒီ မြန်မာလူမျိုးများ၏ ဦးရေသည် အများဆုံးဖြစ်၍၊ ကရင်၊ တရုတ်နှင့် အိန္ဒိယလူမျိုးများလည်း ရှိလေသည်။

မြို့နယ်အတွင်း ပူအိုက်စိုစွတ်သော ရာသီဥတုရှိ၍၊ မိုးရာသီအခါ မိုးများလေသည်။ မြစ်ချောင်းပေါများသော အရပ်ဒေသဖြစ်၍ မြို့နယ်အတွင်း၌ လည်းကောင်း၊ မြို့နယ်မှ အပသို့လည်းကောင်း ရေလမ်းခရီးဖြင့် သွားလာကူးသန်းခြင်းကို ပြုလုပ်ကြသည်။

ရန်ကုန်-မော်လမြိုင်ကျွန်း (မြောင်းမြ ခရိုင်) သွား ပရသဖ အဖွဲ့ပိုင် သင်္ဘောများသည် ဘိုကလေးမြို့နှင့် ဘိုကလေးမြို့နယ်အတွင်းရှိ မြင်းကကုန်းရွာကြီး ကို ဖြတ်သန်းသွားသည်။

ထိုသင်္ဘောများသည် ဖျာပုံခရိုင်၏ နယ်ပိုင်ရုံးစိုက်မြို့ဖြစ်သော ကျိုက်လတ်မြို့၌ ရပ်နားသည်။ ဖျာပုံမြို့နှင့် ဘိုကလေးမြို့သို့ ရက်ခြားခုတ်မောင်းသော ပရသဖသင်္ဘောများလည်း ရှိသည်။ ထို့ပြင် မြို့နယ် အတွင်းနှင့် အပသို့သွားလာခုတ်မောင်းသော ပုဂ္ဂလိကပိုင် သင်္ဘောများလည်း ရှိလေသည်။

ဘိုကလေးမြို့သည် ဗြိတိသျှ တစ်ခေတ်လုံး ဒိစကြိတ်ကောင်စီ အုပ်ချုပ်ရေးဖြင့်သာ ရှိနေခဲ့ရာ ၁၉၅၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှစ၍ မြူနီစီပယ် အုပ်ချုပ်ရေးသို့ ပြောင်းခဲ့လေသည်။

ဘိုကလေးမြို့တွင် အထက်ပိုင်းနှင့် အောက်ပိုင်းဟူ၍ ရပ်ကွက်ခွဲခြားထားသည်။ မြို့ပေါ်၌ မြို့ပိုင်ရုံး၊ သမဝါယမရုံး၊ အစိုးရတန်းမြင့်ကျောင်း၊ အလယ်တန်းကျောင်း၊ ဆေးရုံ၊ ရဲဌာန စသော အစိုးရအဆောက်အအုံများ ရှိသည်။ ကြီးကျယ်ထင်ရှားသော အဆောက်အအုံများမှာ သာသနိက အဆောက်အအုံများ ဖြစ်ကြသည်။ ယင်းတို့မှာ စေတီသုံးထပ်ငုံ၍ တည်ထားသော အောင်စကြာ စေတီ၊ မြို့လည် ဘုရားတန်ဆောင်းကြီး၊ အင်္ဂလိပ်ခေတ်ကပင် ငွေ ၃ သိန်းခန့်အကုန်အကျခံကာ ခမ်းနားစွာ ဆောက်လုပ်ထားသော စံကျောင်းခေါ်သည့် စာသင်တိုက်ကျောင်း ကြီးနှင့် ဒွါရကျောင်း၊ ကံဦးကျောင်း၊ မိတ္ထီလာကျောင်းဟူ၍ ကျောင်းကြီး ၄ ကျောင်းအပြင် ကျောင်းငယ်ပေါင်း ၄ဝ ကျော်ခန့်ရှိသည်။

မြို့ပြင် အစပ်တွင် ၁၉၅၁ ခုနှစ်က တူးဖော်ခဲ့သော အလျားပေ ၁၃၆ဝ၊ အနံပေ ၆၃ဝ ရှိ မဟာသီဘဝဲ ကန်တော်ကြီးသည် နွေရာသီအခါ ရေရှားပါးမှု အခက်အခဲကို ဖြေရှင်းပေးသော ဘိုကလေးမြို့၏ ကျက်သရေဆောင် ကန်ကြီးလည်း ဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)