ဗထူးတပ်မြို့

ဝီကီပီးဒီးယား မှ
ဗထူးတပ်မြို့
ဗထူးတပ်မြို့ သည် မြန်မာနိုင်ငံ တွင် တည်ရှိသည်
ဗထူးတပ်မြို့
ဗထူးတပ်မြို့
ရပ်စောက်မြို့နယ်၊ ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံ
ကိုဩဒိနိတ်: မြန်မာနိုင်ငံ 21°16′42″N 96°50′12″E / 21.27833°N 96.83667°E / 21.27833; 96.83667
နိုင်ငံမြန်မာနိုင်ငံ
ပြည်နယ်ရှမ်းပြည်နယ်
ခရိုင်တောင်ကြီးခရိုင်
မြို့နယ်တောင်ကြီးမြို့နယ်
တည်ထောင်ခြင်း၁၉၅၃
ပင်လယ်ရေ မျက်နှာပြင်အမြင့်၃၀၅၀ ပေ (၉၃၀ မီတာ)
လူဦးရေ
 • လူမျိုးများပအိုဝ်းဗမာတရုတ်ဗမာရှမ်းအိန္ဒိဗမာဂေါ်ရခါးအင်းသား။ တောင်ရိုး။
 • ကိုးကွယ်ယုံကြည်မှုဗုဒ္ဓဘာသာ, ခရစ်ယာန်, အစ္စလာမ်။ သိန္ဒူ။ ဆစ်ခ်။
ဧရိယာကုဒ်(များ)၀၃၄[၁]

မြန်မာ့သမိုင်းတွင်လူမျိုးနှင့်နိုင်ငံ လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမငဲ့ဘဲ ဇွဲသတ္တိဖြင့် တိုက်ခိုက်ဆောင်ရွက်ခဲ့သော ကွယ်လွန်သူ ဗိုလ်မှူးကြီး ဗထူးအား ချီးကျူးဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် တောင်ပိုင်းရပ်စောက် (လောက်ဆောက်)မြို့ မြောက်ဘက် တစ်မိုင်ကွာခန့်တွင် ဗထူးတပ်မြို့ဟု အမည်ပေးထားသော တပ်မြို့တစ်မြို့ တည်ဆောက်ထားလေသည်။တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း တည်ရှိရာမြို့ ဖြစ်သည်။ သင်တန်းကျောင်းများနှင့် ခြေလျင် တိုက်ခိုက်ရေး တပ်များ၊ လက်ရုံး ဝန်ထမ်းတပ်များ အခြေစိုက်သည်။

ဗထူးတပ်မြို့သည် ပင်လယ်ရေမျက်နှာပြင် အထက်ပေ ၃ဝ၅ဝ အမြင့်တွင် တည်ရှိ၍၊ ၂၂ စတုရန်းမိုင် ကျယ်ပြန့်သည်။ ယခင်က နန်ဟူရွာပျက်ဟု မြေတိုင်းမြေပုံများတွင် ဖော်ပြထားသော အရပ်ဖြစ်၏။ လွယ်ဂုံချောင်းနှင့် ပိန်းချောင်းတို့ စုပေါင်းစီးဆင်းလာသော နန်ဟူချောင်းသည် တပ်မြို့ အလယ်မှ ဖြတ်စီးသွားပြီးလျှင် ဇော်ဂျီမြစ်နှင့် ပူးပေါင်းသွား သည်။ ထိုချောင်းမြောင်းများမှအပ တပ်မြို့ဧရိယာတစ်ခုလုံးသည် မြက်ခင်းများ ဖုံး နေသော တောင်ကုန်းများ ဖြစ်သည်။ တပ်မတော်အရာရှိများ၊ အရာရှိငယ်များအတွက် လေ့ကျင့်ရေးကျောင်းများနှင့် တိုက်ခိုက်ရေးကျောင်းများ ထားရှိရန် လိုအပ်လာသဖြင့် နေရာရွေးချယ်ခဲ့ရာ၊ ထိုစဉျက မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး သရေစည်သူ ဗိုလ်မှူးချုပ်ကျော်ဇော၊ အမှတ်(၄) ခြေလျင်တပ်မဟာမှူး သီရိပျံချီ ဗိုလ်မှူးကြီးစောမြင့် နှင့် လေ့ကျင့်ရေးညှှန်ကြားရေးမှူး သီရိပျံချီဗိုလ်မှူးကြီးမောင်မောင်တို့က ယခုနေရာကို ရွေးချယ်ခဲ့ပြီးလျှင် ၁၉၅၃ ခုနှစ် နိုဝင်ဘာလမှ အစပြု၍ တပ်မြို့ကို တည်ဆောက်ခဲ့လေသည်။ ဗမာ့ တပ်မတော် အင်ဂျင်နီယာတပ်ဖွဲ့က တပ်မြို့နှင့် အဆောက်အအုံ တစ်ဝက်ခန့်ကို ဆောက်လုပ်ခဲ့၍ ကျန်အဆောက်အအုံ ဆောက်လုပ်ရေးကို အင်ဂျင်နီယာများ ဖြစ်သော ဦးစိုးခ၊ ဗိုလ်ကြိုင်၊ မစ်စတာချောင်ဒရီတို့က ဆောင်ရွက်ကြသည်။ ပထမဦးစွာ တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း အတွက် အဆောက်အအုံများ ပြီးစီး၍၊ ၁၉၅၄ ခုနှစ် မတ်လ ၁ ရက်နေ့တွင် တိုက်ခိုက်ရေးကျောင်း စတင် စခန်းချသည်။ ဆက်လက်၍ စစ်တက်ကသိုလ်အတွက် အဆောက်အအုံများ ဆောက်လုပ်ရာ ပြီးစီးသဖြင့် ၁၉၅၄ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့တွင် စတင် စခန်းချသည်။ ၁၉၅၄ ခုနှစ် မတ်လ ၂ဝ ရက်နေ့တွင် တိရိစာၦန် မွေးမြူရေး တပ်ရင်းတစ်ခုကိုလည်း ထားရှိခဲ့သည်။ တပ်မြို့ တစ်ခုလုံးကို ၁၉၅၄ ခုနှစ် စက်တင်ဘာလ ၃၁ ရက် နေ့တွင် ဆောက်လုပ်ပြီးစီးလေသည်။ ပထမတပ်မြို့၊ မြို့နယ်တပ်မှူးကား သီရိပျံချီ ဒုဗိုလ်မှူးကြီး ကျော်စိုး ဖြစ်လေသည်။

၁၉၅၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စစ်တက်ကသိုလ်နှင့် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း ပါဝင်သော ဗထူးတပ်မြို့ကို နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုဖွင့်လှစ် သည်။ ဖွင့်လှစ်ပွဲသို့ ဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းနှင့် စစ်ဖက်အရာရှိကြီးများ၊ နိုင်ငံခြား သံတမန် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဗထူးတပ်မြို့တွင် ထင်ရှားသော အဆောက်အအုံများမှာ-

  1. အောင်ဆန်းခန်းမ
  2. မြဝတီခန်း
  3. တိုက်ခိုက်ရေးကျောင်းရုံးကြီး
  4. ဗန္ဓုလခန်းမ
  5. ဗထူးမြို့ဝင် တံခါးမကြီးတို့ ဖြစ်သည်။

ဗထူးတပ်မြို့၌ နေထိုင်သူအပေါင်းတို့၏ ကလေးများအတွက် တပ်မတော်ကလေးများ အလယ်တန်းကျောင်းကို ၁၉၅၅ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးလျှင်၊ ယင်းကျောင်းကို အထက်တန်းကျောင်းအဖြစ် ၁၉၅၉ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် တိုးမြှင့် ဖွင့်လှစ်ပေးခဲ့သည်။ ကူးသန်းရောင်းဝယ်ရေးအနေဖြင့် ပြောပလောက်အောင် မရှိချေ။ ယခင်က အင်းတော်သွားလမ်းနှင့် နန်ဟူချောင်း မြောက်ဘက်တွင် ပရုတ်ပင်များ စိုက်ခဲ့သည်။ ယခုအခါ မစိုက်တော့ချေ။ ပတ်ဝန်းကျင်ဒေသတွင် စပါးစိုက်သော်လည်း စားသုံး ရန်အတွက် မလုံလောက်ဘဲ ရှိသည်။ ကောင်ဘို့ရွာတွင် လိမ္မော်သီးနှင့် အင်းတော်တွင် သစ်သီးအနည်းအကျဉ်းသာ ထွက်သည်။

(၁၉၆ဝ ပြည့်နှစ် သန်းခေါင်စာရင်းအရ တောင်ကြီးခရိုင် တွင် ပါဝင်သော ရပ်စောက်မြို့၏ လူဦးရေမှာ ၄ဝ၄၇ဝ ဖြစ် သည်။)

  1. http://www.myanmars.net/myanmar/telephone-area-codes.htm