ဗီဇဗေဒ မိတ်ဆက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဗီဇဗေဒ (Genetics) သည် ဂျီး (gene) ခေါ် ဗီဇများ မည်သို့လုပ်ဆောင်ကြပုံကို လေ့လာသော ဇီဝဗေဒ ပညာရပ် တစ်ခုဖြစ်သည်။ သက်ရှိများသည် ၎င်းတို့၏ ပုံပန်းသဏ္ဌာန်နှင့် လက္ခဏာများကို နောက်မျိုးဆက်ထံ ဗီဇများမှတဆင့် လက်ဆင့်ကမ်းပေးလေ့ရှိသည်။ ဥပမာအားဖြင့် သားသမီးများသည် မိဘများထံမှ ဗီဇများကို မျိုးရိုးဆက်ခံခဲ့သောကြောင့် ဆင်တူမှုများရှိသည်။ ဗီဇဗေဒသည် မည်သို့သော လက္ခဏာများကို မျိုးရိုးဆက်ခံ ကြသလဲ၊ မျိုးဆက်တစ်ခုမှ နောက်မျိုးဆက်သို့ မည်သို့ လက်ဆင့်ကမ်းပေးသလဲ ဆိုသည်ကို လေ့လာခြင်းဖြစ်သည်။

ဗီဇဗေဒတွင် သက်ရှိများ၏ အသွင်သဏ္ဌာန်ကို လက္ခဏာ (trait) ဟု ခေါ်သည်။ လူတစ်ဦးတစ်ယောက်၏ မျက်လုံး၊ အသားအရေနှင့် ဆံပင်အရောင်၊ အရပ်အမောင်း စသည့် ပြင်ပလက္ခဏာများမှာ မြင်သာထင်ရှားသော်လည်း သွေးအမျိုးအစား စသည့် လက္ခဏာများမှာမူ သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ဗီဇမှတဆင့် အချို့သော လက္ခဏာများကို မိဘများထံမှ ဆက်ခံကြသည်။ အရပ်မြင့်၍ ပိန်သော မိဘများသည် အလားတူ အရပ်မြင့်၍ ပိန်သော သားသမီးများကို မွေးဖွားလေ့ရှိသည်။ အခြား လက္ခာများမှာ ဗီဇနှင့် ပတ်ဝန်းကျင် အပြန်အလှန် တုန့်ပြန်မှု၏ ရလာဒ်ဖြစ်သည်။ ကလေးတစ်ဦးသည် အရပ်မြင့်သည့် ဗီဇကို လက်ခံခဲ့သည် ဆိုဦးတော့ လူပျို/အပျိုပေါက် အရွယ်တွင် အဟာရဓာတ် ပြည့်ပြည့်ဝဝ မရရှိလျင်လည်း ၎င်းသည် အရပ်ပုသူ တစ်ဦးဖြစ်နိုင်သည်။ လက္ခဏာတစ်ရပ် ဖြစ်ပေါ်လာစေရန် ဗီဇနှင့် ပတ်ဝန်းကျင် တုန့်ပြန်မှုမှာ ရှုပ်ထွေးပွေလှီလှသည်။ ကင်ဆာ သို့မဟုတ် နှလုံးရောဂါဖြင့် သေဆုံးနိုင်သည့် အလားအလာမှာ လူတစ်ဦးတစ်ယောက်၏ ဗီဇနှင့် နေထိုင်စားသောက်မှုပေါ်တွင် မူတည်သည်။

ဗီဇကို ဒီအန်အေ (DNA) ခေါ် ရှည်လျားသည့် မော်လီကျူးများဖြင့် ဖွဲ့စည်းထားသည်။ ဒီအန်အေတွင် စီစဉ်တကျ စီတန်းတွယ်ဆက်ထားသည့် နျူကလီယိုတိုဒ် (nucleotide) များပါဝင်သည်။ ယင်းအစီအစဉ်များသည် ဗီဇအချက်အလက်များကို သယ်ဆောင်ထားသည်။ ဝါကျတစ်ကြောင်းတွင် ပါဝင်သည့် စာလုံး အစီအစဉ်များ ကဲ့သို့ဖြစ်သည်။ ဒီအန်အေတွင် အချက်အလက်များကို ဗီဇသင်္ကေတ (genetic code) များဖြင့် သိမ်းဆည်းထားပြီး ထိုသင်္ကေတများကို ဖတ်ယူ ဘာသာပြန်နိုင်သည်။ ယင်းအချက်အလက်များတွင် သက်ရှိများ မည်သို့ဖွဲ့စည်းလုပ်ဆောင်ရမည်ဆိုသည့် ညွှန်ကြားချက်များ ပါဝင်သည်။

သတ်မှတ်ထားသည့် ဗီဇတစ်ခုအတွင်း ပါဝင်သည့် အချက်အလက်များသည့် သက်ရှိတစ်ခုနှင့် တစ်ခုအကြား အမြဲတစေ တထပ်တည်း မဟုတ်ပေ။ ဥပမာ လူနှစ်ဦးတွင် တူညီသည့် ဗီဇများ ပါရှိသည် ဆိုဦးတော့ ယင်းဗီဇများ၏ လုပ်ဆောင်မှု တထပ်တည်း ဖြစ်ချင်မှ ဖြစ်မည်။ ဗီဇတစ်ခု၏ သူမတူသည့် ယူနစ်တစ်ခုကို အယ်လီ (allele) ဟု ခေါ်သည်။ ဥပမာအားဖြင့် အမွေးအမှင်များ၏ အရောင်ကို သတ်မှတ်ပေးသည့် ဗီဇ၏ အယ်လီတစ်ခုသည် ခန္ဓာကိုယ်အား pigment ခေါ် ဆိုးဆေးများ အမြောက်အမြား စစ်ထုတ်ရန် ညွှန်ကြားပေး၍ အနက်ရောင် ဖြစ်စေနိုင်သည်။ တခြားတဖက်တွင် ထိုဗီဇမှပဲ အခြားအယ်လီမှ တိကျသည့် ညွှန်ကြားချက် မပေးနိုင်၍ အဖြူရောင် ဖြစ်စေနိုင်သည်။ မြူတေးရှင်း (Mutation) ဆိုသည်မှာ ဗီဇသင်္ကေတများ ကျပန်း ပြောင်းလဲခြင်းဖြစ်ပြီး အယ်လီ အသစ်များကို ဖန်တီးနိုင်သည်။ မြူတေးရှင်းမှလည်း လက္ခဏာအသစ်များ ပေါ်ထွန်းလာနိုင်သည်။ ဤသို့ လက္ခဏာအသစ် ပေါ်ထွန်းခြင်းသည်လည်း သက်ရှိများ ဆင့်ကဲပြောင်းလဲခြင်း (evolution) ဖြစ်စဉ်တွင် အရေးပါသည့် အချက်ဖြစ်သည်။

ဗီဇများ အလုပ်လုပ်ပုံ[ပြင်​ဆင်​ရန်​]

ပရိုတိန်းဖွဲ့စည်းခြင်း[ပြင်​ဆင်​ရန်​]

ဗီဇများ၏ လုပ်ငန်းတာဝန်တစ်ရပ်မှာ ဆဲလ်အတွင်း ပရိုတိန်းဖွဲ့စည်းရာ၌ လိုအပ်သည့် အချက်အလက်များ ပံ့ပိုးပေးရန်ဖြစ်သည်။[၁] ဆဲလ်များသည် သက်ရှိများ၏ အသေးငယ်ဆုံး အခြေခံ အစိတ်အပိုင်းဖြစ်သည်။ လူသားတစ်ဦးတွင် ဆဲလ်အရေအတွက်ပေါင်း ၁၀၀ ထြီလျံခန့် ရှိသည်။ အသေးငယ်ဆုံး သက်ရှိဖြစ်သည့် ဗက်တီးရီးယားများတွင် ဆဲလ် တစ်ခုသာရှိသည်။ ဆဲလ်များသည် အသေးစား စက်ရုံတစ်ရုံနှင့် ဆင်တူပြီး ဆဲလ်များ ကွဲထွက်ရာတွင် ထပ်တူညီမျှသည့် ဆဲလ်တစ်ခုကို ထုတ်ပေးနိုင်စွမ်းရှိသည်။ ဆဲလ်များတွင် လုပ်ငန်းတာဝန်များကို ရိုးစင်းစွာ ခွဲဝေထားသည်။ ဗီဇများက ညွှန်ကြားချက် ပေးပြီး ပရိုတိန်းများက ယင်းညွှန်ကြားချက်များအတိုင်း ဆဲလ်ကွဲထွက်ခြင်း၊ အပျက်အစီးများအား ပြင်ဆင်မွန်းမံခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်သည်။[၂] ပရိုတိန်းတစ်မျိုးစီသည် အလုပ်တစ်မျိုးကိုသာ သီးသန့်လုပ်ဆောင်သည်။ ထိုကြောင့် ဆဲလ်များတွင် လုပ်ငန်းအသစ် လုပ်ဆောင်ရန် လိုအပ်ပါက ပရိုတိန်းအသစ်များကို ထုတ်လုပ်သည်။ အလားတူပဲ ဆဲလ်များက လုပ်ငန်းများအား အလျင်အမြန် သို့မဟုတ် နွေးကွေးစွာ လုပ်ဆောင်ရန် လိုအပ်မှုကို မူတည်ကာ ပရိုတိန်း ပမာဏအား ပိုထုတ်နိုင်သည် သို့မဟုတ် လျှော့ထုတ်နိုင်သည်။ ဗီဇများက ဆဲလ်များကို မည်သည့် ပရိုတိန်းကို မည်သည့် ပမာဏဖြင့် ထုတ်လုပ်ရန် ညွှန်ကြားပေးသည်။

ဗီဇများမှ ဒီအန်အေများကို အာရ်အန်အေ (RNA) အဖြစ် ကူးယူပြီး ထိုအာရ်အန်အေမှ ဗီဇသင်္ကေတများကို ဖတ်ယူဘာသာပြန်ကာ ပရိုတိန်းများကို ဖွဲ့စည်းသည်။

ပရိုတိန်းများကို အမီနိုအက်ဆစ် (amino acid) အမျိုး ၂၀ ဖြင့် ဖွဲ့စည်းသည်။ ထိုအမိုင်နိုအက်ဆစ် တန်းရှည်ကြီးသည် ချည်လုံးတစ်ခုအသွင်သို့ လုံးထွေးသွားသည်။ ပရိုတိန်း၏ လုံးထွေးပုံကို အမိုင်နိုအက်ဆစ် စီတန်းပုံပေါ် မူတည်ပြီး ယင်းပရိုတိန်း၏ လုပ်ငန်းတာဝန်ကို သတ်မှတ်ပေးသည်။ [၂] ဥပမာအားဖြင့် ပရိုတိန်းအချို့၏ မျက်နှာပြင်မှာ အခြား မော်လီကျူးများနှင့် တင်းတင်းကျပ်ကျပ် တွယ်ကပ်နိုင်သည့် အသွင်သဏ္ဌာန်ရှိသည်။ အချို့ ပရိုတိန်းများမှာ အခြားမော်လီကျူးများကို ပြောင်းလဲ (ဖြိုခွဲခြင်း သို့မဟုတ် ပေါင်းစပ်ခြင်း) နိုင်သည့် အင်ဇိုင်းများ ဖြစ်သည်။[၃]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. University of Utah Genetics Learning Center animated tour of the basics of genetics (web resource), Howstuffworks.com. Retrieved on 2008-01-24. 
  2. ၂.၀ ၂.၁ The Structures of Life National Institute of General Medical Sciences, Accessed 20th May 2008
  3. Enzymes HowStuffWorks, Accessed 20th May 2008