ဖိုက်၊ ဆာ၊ အဲလ်ဗတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဖိုက်စကွဲ၊ ရန်ကုန် (ယခု မဟာဗန္ဓုလပန်းခြံ)။ ရှေးယခင် က နွံအိုင်များသာ ရှိပြီး တင့်ကားစကွဲ ဟု သာ ခေါ်သည်။

ဆာ အဲလဗတ်ဖိုက် သည် ဗြိတိသျှတို့ အောက်မြန်မာနိုင်ငံ ကို သိမ်းပိုက်ပြီးစ၊ အရေးပါလှသော ရာထူးကြီးဖြစ်သည့် ဗြိတိသျှမြန်မာနိုင်ငံ၏ မဟာ ဝန်ရှင်တော် မင်းကြီး ရာထူးကို ဆာ အာသာ ဖယ်ယာ ၏ နောက်ဆက်ခံထမ်းရွက်ခဲ့သူ ဖြစ်လေသည်။

ဖိုက်သည် ပထမ အယ်လစ်ဇဗက် ဘုရင်မလက်ထက်က အင်္ဂလိပ် လူမျိုးများထဲမှ အိန္ဒိယနှင့် မြန်မာနိုင်ငံ တို့သို့ ပထမဆုံး ရောက်ဖူးသူ ရပ်ဖစ်၏ အဆက်အနွယ် တစ်ယောက်ဖြစ်သည်။ ထိုပြင် ဖိုက်သည် အင်္ဂလိပ် စာပေလောက၌ ထင်ရှားလှသော ဘုရင့်စာဆိုတော် လော့အဲဖရက်တင်နီဆန်နှင့် ညီအစ်ကို တော်စပ်သူ တစ်ဦးလည်း ဖြစ်သည်။

အဲလဗတ်ဖိုက်သည် ညီအစ်ကို မောင်နှမများထဲတွင် အငယ်ဆုံးဖြစ်၍၊ မိခင်၏ အချစ်ဆုံး သားဖြစ်သော်လည်း၊ မိမိ၏ ဘိုးဘေးများကဲ့သို့ အိန္ဒိယတွင် စွန့်စားမှုများကို ရှာကာ ကိုယ့်ဒူးကိုယ်ချွန်လိုသူ ဖြစ်လေသည်။

ထိုကြောင့် ၁၈၃၉ ခုနှစ်တွင် အိန္ဒိယသို့ ထွက်ခွာခဲ့သည်။ ထိုစဉ်က ဗြိတိန်မှ အိန္ဒိယသို့ လာရခြင်း သည်ပင် စွန့်စားမှု တစ်ရပ်ဖြစ်သည်။ယင်းသို့ ထွက်လာစဉ်က ဖိုက်သည် အသက် ၁၈ နှစ်ပင် မပြည့်သေး ချေ။ ကာလကတ္တားသို့ ရောက်လျှင် တိုင်းရင်းသား ခြေလျင်တပ်ရင်း ၆၉ တွင် လည်းကောင်း၊ တပ်ရင်း ၇၀ တွင် လည်းကောင်း အမှုထမ်းခဲ့သည် ဖိုက်သည် ငယ်ရွယ်သူပီပီ တိုက်ရန် ခိုက်ရန်အတွက် စိတ်အားသန်ခဲ့သည်။ ၂ နှစ်ခန့်အကြာတွင် တိုက်ချင် ခိုက်ချင်နေသော ဖိုက်၏ အလိုဆန္ဒ ပြည့်ဝခဲ့သည်။ ဖိုက်သည် ၁၈၄၁ ခုနှစ်တွင် ရခိုင်ပြည်သို့ ပြောင်းရွှေ့ အမှုထမ်းရသည်။ ရခိုင်ပြည်တွင် တိုင်းရင်းသား တောင်ပေါ်သား တို့ ထကြွသောင်းကျန်းသဖြင့် တိုက်ခိုက်နှိမ်နင်းခဲ့ရသော တပ်ဖွဲ့ငယ်ကို လက်ဖတင်နင်ဖိုက်က ခေါင်းဆောင် ခဲ့ရသည်။ ထိုစဉ်က ရခိုင်တိုင်း ဝန်ရှင်တော် မင်းကြီး၏အထက်တန်း လက်ထောက်ဖြစ်နေသော လက်ဖတင်နင် ဖယ်ယာ လည်း သောင်းကျန်းမှု နှိမ်နင်းရာသို့ ကိုယ်တိုင် လိုက်ပါခဲ့သည်။ ယင်း သောင်းကျန်းမှုကို နောက်တစ်ဖန် ပြန်၍ ခေါင်းမထောင်နိုင်လေအောင် ပြင်းပြင်း ထန်ထန် နှိမ်နင်းခဲ့သဖြင့်၊ ဗြိတိသျှအစိုးရ ၏ ချီးကျူးခြင်းကို ခံရလေသည်။ ရခိုင်ပြည် ခြေလျင်တပ်တွင် ၄ နှစ်မျှ အမှုထမ်းပြီးနောက် စစ်ဖက်မှ နုတ်ထွက်ကာ အုပ်ချုပ်ရေးဘက်သို့ ကူးပြောင်းသည်။ ၁၈၄၆ ခုနှစ်တွင် အရေးပိုင်ရာထူးသို့ အဆင့်အတန်း တိုးတက် ခန့်ထားခြင်း ခံရပြီးလျှင်၊ သံတွဲခရိုင်ကို အုပ်ချုပ်ခဲ့ရသည်။

၁၈၄၈ ခုနှစ်တွင်မူ ဖိုက်သည် အိန္ဒိယနိုင်ငံ တွင် ဖြစ်ပွားခဲ့သော ဒုတိယဆစ်စစ်ပွဲတွင် ပါဝင်ဆင်နွှဲခဲပြီးနောက်၊ သံတွဲမြို့ သို့ပြန်လာ၍ ဆက်လက် အမှုထမ်း ရွက်ရသည်။

ဖိုက်သည် ဖယ်ယာ၏ လက်အောက်တွင်အမှု ထမ်းခဲ့သဖြင့် ဖယ်ယာသည် ဖိုက်၏ အရည်အသွေးကို သိခဲ့သည်။ တစ်ဦးနှင့်တစ်ဦးလည်း ခင်မင် ရင်းနှီးခဲ့သည်။ ၁၈၅၃ ခုနှစ်တွင် ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲ ပြီးဆုံးပြီးနောက်၊ ပဲခူးတိုင်းကို အင်္ဂလိပ် တို့က သိမ်းပိုက်သည်။ ထိုအခါ ဖယ်ယာသည် ပဲခူးတိုင်း ၏ ဝန်ရှင်တော်မင်းကြီး အဖြစ် ခန့်အပ်ခြင်းခံခဲရ၍၊ ဖိုက်သည် ပုသိမ်မြို့၏ အရေးပိုင်အဖြစ် ခန့်အပ်ခြင်းခံခဲ့ ရလေသည်။ ပုသိမ်သည် ထို ခေတ် အခါက မြန်မာနိုင်ငံ အောက်ပိုင်းတွင် အရေးပါလှသော မြို့ ကြီးတစ်မြို့ဖြစ်သည်။ ဒုတိယ အင်္ဂလိပ် မြန်မာစစ်ပွဲ အတွင်းက စစ်ရေးကြောင့် မင်းမဲ့ တိုင်းပြည်ပမာ ဖြစ်ခဲ့ကာ၊ အခြေအနေ ပျက်ပြားခဲ့သည်။ ဖိုက်သည် ပုသိမ်ခရိုင်တစ်ဝိုက် ကြွင်းကျန်နေသော မြန်မာတပ်များ၊ လက်နက်ကိုင် သောင်းကျန်းသူ များ ကို နှိမ်နင်း တိုက်ခိုက်၍၊ အခြေအနေကို ထိန်းသိမ်းကာ၊ ပုသိမ်ခရိုင် ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်ခဲ့သည်။ ၁၈၅ရ ခုနှစ်တွင် ဖိုက်သည် တနင်္သာရီ နှင့် မုတ္တမတိုင်း၏ ဝန်ရှင်တော်မင်းကြီး အဖြစ် တိုးမြှင့်ခန့်ထားခြင်း ခံရ၍ မော်လမြိုင်သို့ ရွှေ့ပြောင်း ခဲ့ရသည်။၁၈၆၂ ခုနှစ်တွင် ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်း တို့ကိုပဲခူးတိုင်းနှင့်ပူးပေါင်း၍ ဗြိတိသျှ မြန်မာနိုင်ငံ ဟု ဖြစ်လာခဲ့သည်။ ယင်းဗြိတိသျှ မြန်မာနိုင်ငံကို ဖယ်ယာအား မဟာ ဝန်ရှင်တော် မင်းကြီးအဖြစ် ခန့်ထားအုပ်ချုပ်စေခဲ့သည်။ နောက်တစ်နှစ် ၁၈၆ရ ခုနှစ်တွင် ဖယ်ယာအငြိမ်းစားယူ၍ ဖယ်ယာ၏ နေရာကို ဖိုက်က ဆက်ခံကာ ဗြိတိသျှမြန်မာနိုင်ငံ၏ မဟာ ဝန်ရှင်တော်မင်းကြီး ဖြစ်လာသည်။ ဖိုက်သည် ဖယ်ယာ၏ နေရာကို ဆက်ခံပြီး နောက် မကြာမီပင် မန္တလေး သို့ တက်၍၊ ဗြိတိသျှ-မြန်မာ လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့် ရရှိရေး စာချုပ် ချုပ်ဆိုရန် ကြိုးပမ်းခဲ့ရာ၊ အရေးလှခဲ့သည်။ ထို့ပြင် စာချုပ် ချုပ်ဆိုရန် အရေးပါသော လိုက်လျောခွင့် များကို မင်းတုန်းမင်း တရားကြီးထံမှ ရရှိခဲ့သည်။

ဗြိတိသျှ တို့သည် မြန်မာတို့နှင့် ကူးသန်းရောင်းဝယ်မှုထက် မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ရောင်းဝယ် ဖောက်ကားမှုကို သာ၍ အာသီသ လိုရင်းဖြစ်ရာ၊ ယင်းသို့ မင်းတရားကြီးထံမှ လိုက်လျောမှုများအရ မြန်မာနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ကူးသန်း ရောင်းဝယ်မှု ကိုပြုရန် အပြိုင်အဆိုင် ကြိုးပမ်းနေသောကာလ ဖြစ်လေသည်။ မန္တလေးမှ ဖိုက် ပြန်ရောက်ပြီးနောက် မကြာမီ ၁၈၆၈ ခုနှစ်၌ ဗန်းမော်မြို့တွင် ဗြိတိသျှ ကိုယ်စားလှယ်တစ်ဦး ကပ္ပတိန် စထရိုဗာ ကို ခန့်ထားသည်။ မန္တလေးရှိ ဗြိတိသျှနိုင်ငံရေးကိုယ်စားလှယ် မေဂျာ ဆလေဒင် သည် တရုတ်-မြန်မာ နယ်ခြားသို့ပင် သွားရောက်ကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရန် ခရီးလမ်းပန်း အခြေအနေကို စုံစမ်းထောက်လှမ်းခဲ့လေသည်။

ဖိုက်သည် မြန်မာနိုင်ငံမှ တစ်ဆင့် ဗြိတိသျှ-တရုတ် ရောင်းဝယ်ရေးဖြစ်မြောက်ရန် အလွန် စိတ်အား ထက်သန်သူ တစ်စုတွင် တစ်ဦးအပါအဝင် ဖြစ်သည်။ မြန်မာနိုင်ငံမှ ရှန်ဟိုင်းသို့ မီးရထားလမ်း ဖောက်ရန် အထိပင် စိတ်အားသန်ခဲ့သည်။ သို့သော် ထိုစဉ်က အိန္ဒိယ ဘုရင်ခံချုပ် လော့မေယိုက ဖိုက်တို့၏ အကြံသည် တစ်ခေတ် စောလွန်း လှပါသေးသည်ဟု ဖိုက်ထံ အကြောင်းပြန်ကြား ခဲ့လေသည်။ ဖိုက်သည် ၁၈ရ၁ ခုနှစ်တွင် မဟာဝန်ရှင်တော် မင်းကြီးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ ဖိုက်သည် မြန်မာနိုင်ငံတွင် ၃၂ နှစ်မျှ နေထိုင်ခဲ့ဘူးသည်။ မြန်မာနိုင်ငံအကြောင်းနှင့် စပ်လျဉ်း၍ အတိတ်နှင့် ပစ္စုပ္ပန် မြန်မာနိုင်ငံ ဟူသော အတွဲနှစ်တွဲပါ ကျမ်းတစ်စောင်ပြုစုကာ ၁၈ရ၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ယင်းသည် သုတေသီတို့အတွက် အကိုးအကား ပြုရသော ကျမ်းစာတစ်စောင် ဖြစ်သည်။ ကိုယ်ရေး အတ္ထုပ္ပတ္တိ ရေးသားဟန်ဖြင့် ပြုစုထားသော်လည်း မြန်မာနိုင်ငံသမိုင်း၊ မြန်မာနိုင်ငံ ပထဝီဝင်တို့ကိုပါ ထည့်သွင်း ရေးသား မှတ်တမ်းတင်ထား ခဲ့လေသည်။ မြန်မာနိုင်ငံ၏ မြို့တော် ရန်ကုန်မြို့ရှိ သမ္မတ အိမ်တော်ဝင်း၏ အနောက်ဘက်လမ်းမကြီးကို ယခင်က ဖိုက်အား အစွဲပြုလျက် ဖိုက်လမ်းဟု ခေါ်ဝေါ်ခဲ့ပေသည်။


ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)