ဖောင်ဝန်

ဝီကီပီးဒီးယား မှ

ဖောင်ဝန်[ပြင်ဆင်ရန်]

ဖောင်ဝန်သည် ဖောင်တော် ၊ လှေတော်၊ လှော်ကား ၊ သမ္ဗန် ၊ သက္ကုဒါန် စသည့် လှေတော်အစုသားများအား အုပ်ချုပ်စီရင်ရသူဖြစ်သည်။ မြန်မာမင်းများလက်ထက် ထင်ရှားသည့် ဖောင်တော်များမှာ ပြည်ကြီးဝန်ဖောင်တော် ၊ ကရဝိက်ဖောင်တော် ၊ သင်္ကနက် မဟာပါဿဒ၊ ဇီဝဇိုး ၊ ပဉ္ဇရူပ စသည့် ဖောင်တော်ကြီးများဖြစ်ကြ၏ ။ ဖောင်ဝန် လက်အောက်တွင် ဖောင်စာရေးများကိုလည်း ထားရှိသည် ။

ကုန်းဘောင်ခေတ်ဦးကာလ[ပြင်ဆင်ရန်]

ကုန်းဘောင်ခေတ်ဦးကာလ စဉ့်ကူးမင်း ( ၁၇၇၆ - ၁၇၈၂ ) လက်ထက်တွင် ခန့်အပ်ခံခဲ့ရသည့် ဖောင်ဝန်မှာ နေမျိုးနန္ဒမိတ်ဖြစ်သည် ။ ဖောင်ဝန်နေမျိုးနန္ဒမိတ်သည် စဉ့်ကူးမင်း၏ ယောက္ခမတော်စပ်သူလည်းဖြစ်၏ ။ ဖောင်ဝန်၏ သမီးမြတ်စွာဒေဝီမှာ စဉ့်ကူးမင်း၏ မိဖုရားတစ်ပါးဖြစ်သည် ။

ဖောင်ဝန်ဦးဝန်[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း (ဘကြီးတော် )လင်ထက် ဖောင်ဝန်မှာ မင်းကြီးမဟာမင်းကျော်မင်းထင်ဘွဲ့ခံ ဦးဝန်ဖြစ်သည် ။ ဖောင်ဝန်ဦးဝန်သည် ၁၈၂၄-ခုနှစ် ဘိသိက်အခမ်းအနားအပြီးတွင် ရွှေစလွယ် ၉ သွယ်အပါအဝင် အဆောင်အရွက်၊ အစီအနင်းများ ပေးအပ်ချီ့မြှင့်ခံခဲ့ရသည် ။ ဖောင်ဝန်အား နေမျိုးသီရိကျော်ထင်ဘွဲ့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဝန်ထောက်အရာလည်း တိုးမြှင့်ခန့်အပ်ခဲ့ရာ ဖောင်ဝန်ထောက်ဟု အမည်တွင်ပါသည် ။

ဖောင်ဝန်ဦးကွန်[ပြင်ဆင်ရန်]

ပုဂံမင်း ( ၁၈၄၆ - ၁၈၅၂ ) လက်ထက် ဖောင်ဝန်မှာ မင်းကြီးမဟာမင်းကျော်မင်းထင်ဘွဲ့ခံ ဦးကွန်ဖြစ်သည် ။ သူသည် ဝန်ထောက်အရာပါရရှိခဲ့သဖြင့် ဖောင်ဝန်ထောက် ဦးကွန်ဟု အမည်ထင်ရှားခဲ့၏ ။ ၁၈၅၂ ခုနှစ်တွင် မင်းတုန်းကနောင်မင်းသားများ နောင်တော်ပုဂံမင်းကို နန်းချရန် ရွှေဘိုသို့ထွက်ခွာစဉ် ဖောင်ဝန်ထောက်ဦးကွန် ဦးဆောင်လျက် အမိန့်တော်ဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရ၏ ။

မင်းတုန်းမင်းလက်ထက်[ပြင်ဆင်ရန်]

၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း နန်းတက်လာသောအခါ ဖောင်ဝန်အဖြစ် မြို့သစ်မြို့စား မဟာမင်းထင်သီဟသူဘွဲ့ခံ ဦးရွှဲအား ခန့်အပ်လိုက်ပါသည် ။ သူသည်လည်း ဝန်ထောက်ရာထူးနှင့် ပူးတွဲတာဝန်ထမ်းဆောင်ရသဖြင့် ဖောင်ဝန်ထောက်ဟု အမည်တွင်ခဲ့သည် ။ ရတနာပုံ နေပြည်တော်တည်စဉ် ၂၂ မေ ၁၈၅၉ ခုနှစ်တွင် မြို့တံခါးများအား တာဝန်ယူဆောက်လုပ်ခဲ့ရာ ဖောင်ဝန်ထောက်ဦးရွှဲသည် တောင်ဘက်မျက်နှာအရှေ့ဘက်ဆုံး၌ ကျွန်တိုင်းယူတံခါးကိုတာဝန်ယူ ဆောက်လုပ်ခဲ့ရသည် ။ ၃၀ ဩဂုတ် ၁၈၆၄ ခုနှစ်တွင် ဝန်ထောက်ဖောင်ဝန် မြို့သစ်မြို့စားမင်းကြီး မဟာမင်းထင်စည်သူဘွဲ့ခံ ဦးရွှဲအား မိုးနဲဗိုလ်မှူးရာထူးခန့်အပ်လိုက်ခဲ့သည်။

ဖောင်ဝန်ရာထူးအပြောင်းအလဲ[ပြင်ဆင်ရန်]

ဦးရွှဲအား မိုးနဲဗိုလ်မှူးအရာခန့်အပ်လိုက် သဖြင့် မိုးနဲသို့သွားရောက်စီမံအုပ်ချုပ်ရသည် ။ သို့ဖြင့် ၁၈၆၆ခုနှစ်တွင် လစ်လပ်သွားသော ဖောင်ဝန်ရာထူးကို မင်းကြီးမဟာမင်းထင်အား ခန့်အပ်ခဲ့၏ ။ သို့သော် ၁၈၆၇ ခုနှစ်တွင် ဦးရွှေမောင်အား ဖောင်ဝန်အရာခန့်အပ်လိုက်ပါသည် ။ ဦးရွှေမောင်သည် ၁၈၇၈ ခုနှစ် မင်းတုန်းမင်း နတ်ရွာစံလွန်ချိန်အထိ ဖောင်ဝန်ရာထူးဖြင့် အမှုထမ်းခဲ့၏ ။ ဦးရွှေမောင်၏ဘွဲ့မည်မှာ မဟာမင်းလှစည်သူဖြစ်သည် ။ ၁၈၇၃ ခုနှစ်တွင် သရက်အရေးပိုင် ဘရောင်း ( Mr.brown) မန္တလေးသို့ လာရောက်စဉ် ဖောင်ဝန်ဦးရွှေမောင်ပါဝင် ကြိုဆိုခဲ့ရသည် ။

သီပေါမင်းနန်းတက်စ[ပြင်ဆင်ရန်]

၁၈၇၈ ခုနှစ်အောက်တိုဘာလတွင် သီပေါမင်းနန်းတက်လာပြီးနောက် ဦးရွှေမောင်းအား ဖောင်ဝန်အဖြစ် ဆက်လက်ခန့်အပ်ခဲ့သည် ။ သို့သော် ၂ ၂ ဇန်နဝါရီ ၁၈၇၉ ခုနှစ်တွင် ကျောက်ရဲ မြို့စား ဖောင်ဝန်မင်းကြီးမဟာမင်းထင်ကို ရွှေမြို့တော်ဝန်အရာခန့်အပ်ခဲ့သည် ။

ဖောင်ဝန် ဦးသောင်း[ပြင်ဆင်ရန်]

ဖောင်ဝန် ဦးသောင်း၏ ဘွဲ့အမည်မှာ မဟာမင်းထင်မင်းလှသီဟသူဖြစ်သည် ။ ၁၇ ဇူလိုင် ၁၈⁠၈၄ ခုနှစ်တွင် တရုတ်စက်ကျင်အား တိုက်ခိုက်ရန်အတွက် ဖောင်ဝန်ဦးသောင်းနှင့် လှေအမှုထမ်း ၃၀၀ တို့ အမိန့်တော်အရ ချီတက်ခဲ့ရ၏ ။ ထို့ပြင် ၁၈⁠၈၅ ခုနှစ် နှစ်လယ်ပိုင်းတွင် ဖောင်ဝန်ဦးသောင်းသည် အချုပ်ဝန်၊ မံသာကြီးရွာစားပျိုတော် စမွန်ကြီးရွာစား အပျိုတော်တို့နှင့်အတူ ရန်ကုန်သို့ အထူးအဆန်းပစ္စည်း ဝယ်ယူရန်သွားရောက်ခဲ့ရ၏ ။ အင်္ဂလိပ်မြန်မာ တတိယစစ်ပွဲ ဖြစ်ပွားလုနီးအချိန် ၁၁ နိုဝင်ဘာ ၁၈⁠၈၅ တွင်ဖောင်ဝန်ဦးသောင်း အပါအဝင်တပ်များ စစ်ချီကြရ၏။ ဖောင်ဝန်ဦးသောင်းသည် သီပေါမင်းလက်ထက်တစ်လျှောက် ပါတော်မူချိန်ထိ ဖောင်ဝန်အဖြစ် အမှုထမ်းခဲ့ရသူဖြစ်ပြီး ၉ ဇန်နဝါရီ ၁၈၉၅ ခုနှစ် ကိုလိုနီခေတ်ဦး ကာလတွင် ကွယ်လွန်သွားသည် ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉