ဘန်ဒေါင်းမြို့

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘန်ဒေါင်းမြို့ရှိ ဆိတ် အဆောက်အဦးမှာ အနောက်ဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူး၏ ရုံးဖြစ်သည်။

ဘန်ဒေါင်းမြို့သည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားဒေသ၏ မြို့တော်ဖြစ်သည်။ နိုင်ငံအတွင်း တတိယမြောက် အကြီးဆုံးမြို့ ဖြစ်ပြီး ဒုတိယမြောက် အကြီးဆုံးသော မက်ထရိုပိုလစ်တန်ဒေသ ဖြစ်သည်။ ၂၀၀၇ ခုနှစ်တွင် လူဦးရေ ၇.၄ သန်းမျှ ရှိသည်။ ပင်လယ်ရေမျက်နှာပြင် အထက် ၂၅၂၉ပေ (၇၆၈ မီတာ) အမြင့်တွင် တည်ရှိကာ ဂျာကာတာမြို့၏ အရှေ့တောင်ဘက် ကီလိုမီတာ ၁၄၀ ခန့် အကွာတွင် တည်ရှိသည်။ ဘန်ဒေါင်းမြို့သည် တစ်နှစ်ပတ်လုံး အခြားသော အင်ဒိုနီးရှားမြို့ကြီးများထက် အေးမြသော အပူချိန် ရှိသည်။ ဘန်ဒေါင်းမြို့သည် မြစ်ဝှမ်းဒေသတွင် တည်ရှိပြီး ပတ်ဝန်းကျင်၌ မီးတောင်များ ဝန်းရံလျှက် ရှိသည်။ ထိုသို့သော အနေအထားက သဘာဝအတိုင်း ခံစစ်ကောင်းပြုနိုင်သော နေရာ ဖြစ်သဖြင့် ဒတ်ချ်တို့၏ ကိုလိုနီ ခေတ်အခါက ဒတ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီမှ ကိုလိုနီ မြို့တော်ကို ဘာတေးဗီးယားမှ ဘန်ဒေါင်းသို့ ပြောင်းရွှေ့ခဲ့ရခြင်း၏ အဓိက အချက် ဖြစ်ခဲ့သည်။

ဒတ်ချ်ကိုလိုနီ နယ်ချဲ့တို့က ၁၈ ရာစု အတွင်း တောင်ကုန်းများ ပတ်လည်တွင် ကော်ဖီစိုက်ခင်းများကို တည်ထောင်ခဲ့ပြီး ၁၁၂မိုင် (၁၈၀ ကီလိုမီတာ) အကွာရှိ မြို့တော်နှင့် ဆက်သွယ်ရန် လမ်းများဖောက်လုပ်ခဲ့သည်။ ထိုမြို့တွင် နေထိုင်သော ဒတ်ချ်လူမျိုးတို့က မြူနီစီပယ် အုပ်ချုပ်ရေးဒေသ အဖြစ် သတ်မှတ်ရန် တောင်းဆိုခဲ့သဖြင့် ၁၉၀၆ ခုနှစ်တွင် ခွင့်ပြုခဲ့သည်။ ထိုမှတဆင့် ဘန်ဒေါင်းသည် စိုက်ခင်းပိုင်ရှင်တို့ အတွက် အပန်းဖြေရာ မြို့ ဖြစ်လာခဲ့သည်။ အဆင့်မြင့် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကဖေးများ၊ ဥရောပ အသုံးအဆောင်ပစ္စည်းဆိုငများ ဖွင့်လှစ်လာခဲ့သဖြင့် ထိုမြို့အား ပဲရစ်ဗန် ဂျာဗား ( ဒတ်ချ်ဘာသာဖြင့် ဂျာဗား၏ ပဲရစ်မြို့) ဟု ခေါ်တွင်ခဲ့လေသည်။

၁၉၄၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေး ရပြီးနောက် ဘန်ဒေါင်းမြို့သည် အလျှင်အမြန် တိုးတက်လာခဲ့ပြီး မြို့ပြအသွင် ပြောင်းလာခဲ့ကာ ကျေးလက်ဆန်သော ဘန်ဒေါင်းမြို့ကို ၁ စတုရန်းကီလိုမီတာတွင် လူပေါင်း ၁၆,၅၀၀ နေထိုင်သော မက်ထရိုပိုလစ်တန် ဒေသ အဖြစ် ပြောင်းလဲ စေခဲ့ကာ လူပေါင်း ၂ သန်းကျော် နေထိုင်ရာ ဒေသ ဖြစ်လာခဲ့သည်။ သဘာဝ ပတ်ဝန်းကျင်များကို အလွန်အမင်း ပျက်စီးခဲ့ပြီး အထူးသဖြင့် တောင်စောင်းအိမ်ရာ များနှင့် အဆောက်အဦးများ ဆောက်လုပ်ခဲ့ခြင်းဖြင့် ပုံစံ ပြောင်းလဲခဲ့ခြင်းကြောင့် ဖြစ်သည်။ ဖြစ်သည်။ ဘန်ဒေါင်းမြို့သည် အမှိုက်စွန့်ပစ်မှု၊ ရေကြီးမှု၊ ကစဉ့်ကလျားနိုင်လှသော လမ်းစနစ် အစရှိသော ပြဿနာပေါင်း မြောက်များစွာကို ကြုံတွေ့ နေရသော်လည်း ပြောင်းရွှေ့နေထိုင်သူများ နှင့် လာရောက်လည်ပတ်သူများ အများအပြား ရှိနေဆဲဖြစ်သည်။