ဖိုးဖြူ ၊ ဦး(လူမှုအကျိုးဆောင်ရှေ့နေ)

ဝီကီပီးဒီးယား မှ
ဦးရန်အောင်
မွေးဖွား (1980-05-28) ၂၈ မေ၊ ၁၉၈၀ (အသက် ၄၃)
အခြား အမည်များဖိုးဖြူ
ကျော်ကြားမှုအရင်းခံလူမှုအကျိုးဆောင်ရှေ့နေ
ဝက်ဘ်ဆိုဒ်school.uphoephyu.org


ဦးရန်နိုင်အောင် (ခေါ်) ဦးဖိုးဖြူကို ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့တွင် အဖ ဦးကြည်သိန်း (တရားရုံးရှေ့နေ) နှင့် အမိ ဒေါ်မိမိလေး (အထက်တန်းပြဆရာမ) တို့က မွေးဖွားခဲ့သည်။

၁၉၈၅ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ အ.လ.က (၄) သင်္ဃန်းကျွန်းမြို့နယ်၊ ၁၉၉၄ မှ ၁၉၉၆ အထိ အ.ထ.က (၂) သင်္ဃန်းကျွန်းမြို့နယ်တို့တွင် တက်ရောက် ပညာသင်ယူခဲ့သည်။

၂၀၀၀ ပြည့်နှစ်မှ ၂၀၀၃ ခုနှစ် အထိ ရန်ကုန်တက္ကသိုလ် အဝေးသင် ဒဂုံဌာနခွဲတွင် တက်ရောက် ပညာသင်ယူခဲ့ပြီး ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် မဟာဥပဒေ အရည်အချင်းစစ်သင်တန်းကို တက်ရောက်ခဲ့ပြီး၊ ၂၀၀၅ ခုနှစ်တွင် မဟာဥပဒေပညာ (နိုင်ငံတကာ အထူးပြု - ပထမနှစ်) အောင်မြင်ခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ဥပဒေကျမ်း ပြုစုရန် ကျောင်းထွက်ခဲ့ပြီး A Skeleton of Criminal Procedure Law (Comparative Study) အမည်ရှိ ကျမ်းကို ပြုစုခဲ့သည်။ ထိုကျမ်းကို ပြုစုရန်ပြင်ဆင်နေစဉ် ဆင်းရဲနွမ်းပါးသည့် အမှုသည်များအတွက် ရှေ့နေအဖြစ် အခမဲ့ လိုက်ပါဆောင်ရွက်ခဲ့သည်။

၂၀၀၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် မဟာဥပဒေတန်းကို ပြန်လည်တက်ရောက်ရန် ကျောင်းအပ်ခဲ့ပြီး၊ ၂၀၀၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် မကွေးတိုင်း နတ်မောက်မြို့ ၌ လယ်ယာမြေအမှုကို လိုက်ပါဆောင်ရွက်နေစဉ် အာဏာပိုင်တို့၏ ဖမ်းဆီးအကျဉ်းချခြင်းကို ခံခဲ့ရသည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့ ထောင်မှလွတ်ပြီး ကျောင်းပြန်တက်ခွင့်ရရန် လျှောက်ထားခဲ့သော်လည်း ဦးဖိုးဖြူကို ကျောင်းဆက်တက်ခွင့် မပြုတော့ပါ။ ထောင်ကျနေစဉ် ကျောင်းမတက်နိုင်ခြင်းကို ဒဂုံတက္ကသိုလ် ပါမောက္ခချုပ်ဘုတ်အဖွဲ့က စည်းမျဉ်းအသစ် ထုတ်ပြန်ကာ ကျောင်းထုတ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သောကြောင့် စစ်ကြောရေးစခန်း၌ စစ်ထောက်လှမ်းရေးတို့၏ နှိပ်စက်ခြင်း ခံခဲ့ရပြီး၊ အင်းစိန်အကျဉ်းထောင် တွင် တစ်လကြာ ထိန်းသိမ်းခံခဲ့ရသည်။ ပြန်လည်လွတ်မြောက်လာသောအခါ ကိုစောကျော်ကျော်မင်း၊ ကိုညီညီထွေး၊ ကိုသန်းဇော်အောင် တို့အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၉ ဦး ပါဝင်သည့် မြန်မာလူငယ် ရှေ့နေများ ဥပဒေ အကျိုးဆောင် လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းခဲ့သည်။ ဦးဖိုးဖြူသည် ထိုအဖွဲ့တွင် ဥပဒေသုတေသန တာဝန်ကို ထမ်းဆောင်ခဲ့သည်။ မြန်မာလူငယ် ရှေ့နေများ ဥပဒေအကျိုးဆောင်အဖွဲ့သည် ရွှေဝါရောင်တော်လှန်ရေးတွင် အဖမ်းခံခဲ့ရသည့် သံဃာတော်များနှင့် အခြားသော တရားစွဲဆိုခံခဲ့ရသူ စုစုပေါင်း အမှု ၁၀၀ ကျော်အတွက် လိုက်ပါဆောင်ရွက်ခဲ့သည်။

၂၀၀၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အဖွဲ့၏ တာဝန်ပေးချက်အရ နတ်မောက်မြို့က လယ်သမား ၄ ဦးအတွက် အမှု လိုက်ပါ ဆောင်ရွက် နေစဉ် ဦးဖိုးဖြူကို အာဏာပိုင်များက ထပ်မံ ဖမ်းဆီးခဲ့ပြန်သည်။ ထို့နောက် ဦးဖိုးဖြူအား မြန်မာလူငယ် ရှေ့နေများ ဥပဒေ အကျိုးဆောင် လုပ်ငန်း အဖွဲ့ကို ဖွဲ့စည်းခဲ့မှုဖြင့် အကြောင်းပြ တရားစွဲဆိုကာ ထောင်ဒဏ် (၅) နှစ် ချမှတ်ခဲ့သည်။ အိုင်အယ်လ်အို (ILO) အဖွဲ့က ဖိအား ပေးမှုကြောင့် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် တရားရုံးချုပ် စုံညီခုံရုံး၏ ဆုံးဖြတ်ချက်ဖြင့် လွှတ်မိန့် ချမှတ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ် မတ်လ ၅ ရက်နေ့တွင် ထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သော်လည်း ရှေ့နေလိုက်ခွင့်လိုင်စင် ရုပ်သိမ်းခံခဲ့ရသည်။

သို့ရာတွင် ဦးဖိုးဖြူသည် အလုပ်သမားအခွင့်အရေး ဆောင်ရွက်သူများနဲ့အတူ အလုပ်သမား အမှုအခင်းများကို အခမဲ့ လိုက်ပါ ဆောင်ရွက် ပေးခြင်း၊ တောင်သူလယ်သမားများကို သမဂ္ဂဖွဲ့စည်းရေးအတွက် ဥပဒေဆိုင်ရာ အကြံပေးခြင်းများနှင့် လယ်မြေအမှုအခင်းများကို လိုက်ပါ ဆောင်ရွက်ပေးလျက်ရှိသည်။

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လယ်ယာမြေဥပဒေမူကြမ်းကို ဆန္ဒပြတောင်းဆိုခဲ့မှုဖြင့် ဦးဖိုးဖြူနှင့် လယ်သမားတစုအား အာဏာပိုင်များက ဖမ်းဆီးကာ ဥပဒေမဲ့ လူစုဝေးရာတွင် ပါဝင်မှု၊ အမိန့်ဖီဆန်မှု တို့ဖြင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခြင်း ခံခဲ့ရသည်။

ဦးဖိုးဖြူကို ၂၀၁၁ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆုအတွက် နောက်ဆုံးဆန်ခါတင် ၅ ဦး စာရင်းတွင် အဆိုပြု ရွေးချယ်ခဲ့ကြသည်။ ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 31 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။