ဖိုးစိန်၊ ဦး (ဂရိတ်)

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂရိတ် ဦးဖိုးစိန်

ဘိုးစိန်၊ ဦး ( မြန်မာ ၁၂၄၄-၁၃၁၅ )[ပြင်​ဆင်​ရန်​]

မြန်မာ့ဇာတ်သဘင်ပါရမီရှင်[ပြင်​ဆင်​ရန်​]

ရုပ်ချော အသံကောင်း၍ အဆိုပိုင်၊ အကနိုင်သူအဖြစ် ကျော်ကြားသူမှာ မြန်မာဇာတ်သဘင် လောကတွင် ရှာမှရှားပေမည်။ ထိုကဲ့သို့သော ပါရမီထူးသူ ပေါ်ပေါက်လာသည်နှင့်အမျှ ဇာတ်သဘင်တစ်ခေတ် မဆန်းဘဲ မနေနိုင်သည်ကို တင်ပြ ထားသည်။ ထူးခြားသော သဘင်ပါရမီရှင် တစ်ဦးဖြစ်၍၊ အဆို၊ အကသာမက အပြကိုလည်း ဆန်းသစ် တီထွင်ကာ မြန်မာ့သဘင်ကို တိုးချဲ့ခဲ့သဖြင့် မြန်မာ့ဇာတ်သဘင်ကို တစ်ခေတ်ထွင်ခဲ့သူဟု ခေါ်ဆိုကြလေသည်။ မြန်မာ့သဘင်လောကတွင်သာမက အနောက်နိုင်ငံတစ်လွှား၌ပါ ထင်ရှားသော ဇာတ်ဆရာနှင့် ဇာတ်မင်းသားကြီးကား ဘုရားဒါယကာ ဦးဘိုးစိန် ဟူ၍ လည်းကောင်း၊ ဂရိတ် ဘိုစိန် ဟူ၍လည်းကောင်း ကျော်ကြားသော ဦးဘိုးစိန်ကြီးဖြစ်သည်။

ဦးဘိုးစိန်ကို ၁၂၄၄ ခုနှစ် ကဆုန်လဆန်း ၁ ရက် တနင်္လာနေ့တွင် မြောင်းမြမြို့နယ် လူဂေါင်းကျွန်း ဌာနအပိုင် ခလောက်သိုက်ရွာ၌ အဘဦးစံဒွန်း၊ အမိ ဒေါ်ရွှေရုပ်တို့မှ ဖွားမြင်သည်။ ဖွားမြင်ရာ ခလောက်သိုက်ရွာကို အကြောင်းပြု၍ ငယ်မည် မောင်သိုက်ဟု တွင်သည်။ မိခင်ရော ဖခင်ပါ မြေဝိုင်းခေတ် မင်းသမီးမင်းသားကြီးများ ဖြစ်သည်။ ဦးဘိုးစိန်၏ မွေးချင်း မောင်နှမတို့သည် မင်းသမီး၊ မင်းသား၊ ဇာတ်သမားများပင် ဖြစ်သည်။ ဦးဘိုးစိန်၏ အစ်မကြီး မသက်ပု၊ ယောက်ဖ ကိုအောင်မင်း၊ အစ်ကို ကိုကြာယုံတို့သည် ထိုခေတ်က မင်းသမီး မင်းသားများ ဖြစ်ကြသည်။ ချစ်စရာရေမွှေး ဟူသော အမည်တွင်သည့် နာမည်ကျော် မင်းသား ကိုချစ်စရာသည် ဦးဘိုးစိန်၏ အစ်ကို ကိုကြာယုံဖြစ်သည်။

သက် ၇ နှစ်အရွယ်မှစ၍ မောင်ဘိုးစိန်သည် ကျုံပျော်မြို့ ဦးနန္ဒိယကျောင်း၌ ပညာဆည်းပူးရာ ၁၂ နှစ် သားအထိ ဖြစ်သည်။ တစ်ခါတစ်ရံ အကခုန်များရှိသောခါ မောင်ဘိုးစိန် ကလေးအား သင်ကြားပြသ၍ ပါဝင်ကပြ စေသည်။ ပညာသင်နေခိုက်ပင် အစ်မဖြစ်သူ မင်းသမီးကြီး မစိန်တုပ်နှင့် ဦးရီးစမ္ပယ်ညွန့်တို့ဇာတ်ထဲတွင် လင်းကွင်းတီးမှအစ ဆိုင်း နောက်ထ အဖြစ်အထိ ဝင်ရောက်အမှုထမ်းခဲ့ရသည်။ ညီဖြစ်သူ၏ သဘင်ဝါသနာကို ရိပ်မိသော အစ်ကို ကိုကြာယုံသည် ဘိုးစိန်ကလေးအား ညောင်တုန်းမြို့မှ ကျုံပျော်မြို့သို့ဇာတ် ကရန် ရောက်လာ သော ဆိုင်းဆရာ ဦးစံချိန်ထံတွင် ပညာသင်ရန် အပ်နှံလိုက်သည်။ ထိုအခါမှစ၍ မောင်သိုက်ဟူသော ငယ်မည်မှ မောင်စိန်ဟူသော အမည်သို့ပြောင်းသည်။

ဦးစံချိန်ထံတွင် ရှေးဦးစွာ ဝါးလက်ခုပ်တီးရ၍ မကြာမီပင် လင်းကွင်းကြီးနှင့် ဝါးလက်ခုပ်ဖက်၍ ကိုင်နိုင်လာသည်။ အားလပ်သည့်အခါတွင်လည်း ကြေးနောင်ဝိုင်းထဲဝင်၍ တီးယင်း ဆိုင်းပါ တီးတတ်လာသည်။ ရပ်ရွာဘုရားပွဲများ ရှိသည့်အခါ အရပ်ဇာတ်မင်းသားအဖြစ် ဝင်ရောက်ကပြရသည်။ ကျုံပျော်မြို့ မြတ်ချမ်းသာ ဘုရားပွဲတော်တွင် ဘုရားလူကြီး ဦးစံဦးက ညောင်တုန်းမြို့မှ အငြိမ်းမင်းသမီး မစိန်ခင်နှင့် ဘိုးစိန်ကလေးအား တွဲဖက်ကစေရာ၊ နာမည်ရမင်းသမီးကိုပင် မီအောင်ကနိုင်သောကြောင့် နာမည်ပို၍ ထွက်လာသည်။ ထိုအချိန်က ဘိုးစိန်ကလေးသည် ၁၂ နှစ်သားသာ ရှိသေးကြောင်းကို လက်တစ်သစ်ကယ်မှ မကြွားပါဘူး၊ ၁၂ နှစ်သားရယ်က မင်းသား ဖြစ်တယ်တဲ့ကွယ် ဟု သူ့သီချင်းထဲတွင် ထည့်၍ ဆိုထား လေသည်။ ထိုအချိန်က ရှင်ပင်မပြုရသေးချေ။

၁၂၅၈ ခုနှစ်တွင် သာမဏေ ဝတ်ပြီးနောက် လူထွက်သောအခါ အစ်ကိုဖြစ်သူ ထောင်သော ဇာတ်အဖွဲ့တွင် မောင်ဘိုးစိန်သည် အကူအညီ ဇာတ်ဆရာဖြစ်လာသည်။ ယင်းဇာတ်ဖွဲ့တွင် ကံကြီးဒေါင့်သူ မင်းသမီး မမြညွန့်နှင့် တွဲဖက်၍ ခေါင်းဆောင်မင်းသားအဖြစ် ကခဲ့ရသည်။ ၁၆ နှစ်သားအရွယ်တွင် မင်းသမီး မမြညွန့်နှင့် အကြောင်းပါသည်။ သဘင်ပညာဆက်လက် မကြိုးစားနိုင်မည် စိုးသဖြင့် ဆွေမျိုးများက မမြညွန့်နှင့် ခွဲသည်။ ထို့နောက် အစ်ကိုဖြစ်သူ ဦးချစ်စရာမ မန္တလေးမြို့တွင် သဘင်ပညာဆည်းပူးရန်ခေါ်သွား ရာ တွဲဖက်ကရန် မင်းသားကောင်း အရှာထွက်လာကြသော ဆင်ဖြူကျွန်း ဆရာအေး၊ ယောကျာ်းမင်းသမီး အောင်ဗလတို့နှင့် ဘိုးစိန်တို့အစမ်းတစ်ပွဲ တွဲဖက်ကပြသောအခါ၊ ပရိသတ် အလွန်ကြိုက်လေသည်။ ဘိုးစိန်နှင့် အောင်ဗလတို့သည် ၁၂၆ဝ ပြည့်နှစ်မှ ၁၂၆၅ ခုနှစ်အထိ ၅ နှစ်နီးနီး တွဲဖက်ကပြရာမှာ ဘိုးစိန် အောင်ဗလ ဟူသော အမည်သည် တောရောမြို့ပါ ထင်ရှားလာသည်။ သူတို့၂ ဦး တွဲမိမှပင် ဘိုးစိန် ရန်ကုန်ရောက်လာသည်။

၁၂၆၅ ခုနှစ်တွင် ဘိုးစိန်သည် ဇာတ်ဆရာ ဦးစိန္တာ၊ မသောင်းတို့၏ ဇာတ်အဖွဲ့တွင် မင်းသမီး ငွေစိန်၊ ငွေရီ၊ ညိုညိုစသော ညီအစ်မတစ်စုနှင့် တွဲဖက်ကရသည်။ ငွေစိန် အခြားဇာတ်သို့ ရောက်သွားသောအခါမှ မင်းသမီး မစိန်ဥနှင့် တွဲကရသည်။ ယင်းသို့ကပြရင်း မစိန်ဥနှင့် အကြောင်းပါသည်။ တစ်ဖန် ၁၂၆၉ ခုနှစ်တွင် မြန်မာမင်းလက်ထက် ရွှေတိုက်စိုး တောင်ခွင်မင်းကြီး၏ သမီး ခင်ခင်လတ်ကြီးနှင့် လက်ထပ်လေသည်။ ထိုအချိန် ကစ၍ ကိုယ်ပိုင် ဇာတ်ဆရာနှင့် ဇာတ်ပိုင်ရှင် ဖြစ်လာသည်။ ထို့နောက် လက်ထောက် မင်းသမီးလေး မကြင်ယုံနှင့် အကြောင်းပါရာ ဦးဘိုးစိန်ကွယ်လွန်သည်အထိ ထင်းပုံခေါင်းချ ပေါင်းကြလေသည်။

ဦးစိန်နှင့် ဒေါ်ကြင်ယုံတို့တွင် သားသမီး ၇ ယောက်ရှိသည့်အနက် သားများဖြစ်သော ကနက်စိန်၊ ကိုစန်ကြိုင်နှင့် တသက်စိန်တို့သည် ဘခင်၏ သဘင်ပညာ မတိမ်ကောစေရန် စိန်မဟာ သဘင်အဖွဲ့ကြီးကို ဆက်လက် ကပြနေကြသည်။ ဦးဘိုးစိန် သည် ၁၃၁၅ ခုနှစ်၊ ပြာသိုလဆန်း ၇ ရက်နေ့တွင် အသက် ၇၁ နှစ်အရွယ်၌ ရန်ကုန်မြို့နေအိမ်တွင် ကွယ်လွန် သည်။ မကွယ်လွန်မီ၊ လွတ်လပ်ရေးရပြီး နောက်တစ်နှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရက ဦးဘိုးစိန်အား ဝဏ္ဏကျော်ထင်ဘွဲ့ဖြင့် ချီးမြှင့်သည်။ ဗြိတိသျှ အစိုးရလက်ထက် ပထမ ကမ္ဘာစစ်ကြီးတွင်းကလည်း ကြက်ခြေနီ သူနာပြုတပ် ရန်ပုံငွေအတွက် ကပြကူညီသည်ကို ဂုဏ်ပြုသောအားဖြင့် တီ၊ ပီ၊ အက် (စ) ခေါ် တိုင်းကျိုးပြည်ပြု ကျိုးဆောင်ဘွဲ့ချီးမြှင့်ခြင်း ခံခဲ့ရလေသည်။

ဦးဘိုးစိန်သည် ဗုဒ္ဓစာပေ၌ နှံ့စပ်သည်။ ဗဟုသုတ ကြွယ်ဝသည်။ ဗုဒ္ဓတရားတော်ကို လူအများဆုံး အလွယ်တကူ နားလည်သဘောပေါက်အောင် ဝါဒဖြန့်ရန်လည်း စေတနာ အလွန်ထက်သန်သည့် အလျောက်၊ သီချင်းဆိုရာ၌ပင် ပါမ္ဗိပါဌ်သား တရားစကားများကို ထည့်၍ ဆိုတတ်သည်။ တရားမသိဘဲ သဘင်လုပ်ခြင်းသည် တဏှာသက်သက် အားပေးခြင်း ဖြစ်သည်ဟု ယူဆသော ဦးဘိုးစိန်သည် သဘင်ပညာကို အနုပညာမြောက်အောင် ပြုရုံသာမက၊ တရားအနှစ်သာရ ပါအောင်လည်း အားထုတ်သည်။ ဦးဘိုးစိန်တို့ ဇာတ်စကစဉ်က ဇာတ်သဘင် လောကတွင် ချင်းဖဝေး၊ ချင်းရွှေလုံး၊ ဆင်ကဲဘို့မယ်၊ ကံသဒေဝကြည် လက်ခြောက်ဘက်စသော ဒဏ္ဍာရီဇာတ်များ ကို အကများသော်လည်း ဦးဘိုးစိန်သည် ဇာတ်နိပါတ်တော်များကို ကပြလျှင် အပြစ်ရှိမရှိ၊ မန်လည်ဆရာတော် ဘုရားကြီးအား မေးလျှာက်ပြီးနောက် တရားပြသည့် သဘောနှင့် ကလျှင် အပြစ်မရှိ ကြောင်း အဆုံးအဖြတ် ပေးသည်နှင့် ဒဏ္ဍာရီများကိုစွန့်ကာ၊ ဇာတ်နိပါတ်များကို ချည်းကသည်။ ပထမကသည့် ဇာတ်မှာ ဝိနည်းတော်မှ ရှင်သုဒိန်ဇာတ်ဖြစ်သည်။ ဦးဘိုးစိန်၏ ဇာတ်ကို ကြည့်မြင်ရသော ဆရာတော်အချို့က တရားဟောသည်ထက် ဘိုးစိန် ကပြသည်ကပို၍ ထိရောက်ကြောင်း မိန့်မြွက်ကြသည်ဟု ဆိုလေသည်။

ဦးဘိုးစိန်တွင် ထူးခြားသော သူပိုင်ဟန်ရှိသည်။ ထိုဟန်ကို လူကြိုက်များသည်။ ရှေးဆိုဟန် ဆိုနည်းတို့ဖြင့် မရောင့်ရဲဘဲ၊ ယင်းတို့ကို အခြေခံ၍ ဟန်သစ် ဖန်တီးလေ့ရှိသည်။ သီချင်းများကို နိုင်ငံခြားသံယူ၍ စသုံးသူမှာလည်း ဦးဘိုးစိန်ပင်ဖြစ်သည်။ သို့ရာတွင် နိုင်ငံခြားသံကို ငုံယူပြီးနောက် မြန်မာအသံထဲသို့နားဝင်ချိုအောင်၊ မထောင့်အောင် ပြုပြင်သွင်းယူသည်။ ဦးဘိုးစိန်သည် ငိုချင်းဆို၌လည်း တစ်မူထူးသူဖြစ်သည်။ အထူးသဖြင့် ပတ်စာပိုးငို၊ သို့မဟုတ်တစ်ပေါက်တင်ငိုသည် ဦးဘိုးစိန် စထွင်သည့် ငိုချင်းဖြစ်သည် ဟု ကျော်ကြားသည်။ ဆွဲမြည|ာ ငယ်လေခွဲရမှာတဖေလွမ်းပါဘိ၊ ငွေစန်းယုန်စန္ဒီသို့၊ ပုံဟန်ချီလဲ့လဲ့သင်းငယ်ကြောင့် အစချီသော လေးချိုးကို လည်းကောင်း ပတ်စာပိုးငိုဟန်သစ်ဖြင့် ဆိုလေရာ ပရိသတ်များစွာ စွဲလမ်းနှစ်သက်သည်။ ဇာတ်ခုံပေါ် ၅ ပေါက် သံဖြင့် ရှေးက သီချင်းဆိုရိုးရှိခဲ့သော်လည်း ၆ပေါက်သံဖြင့် စထွင်သီဆိုသူမှာ ဦးဘိုးစိန် ဖြစ်သည်။ မဲဇာတောင် ခြေပတ်ပျိုးမှ ၆ ပေါက်သံကို ဦးဘိုးစိန် စယူလေသည်။

အဆိုပိုင်ရုံသာမက ဦးဘိုးစိန်သည် သံလည်းသာသည်။ အသံကိုသာအောင်၊ စိတ်နေသဘာဝနှင့် လိုက်လျောအောင် နေရာနှင့်နေရာ သွင်းသွားတတ်သူ ဖြစ်သည်။ ပိုးခန်းပန်းခန်း၌ ထေ့သံ၊ ငေါ့သံ၊ ထသံ၊ ညုသံ၊ ဆွေးသံများ သွင်းနိုင်သည်။ အသံကောင်းရုံသာမဟုတ်၊ အပြောလည်း ပိုင်သူဖြစ်သည်။ ဇဝနဉာဏ်ထက်သူ ဖြစ်သည့်အလျောက် ခဏခြင်း၌ပင် လိုရာကို စီကာပတ်ကုံး ပြောလိုက်ဆိုလိုက် လုပ်နိုင်သည်။ နာရီဝက် ၄၅ မိနစ် အမျှင်မပြတ်အောင် ပြောပြီးနောက်မှ သီချင်းကို ဖြတ်ထားသောနေရာမှ ပြန်ကောက်ဆိုနိုင်သူ ဖြစ်သည်။ အပြောတွင် ဦးဘိုးစိန်ကို မီသူမည်သည့် ဇာတ်မင်းသားမျှ ယခုတိုင် မပေါ်သေးချေ။

ဦးဘိုးစိန်သည် အဆိုအပြော၌ သာမက၊ အက၌လည်း ထွင်သူဖြစ်သည်။ မင်းသမီး တစ်လက်သာမဟုတ်၊ ၂ လက် ၃ လက်နှင့် တွဲကသည်မှာလည်း ဦးဘိုးစိန်အစ ဖြစ်သည်။ အနောက်နိုင်ငံ ခြေကကို အတုခိုး၍ နရီစည်း ပိုကျအောင် ထွင်ယူသည်။ လူဟန်အလှ၊ ကိုယ်ခါးပခုံးတို့ကိုလည်း မြန်မာ ပီအောင် ဖြည့်စွက်ပေးရာ၊ ဘိုးစိန်ခြေက ဟူ၍ပင် ဇာတ်သဘင်လောကတွင် ထင်ရှားလာသည်။ မြန်မာအကရိုးရိုး တွင် ဘိုးစိန်သည် ခြေကို နောက်ထိုး၍ကသည်။ ယခုခေတ် အရပ်သူ အရပ်သားများက စ၍သင်လျှင် သင်ချင်းခြေကို နောက်ထိုး၍ ကခြင်းသည် ဘိုးစိန်စကသော အကဖြစ်သည်။

သစ္စာထားခန်းတို့၌ တီးလုံးနှင့် အကိုက်၊ ဒူးကြိုး၊ ပေါင်ကြိုး၊ လက်ကြိုး၊ ခေါင်းကြိုးတို့ဖြင့် ထထကြွကြွ ခြေမြေ|ာက် လက်မြေ|ာက်၊ ခုန်က၊ လက်မြေ|ာက်က၊ ပရိသတ် အာရုံ မပြတ် အောင် ကကြိုးတစ်ပုဒ်ဆို ဆိုသလောက် ကခုန်စွမ်းနိုင်အောင် အရည်အချင်းရှိသည်။ ယင်းအကကိုပင် ဇာတ်သမားများ အတု ခိုး၍ ဘိုးစိန်အကဟု ဆိုကြသည်။ မင်းသမီး ၁၂ ယောက်၊ ၁၆ ယောက်၊ အယောက် ၂ဝ စသည်နှင့် ယိမ်းဟူ၍ စသည် မှာလည်း ဦးဘိုးစိန် ထွင်မှုဖြစ်သည်။ အင်္ဂလိပ် ကပြားမ ကလေးများကိုပင် ယိမ်းသမ အဖြစ် ငှား၍ကသည်။

အက၌သာမဟုတ် အပြဘက်၌လည်း ဦးဘိုးစိန်သည် ကောင်းသူဖြစ်သည်။ သူ့လက်ထက်ကျမှ ဇာတ်ခုံပေါ်တွင် အဆောင်အယောင် ဟိတ်ဟန်ဆန်းပြားလာသည်။ ဇာတ်ခုံပေါ်၌ ရေနံဆီမီးတိုင်ထွန်း၍ ကရာမှ လသာမှန် အိမ်၊ လျှပ်စစ် ဓာတ်မီး စသည်ဖြင့် စ၍ထွန်းသူမှာ ဦးဘိုးစိန်ဖြစ်သည်။ ဘိုးစိန်တို့ကတော့ ဖန်သီးကတောင် မီးထတောက်အောင် လုပ်နိုင်သဟေ့ ဟု ရင်အပ်အံ့ဩရသည်အထိ ဖြစ်သည်။

ဇာတ်ကွက်နှင့် လိုက်အောင်လည်း မီးအလင်းအမှောင် ပြုပြင်ပေးသည်။ အဝတ်အစားကိုလည်း လှသည်ထက်လှ၍ ပရိသတ် စွဲသည်ထက် စွဲအောင် မင်းသမီး မင်းသား ဆင်တူ ဝတ်သည့် အလေ့ကို ဦးဘိုးစိန်ပင် စထွင်သည်။ လူရွှင်တော် များအား တိုက်ပုံ အကျ၊ ခေါင်းပေါင်းစသည်တို့နှင့် ဆင်ပေး ကာ အပြကို အရေးပေးခဲ့သည်။

ဇာတ်သဘင်လောကတွင် ဦးဘိုးစိန်သည် ဇာတ်ဆောင် လှုပ်ရှားမှု၊ သီချင်းအဆိုအက၊ အပြော၊ ဇာတ်ခန်း၊ ဇာတ်ကွက်၊ အဆင်အပြင်၊ မီးအယူအဆ စသည်ဖြင့် အများအပြား တီထွင် ခဲ့သဖြင့် ဦးဘိုးစိန်အား သဘင့် ဥသျှောင်အဖြစ် ဥဒေါန်းတွင် စေသည်။ နာမည်ကျော် ဇာတ်မင်းသားကြီးများ ဖြစ်ကြသော ဦးစိန်အုပ်၊ အီနောင် ဦးစံတုပ်၊ ဦးစိန်ကတုံးတို့နှင့် အပြိုင် ကရသည့်ကြားမှပင် ဦးဘိုးစိန်၏ နာမည်မသေဘဲ ကျော်သည် ထက် ကျော်လာခြင်းမှာ ဦးဘိုးစိန်သည် အမျိုးသား အနု ပညာကို ထိန်းရုံမက နယ်ကျယ်အောင် တိုးချဲ့နိုင်သူ ဖြစ်ခြင်း ကြောင့်ဟု ဆိုရပေမည်။ သဘင်သည် ကလေးများသည် ဦးဘိုးစိန် ကပြီးသော ဇာတ်ထုပ် ဇာတ်ကွက် ငိုချင်းများကို ရိုသေစွာ လာရောက် တောင်းယူကာ၊ မိမိတို့မြို့ရွာရောက် သောအခါ ကိုဘိုးစိန် ကပြသော မည်သည့်ဇာတ်ကို ယနေ့ ကမည် ဟု ကြော်ညာလိုက်လျှင် ရုံလျှံအောင် စည်လှသည် ဟု ဆိုကြသည်။[၁]

မြန်မာ့သဘင်လောက၌ သရဖူဖြစ်ခဲ့သော် ဦးဘိုးစိန်သည် မြန်မာပြည်တွင် အဘယ်မျှရေပန်းစားခဲ့ကြောင်း သက်သေပြချက်တစ်ခုမှာ သူနေထိုင်ခဲ့ရာ တာမွေလမ်းကို ဘိုးစိန်လမ်းအဖြစ် နာမည်တွင်သွားခဲ့ခြင်းပင်ဖြစ်သည် ။ ရုပ်ရည်ချောမောလှပခါ အချိုးအဆစ်ကျသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဦးဘိုးစိန်သည် အဆိုကောင်း ၊ အကကောင်း ၊ အပြောကောင်း စသည်ဖြင့် ဘက်စုံထူးချွန်သူ တဦးဖြစ်သည် ။ သူသည် ရိုးရာမြန်မာအကကို ကျွမ်းကျင်နိုင်နင်းသည်နှင့် အားမရ ၊ ကနည်း ကကွက် အသစ်အဆန်း တို့ကို တီထွင်နိုင်ရန် ရောက်လေရာတွင် အမြဲလေ့လာတတ်သူ ဖြစ်သည် ။

ထိုအချိန်က မြန်မာ အကသည် လက်ကိုသာ အဓိက အသုံးပြုကြောင်း ဦးဘိုးစိန်က သုံးသပ်မိသောအခါ ၊ မြန်မာနိုင်ငံရောက် ကပ္ပလီလူမျိုးတဦးထံမှ တစ်နာရီလျှင် ရွှေဒင်္ဂါး တစ်ပြားပေး၍ ခြေက (Tap dance) ကို သင်ယူပြီး ၊ မြန်မာခြေက အဖြစ် ပြန်လည် တီထွင်ဖန်တီးခဲ့သည် ။ ထို့အပြင် ရုပ်သေးမင်းသားရုပ်အကကိုကြည့်ပြီး သွက်လက် ဖျတ်လတ်သော ကနည်း ကဟန်တို့ ပါဝင်သည့် အရုပ်ကြိုးက ကို ဖန်တီးခဲ့၏ ။ အိန္ဒိယနိုင်ငံ ဘုံဘေမြို့သို့ရောက်စဉ် အင်္ဂလိပ်ကပွဲတခု၌ မိန်းကလေးများ ပြိုင်တူ ယိမ်းနွဲ့ကနေကြသည်ကို ကြည့်ပြီး မြန်မာနိုင်ငံတွင် ယိမ်းအကကို တီထွင်ခဲ့သည် ။

ဦးဘိုးစိန်သည် သူ့ခေတ်တွင် ဇတ်သဘင်ကရာ သမားရိုးကျ ပေါက်ကျိုင်းဇာတ် ၊ ဖာတစ်လုံး ခေါင်းကျား ဇာတ် စသည့် ဒဏ္ဍာရီ ၊ ရာဇဝင် ၊ သိုက်သမိုင်း ဇာတ်တို့နှင့်ပဲ မတင်းတိမ်နိုင်ခဲ့ ။ ဇာတ်နိပါတ်များကိုပါ ကပြခဲ့သည် ။ ထို ဇာတ်နိပါတ်များကို ထည့်သွင်းကပြရသည့် နောက်ထပ်အကြောင်းရင်းမှာ သူ၏ ဒဏ္ဍာရီ ၊ ရာဇဝင် ၊ သိုက်သမိုင်း ဇာတ်များသည် အလွန်သက်ဝင်ထင်ရှားလှသောကြောင့် မဖြစ်သင့်သော နောက်ဆက်တွဲများ ဖြစ်ပေါ်လာခဲ့သောကြောင့် ဖြစ်သည် ။ ဥပမာ - - ထိလပ် -ပိုးဥ မည်သော ကိုယ်ပျောက်အတတ်တတ်ရန် ဇနီးသည်၏ ဗိုက်ကိုခွဲ ၊ ဝမ်းထဲမှကလေးကို အရှင်လတ်လတ် မီးကင်စားသော ဇာတ်ကို ဦးဘိုးစိန် ကပြသည်မှာ သရုပ်ပါလွန်းသဖြင့် ၊ မှောင်အင်းရှိ ရွာတရွာမှ လူတယောက်သည် ထိုသို့ တကယ်လက်တွေ့ပြုကျင့်သောကြောင့် ထောင်ကျသွားခဲ့လေသည် ။ ထိုစဉ်မှစ၍ ဦးဘိုးစိန်သည် ထို ထိလပ် - ပိုးဥ ဇာတ်ကို မကတော့ချေ ။ ထို့အပြင် လူတို့အား အကျိုးပြုစေမည့် ဘုရားဟော ဇာတ်နိပါတ်များကိုသာ အလေးထား ကပြခဲ့သည် ။ ထိုဇာတ်တော်များကို ကြည့်ရသော ဆရာတော်အချို့က“ဘိုးစိန် ဇာတ်နိပါတ်ကို ကပြတာဟာ တို့ တရားဟောတာထက် ပိုပြီးတောင် ဇာတ်တော်ကို ကွက်ကွက်ကွင်းကွင်း အရုပ်သဏ္ဌာန်နဲ့ မြင်အောင် ပြနိုင်တယ်” ဟု မိန့်ကြားခဲ့ကြသည် ။ ကကွက် နှင့် ဇာတ်များကို တီထွင်ရုံသာမက ဇာတ်ခုံကိုလည်း အမျိုးမျိုး ပြောင်းလဲဖန်ဆင်းတတ်သည် ။ သူ့ခေတ် ဇာတ်ခုံများတွင် သုံးလေ့ရှိသော လသာ မှန်အိမ်များသုံးရသည် အားမရဘဲ ၊ အောက်လင်းဓါတ်မီး ၊ လျှပ်စစ်ဒိုင်နမို ဖြင့် ဓါတ်မီးများ ထွန်းခါ ဇာတ်ခုံကို ပထမဆုံး တန်ဆာဆင်ခဲ့သည် ။ သူ၏ ဇာတ်ခုံ တီထွင်မှုများသည် ပရိသတ်အား အလွန် ဆွဲဆောင်နိုင်စွမ်းရှိခဲ့လေသည် ။ တခါ နှစ်ပါးသွားအကကို လျှပ်စစ်ဓါတ်မီးဖြင့် အလှပြကစား ကပြဖျော်ဖြေရာ အမြင့်ပေါ်မှ ထိုင်ကြည့်နေသော ပွဲကြည့်ပရိသတ်တယောက်က အလွန်သဘောကျပြီး စိတ်လွတ် ကိုယ်လွတ် အားပေးလိုက်ရာ ၊ နောက်ပြန် ပက်လက်လန်ပြီး နောက်ဘက်ရှိ ဝင်းထရံ အချွန်များပေါ်ကျပြီး ပွဲချင်းပြီး သေဆုံးသွားသည်ဟုပင် ဆိုကြလေသည် ။


အဆိုလည်းကောင်းသော ဦးဘိုးစိန် စပ်ဆိုထားသော သီချင်းများကို လယ်သမား ၊ ယာသမား ၊ အလုပ်သမားများက လယ်လုပ်ရင်း ၊ ယာလုပ်ရင်း ၊ အလုပ်လုပ်ရင်း သီဆိုခဲ့ကြသည် ။ မြန်မာသီချင်းများကိုသာမက အင်္ဂလိပ်သီချင်းများကို နားထောင်ပြီး မြန်မာမှုပြုကာ မြန်မာ့သီချင်းများအဖြစ် တီထွင် စပ်ဆိုခဲ့သေးသည် ။ စာအုပ် စာပေ အလွန်ဖတ်သော ဦးဘိုးစိန်သည် စကားပြောကောင်းသူလည်း ဖြစ်သည် ။ သူ၏ စကားများသည် ဆွဲဆောင်မှုကောင်းလွန်းသောကြောင့် သူ့ဇာတ်အဖွဲ့မှ စာရေးဆရာများသည် သူ့စကားများကို ရေးမှတ်ထားပြီး သီချင်းစပ်ဆိုသည်အထိ ဖြစ်သည် ။


ဦးဘိုးစိန် လက်ထက်တွက် ဇာတ်သဘင်ကို လူမျိုးမရွေး (မြန်မာ ၊ တရုတ် ၊ ကုလား ၊ ပသျှူး ၊ အင်္ဂလိပ် မျက်နှာဖြူ) ၊ တောနေ မြို့နေမရွေး ၊ ဆင်းရဲ ချမ်းသာမရွေး ၊ ကျားမ မရွေး ၊ အသက်အရွယ် မရွေး တခဲနက်အားပေးခဲ့ကြသည် ။ ဦးဘိုးစိန်၏ စိန်မဟာသဘင် ဇာတ်အဖွဲ့သည် “စလေဒင်” အမည်ရှိ ဦးဘိုးစိန်ပိုင်သော မီးနှစ်ထပ်သင်္ဘောကြီးနှင့် မြို့တကာလှည့် ကပြ အသုံးတော်ခံခဲ့သည် ။ ထိုသင်္ဘောကြီးတွင် အင်္ဂလိပ် နှင့် ကပြား အမျိုးသားများကို လက်မှတ်ရောင်း အပေါက်စောင့် ၊ သင်္ဘောတာဝန်ခံ စသည့်နေရာများတွင် ခန့်ထားသည်ကို မြင်ရသောအခါ ၊ အင်္ဂလိပ်အောက်တွင် ဖိနှိပ်ခံမြန်မာလူမျိုးတို့သည် ဦးဘိုးစိန်အတွက် ဂုဏ်ယူဝမ်းသာမဆုံး ဖြစ်ခဲ့ရ၏ ။ ချမ်းသာကြွယ်ဝသော ဦးဘိုးစိန်သည် ဘုရားစေတီပေါင်း ၆၈ ဆူ တည်ခဲ့သော ဘုရားဒါယကာကြီးလည်း ဖြစ်ခဲ့ပေသည် ။ [၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
  2. မင်းယုဝေ ရေး-ပထမမြန်မာများ