ဘယ်ရီသီး

ဝီကီပီးဒီးယား မှ
(ဗယ်ရီသီး မှ ပြန်ညွှန်းထားသည်)
ဘယ်ရီသီးအစစ်များ နာရီလက်တံအတိုင်း ညာမှ (စပျစ်သီး၊ တည်သီး၊ ဆီးဖြူသီးအနီ၊ ရတ်ကားရင့်သီး(ထိပ်မှ))

အသားပျော့အိ၍ အစေ့များပြီးလျှင် အရည်ရွမ်းသော အသီးများကို ဘယ်ရီသီးဟုခေါ်သည်။ ပုံစံအားဖြင့် စပျစ်သီးနှင့် နရွဲသီးတို့ကဲ့သို့သော အသီးမျိုးဖြစ်သည်။ ဘယ်ရီသီးမျိုး သီးသော အပင်များမှာ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ဟတ်ကယ် ဘယ်ရီ၊ ဘလူးဘယ်ရီ၊ ကားရန့်ဘယ်ရီ၊ လိုဂန်ဘယ်ရီ၊ ရပ်စဘယ်ရီ၊ ကရန်း ဘယ်ရီ၊ အော်ရီဂွန် စပျစ်သီးတို့ ဖြစ်ကြသည်။

အသီး၏အမည်တွင် ဘယ်ရီပါတိုင်းလည်း ရုက္ခဗေဒအလိုအားဖြင့် ဘယ်ရီသီးများ မဟုတ်ကြချေ။ ပုံစံအားဖြင့် စတော်ဘယ်ရီဟု ခေါ်နေကြသော အရာမှာ စင်စစ် အရည်ရွမ်းသော ပွင့်ရင်ခံတစ်ခုဖြစ်၍ အသီးကလေးများသည် ယင်း၏ မျက်နှာပြင်တစ်ခုလုံးတွင် အနှံ့အပြား ပေါ်လျက်ရှိကြသည်။ ဘလက်ဘယ်ရီသီးခေါ်သော အသီးများသည် ချယ်ရီသီးများနှင့် တူ၍ အတွင်းခွံမာသီးများ ဖြစ်ကြသည်။ အသီးသီးပုံမှာ အတွဲလိုက်အပြွတ်လိုက်ဖြစ်၍ အသီး၏ အလယ်တွင် မာကျောသော အစေ့တခုတည်းသာ ရှိလေသည်။

ဘယ်ရီသီးများ(စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီနှင့် စပျစ်သီး)

ဘယ်ရီသီးမျိုး သီးသော အပင်မျိုးတို့သည်လည်း ရုက္ခဗေဒအလိုအရ မျိုးရင်းချင်း၊ မျိုးစုချင်း မတူကြချေ။ ပုံစံအားဖြင့် ဘလူးဘယ်ရီပင်သည် ချုံပင်မျိုးဖြစ်၍ အီရီကာစီအီးမျိုးရင်း၌ ပါဝင်ပြီးလျှင် ဘက်ဆီနီယမ် အမျိုးစုဝင်ဖြစ်သည်။ စပျစ်သီးသည် ဗိုက်တာစီအီးမျိုးရင်တွင် ပါဝင်သော စပျစ်ပင်မှသီး၍ ထိုအပင်၏ ရုက္ခဗေဒမျိုးစုအမည်သည် ဗိုင်တစ်ဖြစ်သည်။ စပျစ်ပင်သည် နွယ်ပင်ဖြစ်လေသည်။ ဘလက်ဘယ်ရီပင်သည် ရိုဇေးစီအီးမျိုးရင်းဝင်ဖြစ်၍ရူဗတ်မျိုးစုတွင် ပါဝင်သော အပင်ငယ်မျိုး ဖြစ်လေသည်။