ဗိုလ်ချန်ဇုံ

ဝီကီပီးဒီးယား မှ
ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံ

ဗိုလ်ချန်ဇုံ[ပြင်ဆင်ရန်]

ဗိုလ်ချန်ဇုံ (ခ) ပိုလ်းတွုံသည် ၁၉၁၃ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် စောစီရွာနေ ပအိုဝ်းမျိုးနွယ် ခရစ်ယာန်ဘာသာဝင် ဖြစ်သော မတ္တာမန်းဘတ်တောရိုင်းနှင့် နန်းစုတို့မှ ဖွားမြင်သည်။ မောင်နှာမများမှာ မွိုးလှစီ၊ ဖြားကာယု၊ ဗိုလ်မှူးဂျိုးဇက်နှင့် မွိုးလှမြင့်တို့ဖြစ်သည်။ ဗိုလ်ချန်ဇုံသည် အင်္ဂလိပ်ခေတ်တွင် တောင်ကြီးမြို့ရှိ အေဘီအမ်ကျောင်းမှ သတ္တမတန်းအထိ ပညာသင်ယူခဲ့သည်။

ဗိုလ်ချန်ဇုံသည် အိမ်ထောင်ဆက် (၆)ဆက်ရှိပြီး ၎င်းတို့မှာ မွိုးနန်းဝိုင်း၊ မွိုးနန်းအောင်၊ မွိုးနန်းဟွမ်၊ မွိုးနန်းဗိ၊ မွိုးနန်းရွဲ၊ မွိုးနန်းဗူး တို့ဖြစ်သည်။ ၎င်းတို့နှင့်အတူ ထွန်းကားခဲ့သည့် သားသမီး (၁၀)ဦးမှာ နန်းကြည်ဝင်း၊ နင်းဝင်းရီ၊ နန်းဝင်းရှင်၊ ခွန်အောင်ထွန်း၊ ခွန်မောင်ကြီး၊ နန်းဝင်းစိန်၊ ခွန်မောင်ငယ်၊ ခွန်ထွန်းဖေ၊ ခွန်းထွန်းကြည်နှင့် နန်းခမ်းလောတို့ဖြစ်သည်။

၁၉၂၈ တွင် ဗိုလ်ချန်ဇုံသည် ယူအမ်ပီတပ်ဖွဲ့ကို ဝင်ရောက်ခဲ့သည်။ ၁၉၄၀ တွင် အဆင့်မြင့် စစ်ပညာသင်ယူပြီး ကန်တုံလွယ်မွေနှင့် မိုင်းယန်းဒေသတွင် ယူအမ်ပီ တပ်ခွဲမှူးတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁၁)ရက်နေ့တွင် စတင်ဖွဲ့စည်းသည့် ပအို၀်းအမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့(ပအလဖ)ကို စစ်ရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၅၀ တွင် ပအလဖသည် ဖဆပလ အစိုးရ ဝန်ကြီးချုပ် ဦးနု၏ ကမ်းလှမ်းမှုကြောင့် ဗိုလ်ချန်ဇုံသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်နှင့်အတူ လူအင်အား (၆၃)ဦးဖြင့် အလင်းဝင်ခဲ့သည်။

ထိုနောက် ပုဒ်မ(၅)ဖြင့် အရေးယူခံရသဖြင့် ဖဆပလ အစိုးရ၏ ဖမ်းဆီးမှုကိုခံရပြီး မန္တလေးထောင်တွင် (၄)လ ကြာချခံခဲ့ရသည်။ ထောင်မှ ပြန်လွတ်လာသောအခါ ဖဆပလ အစိုးရကို အယုံအကြည်မရှိတော့သဖြင့် ပအလဖ ရဲဘော်ဟောင်းများနှင့်အတူ တောပြန်ခိုခဲ့သည်။ ၁၉၅၈ ခုနှစ်မေလ(၅)ရက်နေ့တွင် ဖဆပလ အစိုးရမှ ဝန်ကြီးချုပ်ဦးနု၏ လက်နက်နှင့်ဒီမိုကရေစီ လဲလှယ်ရေးလှုပ်ရှားမှုကြောင့် ဗိုလ်ချန်ဇုံသည် ၎င်း၏ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အင်းအား(၁၀၀၀)ခန့်ဖြင့် ဒုတိယအကြိမ် အလင်းဝင်ခဲ့သည်။

၁၉၆၄ တွင် နေဝင်းအစိုးရက ငွေစက္ကူ မတရားကြောင်း ကြေညာမှုကြောင့် ပအို၀်းအမျိုးသားတို့၏ ရန်ပုံငွေကို ထိခိုက်လာသဖြင့် ပအို၀်းသူပုန်ပြန်ထမည်ကို စိုးရိမ်ကာ နေဝင်းအစိုးရသည် ဗိုလ်ချန်ဇုံကို ၁၉၆၈ ခုနှစ်ထိ (၄)နှစ်ကြာ ဖမ်းဆီးထောင်ချခဲ့သည်။ ဗိုလ်ချန်ဇုံသည် ထောင်မှ လွတ်မြောက်လာပြီးနောက် ဟိုပုံးမြို့ မြောက်ဘက်ရှိဒေသများတွင် လက်နက်ကိုင်လမ်းစဉ်ကို ပြန်လည်ကျင့်သုံးပြီး လှုပ်ရှားခဲ့သည်။ ၁၉၇၅ ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ [၁]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ပအိုဝ်းဘာသာဖြင့်ရေးထားသည့် "ဟောဝ်သေထွိုက်ငါး စွိုးခွိုအွဉ်ငါ အားဇားနည်းခေါင်းဆောင်တန်သီး ဘဝမတ်တန် အအဲဉ်း"။ ခွန်မောင်တုတ် (ပအမဖ)၊ ၂၀၁၁။ ပေါ်ပြူလာ ပအိုဝ်းပုံနှိပ်စက် အမှတ် (၁၈) အနောက်မြို့ပတ်လမ်း၊