ဘဂျမ်း၊ ဦး (ကာတွန်း)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဝဲ မှ ယာ - ဦးဘမော် (အကို)၊ ဦးဘသော် (အကိုကြီး) နဲ့ ကာတွန်း ဦးဘဂျမ်း၊ ပုံ - ဂျူနီယာဝင်း ဘလော့ စာမျက်နှာမှ

မောင်ဘဂျမ်းသည် ၁၂၆၃ ခုနှစ် တပို့တွဲလဆန်း ၁၃ ရက်နေ့တွင် ညောင်တုန်းမြို့၌ ဖွားမြင်ခဲ့သည်။ ညောင်တုန်း မြို့မှ ပိုးကုန်သည် ဦးဖောင်၊ ဒေါ်မြစ်တို့၏ သားသမီး ၆ ယောက်အနက် မောင်ဘဂျမ်းသည် ပဉ္စမ မြောက်ဖြစ်သည်။ ငယ်စဉ်က ညောင်တုန်းမြို့အင်္ဂလိပ်-မြန်မာ နှစ်ဘာသာ သင်ကျောင်းတွင် စတင်ပညာသင်ကြား ပြီးနောက် ရန်ကုန်မြို့ ကူရှင်ကျောင်းသို့ရွှေ့ပြောင်းပညာဆည်းပူးရာ၊ ထိုကျောင်းမှပင် ဆယ်တန်းအောင်ခဲ့သည်။ ခရစ် ၁၉၂၄ ခုနှစ်ခန့်တွင် ရန်ကုန် ကောလိပ်သို့ရောက်၍၊ အိုုင်အေ အထက်တန်းအထိ ဆက် လက် ပညာဆည်းပူးခဲ့လေသည်။

ထို့နောက် ကျောင်းမှထွက်ကာ၊ စက်ရေနွေးအိုး စစ်ဆေးရေး အရာရှိချုပ်ရုံး ( ဘွိုင်လာ အင်စပက်တော် ချုပ်ရုံး ) တွင် တစ်နှစ်ကျော်ခန့်အလုပ်လုပ်သည်။ ယင်းကဲ့သို့အစိုးရဌာန တစ်ခု၌ ဝင်ရောက် အလုပ်လုပ်ကိုင် ရာ၊ မလွတ်လပ်မှု၊ ချုပ်ချယ်မှုများကို တွေ့ကြုံလာရသည်။ ထိုစဉ်အတွင်း ငယ်စဉ်က ဝါသနာပါခဲ့သော ကာတွန်း ပညာ ကို လေ့လာလိုက်စားခဲ့သည်။ ထို့နောက် အစိုးရအလုပ်မှ နုတ်ထွက်လိုက်ကာ၊ ကာတွန်းများကို ရေးဆွဲပြီးလျှင် ထိုစဉ်က ရန်ကုန် ဂေဇက် သတင်းစာအယ်ဒီတာချုပ် မစ္စတာ စမိုင်းထံ တင်ပြသည်။ မစ္စတာ စမိုင်းသည် ကာတွန်း ၃ ပုံကို ငွေ ၆ဝ ပေး၍ ယူလိုက်သည်။ ထိုအခါမှစ၍ ကိုဘဂျမ်းသည် ပန်းချီ အနုပညာဖြင့် အသက် မွေးရန် စိတ်ပိုင်းဖြတ်ပြီးသော် ကာတွန်းများ ရေးဆွဲခဲ့ရာ အချို့ကာတွန်းများကို ရန်ကုန် ဂေဇက်သတင်းစာက ထည့်သွင်းဖော်ပြခဲ့လေသည်။

တစ်နေ့တွင် မြန်မာကာတွန်းများကို ပထမဆုံး ရေးဆွဲခဲ့သူ မစ္စတာ မာတင်ဂျုန်းနှင့် တွေ့ဆုံရသည်။ မာတင်ဂျုန်းသည် မီးရထားဌာန လက်ထောက်မင်းကြီးဖြစ်၍ ပန်းချီအနုပညာ အလွန်ဝါသနာ ပါပြီးလျှင် မိမိ၏ ပညာ ကိုလည်း ဝေငှဖြန့်ဖြူးပေးသူ ဖြစ်သည်။ ထိုပုဂ္ဂိုလ်ကြီးသည် ရေဆေးနှင့် အကချင်းပန်းချီတို့ကို နိုင်နင်း၍ ကာတွန်းဘက် တွင် လက်ရာပြောင်မြောက်သူ ဖြစ်သည်။ ထိုစဉ်က ဘားမား အတ်ကလပ်ခေါ် မြန်မာပြည် ပန်းချီ အသင်းတွင်လည်း ဥက္ကဋ္ဌဖြစ်၍ အသင်းတိုက်တွင် ပန်းချီသင်တန်းများ ပေးနေသည်။ မာတင်ဂျုန်းက ကိုဘဂျမ်း၏ လက်စွမ်း လက်စကို တွေ့မြင်သဖြင့် ကိုဘဂျမ်းနှင့် တွေ့ဆုံနိုင်အောင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ မာတင်ဂျုန်းသည် ကိုဘဂျမ်း၏ လက်စွမ်း လက်စကို တွေ့မြင်ပြီးဖြစ်၍ အလားအလာကို သိသဖြင့် မြေတောင်မြေ|ာက်ပေးလိုသောကြောင့် မိမိ၏ သင်တန်းများသို့လာ၍ တက်ရန်ခေါ်သည်။ ထို့ကြောင့် ကိုဘဂျမ်းသည် ပန်းချီ သင်တန်းများကို တက်ရောက်ခဲ့ရာ၊ ထိုစဉ်က ထိုသင်တန်းများတွင် နောင်အခါ ကျော်ကြားသော အနုပညာသည်ကြီးများ ဖြစ်လာကြမည့် ကိုဘဇော်၊ ကိုအုန်းလွင်၊ ဆရာမြ၊ ကိုဟိန်စွန်းတို့လည်း တက်ရောက် ပညာဆည်းပူးလျက် ရှိကြလေသည်။

ဦးဘဂျမ်းသည် အနုပညာကို မြတ်နိုးသူဖြစ်သည်။ အနုပညာဘက်တွင် ကာတွန်းတစ်မျိုးထဲတွင်သာ ဝါသနာ ထုံသည်မဟုတ်ချေ။ ဓာတ်ပုံရိုက်ခြင်း၊ သ·ုရေးခြင်းတို့၌လည်း ဝါသနာပါသည်။ ဓာတ်ပုံပညာဘက်တွင် အတော်အတန် ခေါက်မိသည်။ သုည ဟူသော ကလောင်အမည်ဖြင့် လည်း ဝတ္ထုတို၊ ဆောင်းပါး စသည်တို့ကို ရေးသားခဲ့၍ ညီမလေး အမည်ဖြင့် လုံးချင်းဝတ္ထု ထုတ်ခဲ့ဖူးသည်။ နာမည်ကျော် ဟာသ·ုရေးဆရာ သော်တာဆွေက မိမိ၏ ဟာသဝတ္ထုအချို့တွင် ဦးဘဂျမ်း၏ စိတ်ကူး၊ အကြံဉာဏ် ပေးချက်များ ပါရှိကြောင်း ဖွင့်ဟဝန်ခံဖူးသည်။ ဦးဘဂျမ်းသည် ဘလောက်တိုက် တစ်ခုလည်း တည်ထောင်ဖူး၍ ကိုယ်ပိုင် ကာတွန်းစာ စောင်ကိုလည်း ထုတ်ဝေခဲ့ဖူးသည်။

ဟာသကာတွန်းများသာမက၊ ကြော်ငြာကာတွန်းများ၊ ပုံပြင်ကာတွန်း ရုပ်စုံ များ၏ကိုလည်း ရေးသားခဲ့သည်။ ပဲရော့ ရုပ်ရှင်တွင် ပထမဆုံး မြန်မာကာတွန်းရုပ်ရှင် အသူရာ နှင့် ကြက်တောင်ကွ ဇာတ်ကားများကို စီစဉ်ရေးသား ရိုက်ကူးခဲ့လေသည်။

ဒုတိယ ကမ္ဘာစစ်ကြိုခေတ်တွင် သုရိယသတင်းစာမှ ဦးဖျောက်ဆိပ် ကာတွန်းနှင့် စစ်ပြီးခေတ် ဟံသာဝတီ သတင်းစာမှ ချရာဏသီ ကာတွန်းများကို အလွန်လူ ကြိုက်များသည်။ မြန်မာလူမျိုးတို့၏ စိတ်နေစိတ်ထား၊ မြန်မာနိုင်ငံရေး အခြေအနေတို့ကို အထေ့အငေါ့ ကလေး များဖြင့် သရော်ထားခြင်းဖြစ်ရာ၊ အဓိပ္ပာယ်ပေါ်လွင်၍ ထိလှမိလှပြီးလျှင် အကွက်ဆိုက် ခွင်ကျဝင်လှသော ကာတွန်း များ ဖြစ်ကြပေသည်။ သူ၏ ကာတွန်းရုပ်များကပင် အသက် ပါပါနှင့် ရယ်ရွှင်ဖွယ်ရာ ကောင်းသည်။ အထူးသဖြင့် ဦးဖျောက်ဆိပ် သည် သတင်းစာဖတ် ပရိသတ်၏ ပျော်တော်ဆက် အချစ်တော် ကာတွန်းဇာတ်လိုက်တစ်ဦး ဖြစ်ခဲ့သည်။ စစ်ကြိုခေတ် ကြီးပွားရေး မဂ္ဂဇင်းမှ ကိုပြူးနှင့် မပြုံး၊ စစ်ပြီးခေတ် ယုဝတီဂျာနယ်မှ ဂွက်တော် ၊ ရှုမဝမဂ္ဂဇင်းမှ လိပ် ကမ္ဘာမကြီး ၊ နှမမုန့်ရောင်း မောင်မုန့်ထောင်း ၊ နေကြဉာနန်းရှင် ရောင်စုံကာတွန်း ပုံပြင်တို့သည်လည်း ကလေးပရိသတ်များ၏ အသည်းစွဲများ ဖြစ်ကြသည်။

ဦးဘဂျမ်းသည် ငွေထက် စေတနာကို ပဓဉာနထားသူ ဖြစ်သည်။ သူ့အား အကူအညီ တောင်းလာလျှင် ငွေစကား မပြောဘဲ စေတနာစကားကိုသာ အမြဲပြောသူဖြစ်သည်။ အခ ကြေးငွေ အလွန်နည်းစွာ ယူသဖြင့် တပည့်များက မကြာခဏ ညည်းညူကြရသည်။ အစိုးရ ပြန်ကြားရေးဌာနက လစာငွေ ကောင်းကောင်းပေး၍ အမှုထမ်းရန် ခေါ်သော်လည်း ငြင်းပယ် ခဲ့သည်။ နိုင်ငံခြား၌ ပညာဆည်းပူးရန် အစိုးရက စေလွှတ်မည် ဆိုသော်လည်း လိုလိုချင် ချင်မရှိ ငြင်းဆန်ခဲ့လေသည်။ ဆရာ ဦးဘဂျမ်းကား လိုချင်လောဘ နည်းပါးသည်။ စိတ်အေးအေးထား၍ ပျော်ပျော် နေတတ်သူ ဖြစ်သည်။ ကာတွန်းများဖြင့်သာ သူတစ်ပါးကို ရွှင်ပြုံးစေသည်မဟုတ်၊ အပေါင်းအသင်း မိတ်ဆွေများအား ရွှင်မြူးသော စကားလုံး များဖြင့် ရယ်ခြုံးအောင်လည်း ပြုနိုင်သူဖြစ်သည်။ ၁၂၉၈ ခုနှစ်တွင် ပဲခူးမြို့သူ မခင်ကြည် နှင့် လက်ဆက်ခဲ့သည်။ ဦးဘဂျမ်းနှင့် ဒေါ်ခင်ကြည်တို့၏ အိမ်ထောင်ရေးသည် လွန်စွာ ချမ်းမြေ့သာယာခဲ့သည်။ ဇနီးသည်အားလည်း အလွန် ကြင်နာမြတ်နိုးသည်။ ၁၃၁ဝ ပြည့်နှစ်တွင် ဒေါ်ခင်ကြည်သည် သားဦးယောကျာ်းကလေး မွေးဖွားပြီးနောက် မကြာမီ ကွယ်လွန် ရာ ဦးဘဂျမ်းသည် အလွန်စိတ်ထိခိုက်သွားရှာသည်။ ထို့ ကြောင့် ဦးဘဂျမ်း၏ ဇာတ်လိုက်ကျော်ကြီး ဦးဖျောက်ဆိပ် သည် ရသေ့ဝတ်ဖြင့် ရသေ့ကြီး ဦးဖျောက်ဆိပ် ဖြစ်လာသည်။ ယင်းသို့ဖြင့် ဦးဘဂျမ်းသည် ဇနီးသည်အတွက် စိတ်ထိခိုက်ကာ သံဝေဂ ရနေကြောင်း သိရသည်။ သို့သော် မရွှင်သည့် နှလုံးဖြင့်ပင် စာဖတ်ပရိသတ်များကို သူ၏ ကာတွန်းဇာတ်လိုက်များဖြင့် ရွှင်ပြုံးနိုင်အောင် ကြိုးစားဆောင် ရွက်ခဲ့သည်။

၁၉၄၈-၁၉၄၉ ခုနှစ်များတွင် ကရင်သောင်းကျန်းမှု များကြောင့် တိုင်းပြည်အလုံး ည|ိုးချုံးနေကာ၊ ကျီးလန့်စာစာ ဖြစ်နေကြသည့် အချိန်တွင် နိုင်ငံတော်အစိုးရ၏ တောင်းပန် ချက်အရ၊ ပြည်သူလူထု စိတ်ဓာတ် မကျဆင်းရလေအောင် ဦးဘဂျမ်းသည် ကာတွန်းများ ရေးဆွဲ၍ တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးသည်။ ၁၉၅ဝ ပြည့်နှစ်တွင် အမြတ်တော် ခွန် ကောက်ယူပုံကို မကျေနပ်သဖြင့်၊ ၃ လခန့်ကာတွန်းများ မရေးဆွဲဘဲ ထိုင်သပိတ် မှောက်နေခဲ့ရာ၊ စဉာနယ်ဇင်းများနှင့် စာဖတ်ပရိသတ်များ၏ တောင်းပန်မှုကြောင့် ကာတွန်းများ ပြန်လည် ရေးဆွဲကာ အများပြည်သူတို့အာ၊ ရွှင်ပြုံးစေခဲ့ ပြန်လေသည်။

၁၃၁၄ ခုနှစ် တပို့တွဲလပြည့်ကျော်ခန့်တွင် အနာ့ ပဆုပ်ပေါက်ကာ မကျန်းမမာ ဖြစ်လာပြီးလျှင် အရွယ်ကောင်း၊ နာမည်တက်ဆဲအချိန်၊ ထိုနှစ် တပေါင်းလဆန်း ၆ ရက် ဗုဒ္ဓဟူးနေ့( ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့) တွင် ကွယ်လွန်အနိစ္စ ရောက်သွားရာ၊ မြန်မာနိုင်ငံ၏ အနုပညာရှင် သားကောင်းတစ်ဦး ဆုံးရှုံးခဲ့ရပေသည်။ ဦးဘကလေး ( ရွှေတလေး ) နှင့် ဦးဘဂျမ်းတို့ကဲ့သို့သော အနုပညာရှင်များ ဆုံးရှုံးရခြင်းသည် အစားထိုးရန် ခဲယဉ်း လှသော နိုင်ငံ၏ သားကောင်းများ ဆုံးရှုံးရခြင်းပေတည်း။ နိုင်ငံတော် အစိုးရက ကွယ်လွန်ပြီး နောက်တစ်နှစ်တွင် အလင်္ကာကျော်စွာ ဘွဲ့ဖြင့် ချီးမြှင့်လေသည်။ ဦးဘဂျမ်းနှင့် ဒေါ်ခင်ကြည်တို့မှ သားတစ်ယောက် ကျန်ရစ်လေသည်။[၁]


မသေသော ဦးဘဂျမ်း[ပြင်​ဆင်​ရန်​]

ဦးဘဂျမ်း

သူ၏ ပြောင်မြောက်သော အနုပညာ ဂုဏ်ကို တသက်သက် အောက်မေ့ နေကြရ ပေတော့မည်။

ဦးဘဂျမ်း၏ လက်ရာ

ကြီးပွားရေးမဂ္ဂဇင်းနှင့် လူထုဂျာနယ်ပါ ကိုပြူး မပြုံးတို့၏ မွေးသဖခင်၊ ကြွက်ဖြူကလေး၏ ဘကြီး၊ ဂွတ်ထော်၏ ဦးလေး၊ ဦးဖျောက်ဆိပ်၊ နယ်လီဖျောက်ဆိပ်နှင့် မောင်မြေဇာ တို့ကို အသက်သွင်းခဲ့သူ အသက် (၄၈) နှစ် အရွယ်ရှိ ကာတွန်းဝိဇ္ဖာ ဦးဘဂျမ်းသည် (၁၃၁၄) ခုနှစ် တပေါင်းလဆန်း (၆) ရက် (၁၈ ၊ ၂ ၊ ၅၂) နေ့က ရန်ကုန် အနောက်ပိုင်း (၁၃) လမ်း အိမ်နံပတ် (၃၇) ၌ ကွယ်လွန် အနိစ္စ ရောက်ရှာပြီ ဖြစ်၍ (၂ဝ) ရက်နေ့တွင် ရန်ကုန်မြို့ တာမွေသုသာန်၌ ဖုတ်ကြည်း သင်္ဂြီုဟ်ပါသည်။


ဤသို့ဖြင့် မြန်မာ့ အနုပညာသည် ကာတွန်း ရုပ်ပြောင် ဆရာကြီး တစ်ဦးသည် ဘဝဇာတ်ကို သိမ်းသွား ရှာလေပြီ။ ဦးဘဂျမ်း သည်သာ ကျွန်ုပ်တို့ မြန်မာနိုင်ငံတွင် မဟုတ်လေဘဲ ပညာကို တန်ခိုးကြီးကြီး ပေး၍ ပြည်သူ့ ကျန်းမာရေးကို အစိုးရက တကယ် တာဝန် ယူသော တိုင်းပြည် တပြည်ပြည်တွင် မွေးဖွားခဲ့သော် ဦးဘဂျမ်း ကဲ့သို့သော ပညာရှင် တဦး ဤမျှ အသက် တိုကောင်းမျှ တိုပေမည်။ အသက် ရှည်ခွင့် ရှည်ထိုက်သော အကြောင်းများ မဆုံးပါး သေးလျှင် ပြည်သူ့ အစိုးရက နည်းကုန် လမ်းကုန် အစွမ်းကုန် ကြိုးစား၍ ကုသ ပေးနေ လိမ့်မည်ပင် ထင်မိသည်။ ယခု ကဲ့သို့ ကိုယ့် ကျန်းမာရေးကို ကိုယ်လွတ်စွာ စောင့်ရှောက်ခွင့် ပြုမည် မထင်။ ဤကဲ့သို့ မကွယ်လွန်မီ မကျန်းမာစ အနေက အေးချမ်း ငြိမ်သက်စွာ အနားယူ ထိုက်သေးသည်။ သင့်လျော်သော နေ၊ ရေ၊ လေနှင့် တကွ ဆေးဝါး၊ အစာ အပြည့် အစုံနှင့် နားနေ ရဦးမည် ဆိုလျှင်လည်း အလုပ်သမား တို့၏ အနားယူ စခန်း ကြီးများတွင် ယူစေ ဦးမည်ပင် ဖြစ်လေသည်။ သို့သော် ယခုကား ပြည်သူ တို့၏ စိတ်နှလုံးကို ရွှင်ပြုံး စေ၍ ချမ်းမြေ့ မှုကို ပေးရှာသော အနုပညာ သည်ကြီး တယောက်မှာ "ဘုရား ရဟန္တာတို့ သော်မှ မလွန် ဆန်နိုင်သည့် (၉၆) ပါးသော ရောဂါ ဝေဒနာ တို့ဖြင့် ဘဝ တပါးသို့ ပြောင်းသွား ကွယ်လွန် ရှာခဲ့လေပြီ" တကား။


ဦးဘဂျမ်းသည် သူ၏ ကိုယ်ရေး အတ္ထုပ္ပတ္တိအရ ကာတွန်းပညာကို သန္ဓေပါ၊ အထုံရှိသူ ပါရမီရှင်ပင် ဖြစ်လေသည်။ သို့ရာတွင် ထိုကိုယ်ရေး အတ္ထုပ္ပတ္တိကို ဖတ်ရသည်မှာပင် ကြေကွဲစရာ ကောင်းလှပေသည်။ စီးကရက် (၂) လိပ် တပြား တန်သည့် ခေတ်က မြေဖြူ (၄) ချောင်းကို တပြားပေး၍ အိမ်နီးချင်းတို့၏ အိမ်ထရံကိုသော်မှ ချမ်းသာ မပေးဘဲ ပုံရေး ကျင့်ခဲ့သည်ဟု ဆိုရှာ လေသည်။


ထို့နောက် ကြီးပြင်းလာသော အခါ၌လည်း အတွင်းဝန် ရုံးစာရေး အလုပ်ကို စွန့်ပယ်၍ ငတ်ပြတ်သည် ကိုလိုနီနိုင်ငံမှ ပညာရှင် ဘဝကို လှလှကြီး ခံယူခဲ့သည်ဟု သူက ဆိုပါသည်။


ဦးဘဂျမ်းသည် ကိုလိုနီ ပညာရေးမှ ပေါက်ဖွားခဲ့သည့် မြင်းကျိုးမ၏ သား အဿတိုရ် ဖြစ်လေသည်။ ထို့ကြောင့်ပင် အရင်းရှင် စနစ်၊ နယ်ချဲ့ စနစ်အောက်ရှိ ပြည်သူတို့၏ ဘဝ သံသရာတွင် ကိုးရိုးကားရား၊ ကမောက်ကမများ ဖြစ်ချင်တိုင်း ဖြစ်ပျက် နေကြသည်များကို ဆိတ်ငြိမ်သော ထောင့်တထောင့်မှ နေ၍ လှလှကြီး ဝအောင် သရော်၍ သွားနိုင်သူ ပြည်သူ့ သားကောင်း တယောက် ဖြစ်ပေသည်။ ဤတွင် ဦးဘဂျမ်းသည် သူနှင့်အတူ ပြည်သူတို့ ကျင်လည်ရသည့် ဘဝ သံသရာသည် ထိုစနစ်ဆိုးကြောင့် ဤမျှ ကမောက်ကမ နိုင်ရသည် ဟူ၍ကား မသိရှာ။ သူသင်ခဲ့ရသည့် ကျောင်းကလည်း ထိုအချက်ကို လုံးလုံးကြီး ဖုံးကွယ် ထားသော ကျောင်း ဖြစ်ပေသည်။ ထို့ကြောင့် တခါတရံ ဦးဘဂျမ်းသည် ပြည်သူတို့၏ ကမောက်ကမ လောက၏ တရားခံနှင့် ထိုလောကမှ ရုန်းကန်ရေး လမ်းစဉ်များကို မျက်ချည် ပြတ်၍ သွားရှာသည်။ ထိုအချိန်တွင် လူငယ် အချို့က "ဆရာဟာ ကျွန်တော်တို့ကို သိပ်အုပ်ရာ ကျနေပါတယ် ဆရာ" ဟု သူ့အား ချစ်မေတ္တာနဲ့ပင် ဝေဖန် ခဲ့ကြဖူးသည်။ ထိုအခါ ဦးဘဂျမ်းက ရိုးသားပွင့်လင်း ရင်းနှီး ချစ်ခင်စွာပင် "ငါကတော့ ငါမြင်သလောက် ရေးတာပဲကွ၊ နို့ပေမဲ့ မင်းတို့ မြင်သလို ငါမြင်အောင်လည်း ပြောကြဦး" ဟု ပြန်ပြောသည်ကို ကြားဖူး ပေသည်။


မည်သို့ပင် ဆိုစေ ဦးဘဂျမ်းကို ကျွန်ုပ်တို့က မျိုးချစ် ပုဂ္ဂိုလ် တဦး၊ တာဝန် ကျေပွန်သော ပြည်သူ့ သားကောင်း တယောက်၊ တည်ကြည် ရိုးသား၍ အညှဉ်းဆဲခံ ပြည်သူတွေ ကိုသာ ချစ်ခင်စွာနှင့် စေတနာ ကောင်းထားသော အနုပညာသည်ကြီး ဟူ၍ပင် မြင်နေပါသည်။


သူ့ပညာတွင် ဦးဘဂျမ်းသည် နှစ်ဦး မပေါ်သေးသော ပညာသည် ပါပေ။ တက်သက်စ စုတ်ချက်များ ရှိသော်လည်း ဦးဘဂျမ်း၏ အရည်အသွေးကို မီဖို့ မနည်း ကြိုးစားရ ဦးမည်ပင် ဖြစ်ပါသည်။ ဦးဘဂျမ်း၏ စုတ်တံသည် "ကျွန်တော့် မျက်စိ အောက်မှာ မျက်စိ နောက်စရာ ကိုးရိုး ကားရားတော့ လာမလုပ်နဲ့၊ စုတ်ချက်ဖျားမှာ ကားခနဲ နေသွားရမယ်" ဟု မဆိုသော်လည်း ဆိုဘိ သကဲ့သို့ ထင်ရ ပေသည်။


ဦးဘဂျမ်းသည် ယခု ဖစပလ အစိုးရကို ဝေဖန်ရာ၌ အတိုက်အခံ အဖွဲ့များထက် ပိုမို သေးသည်။ သူမြင်သမျှကို တချက်မျှ ချမ်းသာပေးဘဲ ထောက်မညှာပင် ဝေဖန် သရော် ခဲ့သည်။ တခါက လာဘ်ပေး လာဘ်ယူ ပပျောက်ရေး အတွက် ကာတွန်းများ ဆွဲခိုင်းလို၍ ဝန်ကြီးချုပ် သခင်နုက ဦးဘဂျမ်းအား သူ့အိမ်သို့ လာပါရန် ခေါ်ယူသည်ဆို၏။ ထိုအခါ ဦးဘဂျမ်းက ရိုးသားစွာပင် မြင်းလှည်းကလေးဖြင့် ဝင်ဒါမီယာ ဝန်ကြီးများ ရိပ်သာသို့ သွားခဲ့လေသည်။ သံဆူးကြိုးနှင့် သေနတ်ကိုင် အစောင့်ကြီးတွေ ချထားသည့် အိမ်နှင့် ခပ်ဝေးဝေးရှိ တံခါးတွင် မြင်းလှည်းကို ရပ်ထားခဲ့ပြီး ဝန်ကြီးချုပ် အိမ်သို့ ခြေကျင် ဆင်း၍ လာခဲ့သည်။ ဝန်ကြီးချုပ်က "ခင်ဗျား ဘာနဲ့ လာသလဲ" ဟု မေးရာ မြင်းလှည်းဖြင့် လာကြောင်း ဦးဘဂျမ်းက ဖြေသည်။ ဝန်ကြီးချုပ်က "ခင်ဗျား မြင်းလှည်းကလေး ပြန်လွှတ် လိုက်ပါဗျာ" ဟု ပြောသဖြင့် ဦးဘဂျမ်းက "ဘာလဲဗျ၊ အိပ်ရာလိပ် ပြန်ယူ ရတော့မှာလား" ဟု ရယ်မော၍ မေးသည်ဟု ကြားရသည်။ အဓိပ္ပာယ်မှာ ပုဒ်မ (၅) များ ခေတ်စား လှချိန် ဖြစ်သဖြင့် ထောင်ထဲ သွင်းတော့မည် လောဟု သရော်ခြင်း ဖြစ်သည်။ ထိုစဉ်က ဦးဘဂျမ်း ဆွဲပေးသည့် ကိုယ့်မုတ်ကိုယ် ထမ်း၍ တရကြမ်း ပြေးရသည့် ခေတ်သစ် ငရဲခန်းများကို ယနေ့တိုင် မြင်ယောင်၍ နေကြ သေးသည်။


ဦးဘဂျမ်း၏ ကာတွန်း ရုပ်ပြောင် များ အသက်ဝင်ပုံ ကိုမူ ပန်းချီပညာကို ဝေဖန် နိုင်သူ မဆိုထားဘိ၊ လမ်းပေါ်မှ မည်သူက မဆို ကောင်းကောင်းကြီး သိခဲ့သည်။ ဤမျှ ဘာကြောင့် အသက်ပါရ သနည်း။ ကိုပြုး မပြုံး သည်လည်းကောင်း၊ ဦးဖျောက်ဆိပ် သည်လည်းကောင်း၊ မောင်မြေဇာ သည်လည်းကောင်း မြန်မာ ပြည်သူတို့က မိမိတို့နှင့် အေးအတူ ပူအမျှ ခံစား စံစားနေရသည့် သက်ရှိ ပြည်သူ တယောက်ကဲ့သို့ ထင်မှတ်လျက် ရှိရခြင်းသည် အဘယ့်ကြောင့် နည်းဟု တွေးမိ ကြပေလိမ့်မည်။ သူ့ အရုပ် ကလေးများကို သက်ရှိလူသား ပြည်သူတို့နှင့် ဘဝတူတူ ထင်မှတ် ရခြင်းသည် ဦးဘဂျမ်း၏ ပြည်သူ့ ဘဝကို ရိုးသားစွာ ကျင်နာမှု Sincere ဖြစ်မှုကြောင့်ဟု တထစ်ချ ဆိုဝံ့သည်။


ဦးဘဂျမ်းသည် ကာတွန်းဆရာ ဆိုသော်လည်း စာပေ အရေးအသားတွင် ညံ့သူ မဟုတ်ပေ။ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထု တို့ကို မရေးသော်လည်း ရေးသမျှသည် ကောင်းသည်ချည်း ဖြစ်သည်။ ထို့ကြောင့် သူ့ ကာတွန်းများကို စာထည့်သည့် အခါ၌ စာကလေး ဆယ့်လေး ငါးလုံးနှင့် ထိရောက်အောင်၊ မိအောင် ဖော်ပြနိုင်ခြင်း ဖြစ်သည်။ သူ့ကာတွန်း မျက်နှာထား သရုပ်ဖော်ပုံကို အခြားသူများ အတုခိုး ခက်သည့် နည်းတူ သူ့စကားလုံး သုံးပုံကိုလည်း တူနိုင်သူ ပေါ်ပေါက်ဖို့ မလွယ်။


ချာလီ ချက်ပလင်သည် အထောင်းအထု အကန်အကျောက် များကို ခံရသည့် လူ့နင်းပြား ဘဝကို သရုပ်ဖော်ရာ၌ သူမတူအောင် စွမ်းဆောင်နိုင်သည့် တယောက် တည်းသော ရုပ်ရှင် ပညာသည် ဖြစ်သကဲ့သို့ ဦးဘဂျမ်း ကလည်း လူနေမှု စနစ်ဆိုး၊ အုပ်ချုပ်ရေး စနစ်ဆိုးများ အောက်တွင် ဖြစ်ပျက် နေသော ပြည်သူ တို့၏ ဘဝ သံသရာ ပျက်ချော်ချော် ကရောကမည် များကို ထောက်၍ ထောက်၍ ပြနိုင်သည့် တယောက် တည်းသာ ရှိသော ကာတွန်း ဝိဇ္ဇာကြီး ဖြစ်ပါသည်။


ဦးဘဂျမ်း၏ ပြည်သူ တို့၏ ဘဝ ရုပ်လုံးဖော် ကာတွန်းများမှာ ပြောင်းလဲ နေသော ခေတ် အမျိုးမျိုး၏ ကြေးမုံပြင်များ ဖြစ်သဖြင့် အရုပ်ဖြင့် ဖော်သည့် သမိုင်းကြောင်း အနေဖြင့် သိမ်းဆည်း မှတ်တမ်း တင်နိုင်စေရန်၊ မူပိုင် ရှိသူများက ရေးဆွဲ ထည့်သွင်းသည့် နေ့စွဲနှင့်တကွ စုပေါင်း၍ စာအုပ်များ အဖြစ် ရိုက်နှိပ် စေလိုပေသည်။


ဦးဘဂျမ်း သေသော်လည်း ကိုပြူး မပြုံး၊ ကြွက်ဖြူကလေး ဂွတ်ထော်နှင့် ဦးဖျောက်ဆိပ်၊ မောင်မြေဇာ တို့ကား မသေ။


[၂]

ဦးဘဂျမ်းလမ်း မီးထွန်းပွဲ[ပြင်​ဆင်​ရန်​]

တန်ဆောင်တိုင်ပွဲတော်တွင် မြန်မာပြည်အနှံ့အပြား၌မီးပုံးများချိတ်ဆွဲခြင်းစသည့် မီးပုံးအလှဆင်ခြင်းများပြုတတ်ကြရာ လမ်းမတော်မြို့နယ် ၁၃လမ်း၊ ပြည်သူတို့အခေါ်မှာ (ဦးဘဂျမ်းလမ်း) တစ်လျှောက်တွင်မူ မီးပုံးများအပြင် ဦဘဂျမ်း၏လက်ရာကာတွန်းများနှင့် သတိရအောင်းမေ့ဖွယ်ရာများကို ဖေါ်ပြခင်းကျင်းလေ့ရှိသည်။ [၃]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. လူထုဂျာနယ်၊ အမှတ်-၃၅၊ ၁၉၅၃ မတ် (၁) ရက်
  3. လူထုဒေါ်အမာရဲ့ 'လွမ်းသူ့စာ' စာအုပ်မှ "မသေသော ဦးဘဂျမ်း" ဆောင်းပါး (၂ဝဝ၃ ဖေဖော်ဝါရီလ)