ဗိမ္မိသာရမင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
သားတော် အဇာတသတ်မှ ဖခင် ဗိမ္မိသာရမင်းအား ဤနေရာတွင် အကျဉ်းချထားခဲ့သည်။

ဗိမ္မိသာရမင်း သည် မဂဓတိုင်း၊ ရာဇဂြိုဟ်ပြည့်ရှင် ၊ ဘာဂီနိယ မင်းကြီး၏ သားတော်ဖြစ်သည်။ ဘာဂီနိယ မင်းကြီးနှင့် သက္ကတိုင်း ကပိလဝတ်ပြည့်ရှင် သုဒ္ဓေါဒနမင်းကြီးတို့သည် မိတ်သဟာယများဖြစ်ကြသည်။ ဗိမ္မိသာရမင်းသားသည် သုဒ္ဓေါဒနမင်းကြီး၏ သားတော် သိဒ္ဓတ္ထမင်းသားအောက် ၅ နှစ် ငယ်တော်မူသည်။ အဉ္ဓနမင်းကြီးဖြိုပြီး သက္ကရာဇ် ၇၃ ခုနှစ်တွင် ဖွားမြင်သည်။ သက်တော် ၁၅ နှစ်အရွယ်တွင် ခမည်းတော်၏ အရိုက်အရာကို ဆက်ခံကာ မင်းပြုလေသည်။

သိဒ္ဓတ္ထမင်းသားသည် တောထွက်ပြီးနောက် ရဟန်းပြုကာ၊ ရာဇဂြိုဟ်ပြည်အတွင်း ဆွမ်းခံဝင်သည်။ ထိုအခါ ရာဇဂြိုဟ် တစ်ပြည်လုံး ချောက်ချားသဖြင့် ဗိမ္မိသာရမင်းသည် မင်းချင်းတို့အား စေလွှတ်စုံစမ်းစေသည်။ မင်းချင်းတို့၏ လျှောက်တင်ချက်ကို ကြားသိတော်မူလျှင်၊ ဘုရားအလောင်းရှိရာသို့ ဆောလျင်စွာ သွား၍ အသက်အရွယ် ငယ်ပါသေးသည်။ တောမထွက်ပါနှင့်။ ပြည်တော်ထက်ဝက်ကို ပေးအပ်ပါမည်။ မင်းပြု၍ စံစားပါဦးဟု လျှောက်ထားသည်။ သို့သော် ဘုရားအလောင်းတော်က ငြင်းပယ်သည်။ ထိုအခါ ဗိမ္မိသာရမင်းက ဘုရားအဖြစ်သို့ ရောက်ခဲ့လျှင်၊ ရှေးဦးစွာ ရာဇဂြိုပြည်သို့ ကြွရောက်ပါရန် လျှောက်ထားသောအခါမူ၊ ဘုရားအလောင်းတော်က ဝန်ခံကတိပေးလေသည်။

မြတ်စွာဘုရားရှင်အလောင်းတော်အား ပြည်တော်အပ်နှင်းကြောင်း၊ လျှောက်တင်နေသော ဗိမ္မိသာရမင်းအား မြန်မာ့ပန်းချီအနုပညာဖြင့် ဖော်ပြထားပုံ

နန်းတက်ခြင်း[ပြင်​ဆင်​ရန်​]

ဗိမ္မိသာရမင်း၏ နန်းစံ ၁၆ နှစ်မြောက်တွင် သဗ္ဗညုဘုရားရှင်အဖြစ်သို့ ရောက်တော်မူပြီးသော ဗုဒ္ဓရှင်တော်ဘုရားသည် ဗိမ္မိသာရမင်းကြီး၏ လျှောက်ကြားချက်ကို နှလုံးထားတော်မူသဖြင့် ရာဇဂြိုဟ်ပြည်သို့ သံဃာတော် တစ်ထောင်နှင့် ကြွရောက်တော်မူ၍၊ မြို့အနီး ထန်းတောဥယျာဉ်၏အလယ် သစ်ပင်ရင်း၌ သီတင်းသုံးတော်မူကြောင်း ဗိမ္မိသာရမင်းကြီး ကြားသိတော်မူလျှင် တသိန်းနှစ်သောင်းမျှသော မှူးမတ်၊ သူဌေး၊ ပုဏ္ဏားတို့ ခြံရံလျက် မြတ်စွာဘုရားအထံတော်သို့ လာရောက်ဆည်းကပ်သည်။ မြတ်စွာဘုရားသည် ဥရုဝေ ၊ ကဿပရသေ့ကို အကြောင်းပြု၍ ဂါတာ ၁၉၀ ရှိသော နာရဒကဿပ ဇာတ်ကို ဟောတော်မူရာ၊ ဗိမ္မိသာရမင်းနှင့်တကွ တသိန်းတသောင်းသော ခြွေရံသင်းပင်းတို့သည် သောတာပန် တည်ကုန်သည်။ ကျန်တသောင်းသော သူတို့သည် သရဏဂုံ တည်ကြကုန်သည်။

ဗိမ္မိသာရမင်းကြီးသည် ဘုရားရှင်အား လွန်စွာ ကြည်ညိုသဒ္ဓါ ပွားလှသဖြင့် မိမိအား ဥပသကာအဖြစ် အမှတ်ထားတော်မူရန် လျှောက်ထားပြီးသော်၊ နောက်တနေ့နံနက်တွင် ဘုရားရှင်အား အခြံအရံ သံဃာတော်များနှင်တကွ မိမိ၏ နန်းတော်သို့ ဆွမ်းအလှူခံ ကြွတော်မူရန် ဖိတ်ကြားသည်။ ထိုနေ့ နံနက်တွင် ဘုရားရှင်နှင့် သံဃာတော် အပေါင်းအား ဆွမ်းလုပ်ကျွေးပြီးသော် ဝေဠုဝန်ဥယျာဉ်တွင်း၌ မင်း၏ နန်းတော်ကို အရံနှင့်တကွ မြတ်စွာဘုရားနှင့် သံဃာတော်များ သီတင်းသုံးရန် ရေစက်သွန်းချ လှူဒါန်းလေသည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဗိမ္မိသာရမင်းကြီးသည် ဂေါတမဘုရားရှင်အား လွန်စွာ ကြည်ညိုသဒ္ဓါ ထက်သန်စွာဖြင့် လုပ်ကျွေးပြုစု ဆည်းကပ်ကိုးကပ်သော်လည်း မင်းကြီး၏ အဂ္ဂမဟေသီ ဒေဝီအရာထားတော်မူသော ခေမာမိဖုရားကား အဆင်းမာန်တက်၍ ဘုရားရှင်အား သွားရောက်ဖူးမြော်ခြင်း မပြုချေ။ ထို့ကြောင့် မင်းကြီးက ဥပါယ်တံမျဉ်ဖြင့် မိဖုရားအား ဖုရားရှင်ထံသွားရောက်စေရာတွင် ခေမာမိဖုရားသည် ဘုရားရှင်၏ တရားကို နာယူရကာ အကျွတ်တရားရ၍ ဘိက္ခူနီမပြုပြီးသော် နောင်အခါ ခေမာထေရီဟု လက်ျာတော်ရံ ဧတဒဂ်ရထေရီတဦး ဖြစ်လာသည်။ ဗိမ္မိသာရမင်းကြီးသည် ယင်းသို့ဖြင့် ဘုရားရှင်၏ သာသနာတော်ကို ချီးမြှောက်သော မင်းတပါး ဖြစ်သည်။ ထိုပြင် သားသမီးအပေါ်၌ မိဘ၏ မေတ္တာမည်မျှ ကြီးမားသည်ကို ဥပမာထုံးတမ်း အကိုးအကားပြုရသော မင်းတပါးလည်း ဖြစ်ပေသည်။၊ ဗိမ္မိသာရမင်းတွင် ဝေဒေဟီအမည်ရှိ မိဖုရားကြီးတစ်ပါး ရှိသေးသည်။ ထိုမိဖုရားတွင် သန္ဓေတည်လေလျှင် မင်းကြီး၏ လက်ျာလက်ရုံးသွေးကို သောက်လိုသော ချင်ခြင်းဖြစ်သည်။ မင်းကြီးသိတော်မူလျှင် မိဖုရား၏ ချင်ခြင်းကို ပြည့်စေသည်။ သို့သော် ဟူးရာတို့က မိဖုရား၏ သန္ဓေသားသည် မင်းကြီးအား သတ်မည့်သူဟု နိမိတ်ဖတ်ကြသည်။ ထို့ကြောင့် မိဖုရားသည် သန္ဓေသားကို ဖျက်ဆီးရန် အတန်တန်ကြိုးစားသည်။ မင်းကြီးကမူ ယင်းသို့ မပြုရန် တားမြစ်၍ မြဲမြံစွာ သန္ဓေသားကို စောင့်ရှောက်ထားစေသည်။ အချိန်တန်၍ သားတော်ဖွားလျှင် မိဖုရား မသိရလေအောင် အစောင့်အရှောက်တို့က သိုဝှက်ပယ်ဆောင်ထားသည်။ သွားလာနိုင်သော အရွယ်ရောက်မှ သားတော်ကို မိဖုရားအား ပြစေသည်။ မင်းကြီးလည်း သားတော်အား အလွန်ချစ်ခင် မြတ်နိုးတော်မူသည်။ တခါသော် သား၏လက်တွင် အိုင်းအမာနာပေါက်၍ မခံမရပ်နိုင်ဖြစ်လေသော် မင်းကြီးသည် ထိုလက်ချောင်းကို ခံတွင်း၌ ငုံပေးသည်။ အတန်ငယ် သက်သာရာ ရ၍ သားတော် အိပ်ပျော်စဉ် ပြည်ပေါက်လေသော်၊ သားတော်နိုးမည်စိုး၍ ပြည်ကို မျိုချသော ဟူ၏။ မင်းကြီးသည် သားတော်အား လွန်စွာ ချီးမြှောက်သားပြီးသော် အရွယ်ရောက်လျှင် အိမ်ရှေ့အရာနှင်းလေသည်။ ထိုအိမ်ရှေ့မင်းကား အဇာတသတ်မင်းသားပေတည်း။ ၏ ဘုရားရှင်နှင့်တကွ သာဝကအပေါင်းကို ပျက်စီးစေလိုသော ဒေဝဒတ်သည် အဇာတသတ် မင်းသားက မိမိအား ကြည်ညိုအောင် ပြုသည်။ မိမိပြောဆိုသမျှ နားဝင်အောင် ပြုသည်။ ဒေဝဒတ်သည် ဘုရားရှင်အား ကြည်ညိုလှသူ ဗိမ္မိသာရမင်းအားလည်း ပျက်စီးစေလိုသည်။ ထို့ကြောင့် မိမိက ဘုရားရှင်အား သတ်၍ ဘုရားအဖြစ် ယူမည်၊ အဇာတသတ်က ခမည်းတော်ကို သတ်၍ မင်းအဖြစ်ယူရန် တိုက်တွန်းသည်။ အဇာတသတ်သည် ဒေဝဒတ်၏ တိုက်တွန်းချက်အတိုင်း၊ ခမည်းတော်အား ကိုယ်တိုင်သတ်ရန် ကြံစည်သည်။ ယင်း၏အကြံ ပေါ်ပေါက်သွားသော်လည်း ဗိမ္မိသာရမင်းကြီးသည် အပြစ်မယူဘဲ သားတော်၏ ဆန္ဒအတိုင်းဖြစ်စေရန် ထီးနန်းလွှဲအပ်းပေသည်။ သို့သော် ဒေဝဒတ်၏ လှည့်ဖျားအကြံပေးချက်ကြောင့် အဇာတသတ်မင်းသည် ခမည်းတော်အား ထောင်သွင်းအကျဉ်းချကာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခြင်း ပြုစေသည်။ ဝေဒဟီမိဖုရားသည် ထောင်တွင်းသို ဝင်ကာ နည်းအမျိုးမျိုးဖြင့် မင်းကြီးအား သက်သာရာရစေအောင် ပြုစုသည်။

အဇာတသတ်သားတော်[ပြင်​ဆင်​ရန်​]

အဇာတသတ်မင်းက ခမည်းတော်အား အစာပြတ်သေစေရန် ပြုသော်လည်း မိဖုရားကြီးသည် နည်းအမျိုးမျိုးဖြင့် မင်းကြီး၌ အဟာရ မျှတအောင် ပြုပေသည်။ နောက်ဆုံးတွင် အဇာတသတ်မင်းက မယ်တော်ကိုလည်း ခမည်းတော်ထံ ဝင်ခွင်မပြုတော့ချေ။ ထိုအခါ ဗိမ္မိသာရမင်းကြီးသည် စင်္ကြံလျှောက်ယင်းပင် မဂ်ဖိုလ်ချမ်းသာကို ခံစား၍ မိမိကိုယ်ကို မျှတအောင် နေတော်မူလေသော်၊ အလွန်လျှင် ခန္ဓာကိုယ် အတ္တသဘောသည် တင့်တယ်လေသည်။ ထိုအခါ အဇာတသတ်မင်းသည် ခမည်းတော် စင်္ကြံမလျှောက်နိုင်စေရန် ခြေဖဝါးကို ဓားနှင့်ခွဲပြီးသော် ဆားရောသော ဆီဖြင့် လိမ်းကျံ၍ ရှားမီးခဲတွင် ကင်မြှိုက်စေသည်။ မင်းကြီးသည် ဆင်းရဲဝေဒနာကို ပြင်းထန်စွာ ခံစားရသော်လည်း ရတနာသုံးပါးကို အောက်မေ့ နှလုံးသွင်းလျက်ကပင် ခန္ဓာကိုယ်သည် ညှိုးနွမ်းခြောက်သွေ့၍ စုတေလေသော် စတုမဟာရာဇ်နတ်ပြည် ဝေဿဝဏ နတ်မင်းကြီး၏ အလုပ်အကျွေးဇနဝသဘမည်သော နတ်သားဖြစ်လေသည်။ ဗိမ္မိသာရမင်းကြီးသည် မင်းစည်းစိမ် ၅၂ နှစ်၊ သက်တော် ၆၇ နှစ်၊ မဟာသက္ကရာဇ် ၁၄၀ ပြည့်နှစ်တွင် သားတော် အဇာတသတ်မင်းလုပ်ကြံ၍ ကံတော်ကုန်ရလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အပိုင်း-က၊ အတွဲ-၈