ဘင်ဂျို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ခေတ်သစ်ကြိုး ၅ ချောင်း ဘင်ဂျို

ဘင်ဂျို (Banjo)သည် ကြိုးနှင့် သားရေ ပေါင်းစပ်ထား၍ လက်ဖြင့် တီးခတ်ရသော တူရိယာတစ်မျိုး ဖြစ်သည်။ ပုံသဏ္ဌာန် ်အားဖြင့်သော်ကား သစ်သား၊ သို့မဟုတ် သတ္တုခွေ ဝိုင်းအပေါ်၌ သားရေပြားပါးပါး ကြက်ထားသည့် စည်မျက် နှာတွင် ၂ ပေခန့်ရှည်လျားသော လက်တံတပ်ထားသည်။

စည်မှာ တစ်ဖက်ပိတ် စည်ပြား ဖြစ်၍ ဘင်ဂျိုအိုးမည်၏။ မူလက ဘင်ဂျိုတွင် ကြိုး ၅ ချောင်းတပ်၏။ နှိပ်နိုင်သော ကြိုး ၄ ကြိုးနှင့် နှိပ်မရဘဲ လက်မဖြင့် ခတ်ရသော ကြိုးတိုတစ်ချောင်းဖြစ်၏။ နောင်သော် အသံကြီးများ တီးခတ်နိုင်ရန်အတွက် ကြိုး ၆ ချောင်း၊ ၇ ချောင်း၊ ၉ ချောင်းတပ် ဘင်ဂျိုများ ပေါ်လာသည်။ ယင်းကြိုးများကို တပ်ဆင်ရာ၌ လက်တံထိပ်တွင် ရှိသော ဒလက်ကလေးများတွင် ကြိုးကိုရစ်လျက် ဘင်ဂျိုအိုးဖြစ်သော ခွေဝိုင်းစည်၏ အောက်ဘက် ထိပ်အထိ သွယ်တန်းပြီးလျှင် စည်မျက်နှာ အစွန်းတွင်ရှိသော ခုံတုံးပေါ် နေထားတကျ တွယ်ထားရ၏။

ကြိုးများ၏အောက် နှင့် လက်တံပေါ်တွင် အသံစဉ် အမျိုးမျိုး ည|ိယူရရှိနိုင်သည့် ကန့်လန့်ဖြတ် သတ္တုချောင်းကလေးများ ရှိ၏။ လက်ဝဲလက်ဖြင့် ဆိုင်ရာကြိုးကို တင်းစွာရစ်လျက် အသံကို ည|ိကာ တီးခတ်သည်တွင် ကြိုးသံသည် သားရေသံနှင့် ရောနှောထွက်ပေါ်လာသောကြောင့် စောင်းသံပုံသံနှင့်မတူဘဲ၊ တစ်မူထူးခြားသော ဂီတသံဖြစ်လာသည်။

ဘင်ဂျိုကို အမေရိကတိုက်သို့အာဖရိကတိုက် အနောက်ပိုင်းမှ နီးဂရိုးများ ယူဆောင်လာသည်ဟု အချို့က ယူဆကြ၏။ အာရပ်လူမျိုးတို့၏ ဂီတာနှင့် တူသော တူရိယာ တစ်မျိုးကို နီဂရိုးများ အတုယူကြဟန်တူ၏။ ယခုအမေရိကန် ပြည်ထောင်စုရှိ နီးဂရိုးများတီးသော ဘင်ဂျိုမှာ အဆိုပါ ဘေနီယာ ခေါ် တူရိယာမှ ဆင်းသက် ကွဲပြားလာသည်ဟု ယူဆနိုင်ပေသည်။ အချို့ကမူ ကြိုးတပ်တူရိယာဟု အဓိပ္ပာယ် ရသော ဘန်ဒေါ် ဟူသော စကားမှ ပျက်လာသည်ဟု ယူဆကြ၏။ ဘင်ဂျိုကို နီးဂရိုးတို့က ဘန်ဂျာဟူ၍ လည်းကောင်း၊ ဘွန်ဂျာ ဟူ၍လည်းကောင်း ရှေးအခါက ခေါ်ခဲ့သည်ဟုလည်း ဆိုသည်။

ဘင်ဂျိုကို ၁၈ ရာစုနှစ်ခန့်က စတင်တီးခတ်၍ တဖြည်းဖြည်း ခေတ်စားလာလေသည်။ အမေရိကန် ပြည်ထောင်စု တောင်ပိုင်းရှိ ပြည်နယ်များမှ နီးဂရိုးများ သီချင်းဆိုရင်း တွဲဖက်တီးမှုတ်သော ဘင်ဂျိုများသည် အစ တွင် သပ်ရပ်ခြင်း မရှိလှချေ။ မူရင်းဘင်ဂျိုများမှာ ကြိုး ၅ ချောင်းတပ်ဖြစ်၍ လက်တံ အလွန်ရှည်သည်။ နောက် ကြိုး ၄ ချောင်း တပ်လက်တံတို ဘင်ဂျိုတစ်မျိုး ပေါ်လာ၏။

ယူကလေလီဟုခေါ်လျက် ပို၍ငယ်သော ဘင်ဂျို သည်လည်း ခေတ်စားသော ဘင်ဂျိုတစ်မျိုး ဖြစ်သည်။ ဘင်ဂျိုသည် တူရိယာ သံစုံတီးဝိုင်းကြီးများတွင် ပါဝင်လေ့ရှိသော တူရိယာမျိုး မဟုတ်ပေ။ သို့သော်လည်း မည်သည့်သီချင်းမျိုးကိုမဆို သာယာနာပျော်ဖွယ် ဖြစ်အောင် တီးခတ်နိုင်သောကြောင့် ယခုအခါ ကမ္ဘာ့ အနှံ့အပြားတွင် တီးခတ်လျက် ရှိကြသည်။ မြန်မာနိုင်ငံတွင်လည်း ဘင်ဂျိုကို မြန်မာသံစဉ်ည|ိယူ၍ တီးခတ်ကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)