ဖယ်ယာ၊ ဆာ၊ အာသာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ရန်ကုန်မြို့ ရှိ ပန်းဆိုးတန်းလမ်းကို အင်္ဂလိပ်အမည် ဖယ်ယာလမ်း (Phayre Street ) ဟူ၍ ဗြိတိသျှ အစိုးရ ခေတ်က ခေါ်ဆိုသုံးစွဲလျက်ရှိသည်မှာ ဆာအာသာ ဖယ်ယာ ( Sir Arthur Phayre ) ကို အစွဲပြု၍ မှည့်ခေါ်သော အမည် ဖြစ်သည်။ ဆာအာသာ ဖယ်ယာကား အောက်မြန်မာပြည် ပဲခူးတိုင်းကို အင်္ဂလိပ်များ တိုက်ခိုက် သိမ်းပိုက်ပြီးသည့်နောက် ၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ပဲခူးတိုင်း၏ ပထမဆုံး ဝန်ရှင်တော်မင်းကြီး အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဖယ်ယာ၏ အမည် အပြည့်အစုံမှာ အာသာပါဗိဖယ်ယာ ဖြစ်သည်။ ဖယ်ယာသည် ၁၈၅၂ ခုနှစ်တွင် ပဲခူးတိုင်း ဝန်ရှင်တော်မင်းကြီး အဖြစ် စတင် ဆောင်ရွက် ခဲ့စဉ် က အသက် ( ၄၀ ) မျှသာ ရှိပြီး ဖြစ်သည်။ ဖခင်မှာ အိုင်းရစ်လူမျိုး ရစ်ချတ် ဖယ်ယာ ဆိုသူဖြစ်၍ အရှေ့အိန္ဒိယ ကုမ္ပဏီ တွင် အမှုထမ်းဆောင် ခဲ့ဖူးသည်။ မိခင်မှာကား ပုံနှိပ်တိုက်ပိုင်ရှင် တစ်ဦး၏ သမီး မာရီယာရစ်ချဝေး ဆိုသူ ဖြစ်လေသည်။

ငယ်စဉ်က ဖယ်ယာသည် အင်္ဂလန်ပြည် ရှရော့ပရှိုင်ယာ ကောင်စီ ရှရူးစဗယ်ရီ မြို့ရှိ ရှရူးစဗယ်ရီကျောင်း၌ ပညာသင်ခဲ့၍ အသက် ( ၁၆ ) နှစ် အရွယ်တွင် ဘင်္ဂလား တပ်မတော်သို့ ဝင်ရောက်ကာ စစ်မှုထမ်းသည်။ သို့သော် ဖယ်ယာသည် စစ်မှု ရေးရာထက် အုပ်ချုပ်မှု ရေးရာဘက်တွင် ပိုမို၍ စိတ်ဝင်စားသူ ဖြစ်သည်။ ထို့ကြောင့်လည်း မော်လမြိုင်မြို့တွင် အမှုထမ်းရွက်ခဲ့ရပြီး နောက် ၁၈၃၇ ခုနှစ်၌ ရခိုင်တိုင်း ဝန်ရှင်တော်မင်းကြီး ဖြစ်သူ ( ထိုစဉ်က ကက်ပတိန် ) အာစီဗော်ဗိုဂဲ ( Archibald Bogle )၏ အထက်တန်း လက်ထောက်အဖြစ် ပြောင်းရွှေ့ခန့်အပ်ခြင်း ခံရ၏။ ယင်းသို့ ရခိုင်တိုင်းတွင် အမှုထမ်းရွက်နေစဉ် ကာလအတွင်း သံတွဲခရိုင်တွင် ထကြွသောင်းကျန်းလျက် ရှိသော ဓားပြဘေးရန်ကို နှိမ်နင်း ခဲ့သဖြင့် ဖယ်ယာသည် အမည်ကျော်ကြားလာသည်။ ထို့နောက် မော်လမြိုင်မြို့သို့ ပြောင်းရွှေ့ အမှုထမ်းသည်။ အိန္ဒိယပြည်တွင် ဖြစ်ပွားသော ပထမစစ်ပွဲ ( ၁၈၄၆ ခုနှစ် ) တွင်လည်း ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။ ၁၈၄၈ တွင်ကား ဖယ်ယာသည် မြန်မာပြည်သို့ ပြန်ရောက်၍ ရခိုင်တိုင်း ဝန်ရှင်တော်မင်းကြီး ဖြစ်လာသည်။ အစိုးရမှတ်တမ်းများတွင် ဖယ်ရာသည် အမှုထမ်းရွက်ရာတွင် လုံ့လဝီရိယ ရှိပုံ၊ ဇွဲနဘဲ ကြီးပုံ တို့ကို မကြာခဏ ဖော်ပြထားသည်။ ဖယ်ယာသည် ကိုယ်ကျိုးငဲ့ကွက်ခြင်း မရှိသူလည်း ဖြစ်သည်။ စာပေဝါသနာထုံ၍ သုတေသန လုပ်ငန်းကိုလည်း လိုက်စား၏။ အချိန်အား ရသည့် အခါတိုင်း သူသည် အင်ဒိုချိုင်းနားရှိ လူမျိုးများ၏ ဝေါဟာရဗေဒ၊ ဝံသဗေဒ နှင့် ရာဇဝင်သမိုင်း တို့ကို ဆည်းပူးလေ့လာခဲ့သေး၏။ ထို့ပြင် ရှေးဟောင်း ရခိုင် ရာဇဝင် မော်ကွန်း တို့ကိုလည်း လေ့လာခဲ့သေး၏။ ဖယ်ယာ ရေးသား ပြုစုခဲ့သော မြန်မာနိုင်ငံ သမိုင်း သည် မြန်မာနိုင်ငံအကြောင်းကို အင်္ဂလိပ်ဘာသာ ဖြင့် ပထမဆုံး အကြိမ် ရေးသားထုတ်ဝေခဲ့သော ရာဇဝင်ကျမ်းပင် ဖြစ်သည်။ ဤသို့လျှင် အုပ်ချုပ်ရေးဘက်၌ လည်းကောင်း၊ ရာဇဝင်ချွန်တစ်ဦး ဖြစ်သူ ဖယ်ယာ၏ အရည်အချင်းကို အိန္ဒိယ နိုင်ငံ ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီ တစ်ဦးသာ လျှင် တိကျစွာ သိရှိခဲ့၏။ ယင်းသို့ သိရှိသည့် အလျောက်လည်း ဒါလဟိုဇီသည် ချီးမြှောက်အပ်သူကို ချီးမြှောက်သောသဘောဖြင့် သူ့ထက် အမှုထမ်းသက်ရင့်သူ အာခီဗော်ဗိုဂဲ ကို ကျော်လွန်၍ ဖယ်ယာအား ၁၈၅၂ တွင် ပဲခူးတိုင်း ဝန်ရှင်တော်မင်းကြီး အဖြစ် တိုးမြှင့်ခန့်ထားလိုက်ခြင်း ဖြစ်လေသည်။

ထို့နောက် ဖယ်ယာသည် မြန်မာမင်းနှင့် ကူးလူးဆက်ဆံ ရေးတွင် ဦးဆောင်လုပ်ကိုင်ရန် အတွက်လည်း အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီ၏ ရွေးချယ်ခန့်အပ်ခြင်းကို ခံရ၏။ ၁၈၅၃ ခုနှစ် မတ်လကုန်တွင် ပဲခူးတိုင်းကို ပြန်လည်ပေးအပ်ရေး နှင့် စပ်လျဉ်း၍ မင်းတုန်းမင်း စေလွှတ်သော မကွေးမင်းကြီး ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် အင်္ဂလိပ် အာဏာပိုင်များနှင့် လာရောက် စေ့စပ်ပြောဆိုသည်။

ထိုအရေးကိစ္စတွင်လည်း လော့ဒ်ဒါလဟိုဇီ၏ အမိန့်အရ အင်္ဂလိပ် အာဏာပိုင်များ ဘက်မှ ဖယ်ယာကပင် ဆွေးနွေးပြောဆိုရသည်။ ယင်းကိစ္စနှင့်ပင် ဒလဝန် ခေါင်းဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့သည် ဇင်နိုးဗီးယား ပင်လယ်ကူး သင်္ဘောဖြင့် ကာလကတ္တားမြို့ အိန္ဒိယနိုင်ငံ ဘုရင်ခံချုပ် လော့ဒ်ဒါလဟိုဇီ ထံ သွားရောက် တွေ့ဆုံဆွေးနွေးရတွင်လည်း ဖယ်ယာကပင် ကြီးမှူး၍ လိုက်ပါပို့ဆောင်ရသည်။ ၁၈၅၅ ခုနှစ်တွင် အတုံ့အပြန် သဘောဖြင့် ဖယ်ယာခေါင်းဆောင်သော အင်္ဂလိပ် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့သည် အမရပူရ နေပြည်တော် သို့ သွားရောက်ခဲ့လေသည်။

၁၈၆၂ ခုနှစ်၌ အင်္ဂလိပ်အစိုးရသည် သိမ်းပိုက်ထားသော ရခိုင်တိုင်းနှင့် တနင်္သာရီတိုင်းတို့ကို ပဲခူးတိုင်းနှင့် တစ်စည်းတစ်လုံးတည်း ပူးပေါင်းလိုက်သော အခါ ဖယ်ယာသည် မင်းတုန်းမင်း စံမြန်းရာ မန္တလေးမြို့ သို့ ၁၈၆၂ ခုနှစ်နှင့် ၁၈၆၆ ခုနှစ်တို့တွင် နှစ်ခေါက်မျှ သွားရောက်ခဲ့၏။ သွားရောက်သည့် ရည်ရွယ်ချက် မှာကား အင်္ဂလိပ် − မြန်မာကူးသန်းရောင်းဝယ်ရေးကိစ္စ ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဗန်းမော်မှ ဖြတ်၍ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်နယ် နှင့် ကုန်စည်ကူးသန်းရန်ဖြစ်သည်။ ၁၈၆၂ ခုတွင်သွားရောက်ခဲ့စဉ်က ဖယ်ယာသည် မင်းတုန်းမင်း နှင့် ကူးသန်းရောင်းဝယ်ရေး စာချုပ်တစ်ရပ် ကို ချုပ်ဆိုခဲ့လေသည်။ မြင်ကွန်း နှင့် မြင်းခုံတိုင် စားတို့ ပုန်ကန်သည့် ၁၈၆၆ ခုနှစ်တွင် ဖယ်ယာသည် မန္တလေးသို့ ဒုတိယအကြိမ် သွားရောက်ကာ နောက်ထပ် ကူးသန်းရောင်းဝယ်ရေး စာချုပ်များချုပ်ဆိုရန် စေ့စပ်ဆွေးနွေးရာ မအောင်မြင်ခဲ့ပေ။ ၁၈၆၇ ခုနှစ်တွင် ဖယ်ယာ သည် ဗြိတိသျှ မြန်မာနိုင်ငံတွင် အမှုထမ်းဆောင်ရာမှ အနားယူသွားလေသည်။ သူ၏ နေရာကို ကာနယ် အဲလဗတ်ဖိုက်က ဆက်ခံယူသည်။

အာသာဖယ်ယာ သည် ရာထူးမှ အနားယူ၍ အင်္ဂလန်ပြည်၌ နေထိုင်စဉ် ၁၈၈၁ ခုနှစ် တော်ဝင် အနုပညာအသင်းတွင် မိမိ သုတေသန ပြုလုပ်ခဲ့သော အချက်တို့ကို ဖတ်ကြားအစီရင်ခံခဲ့သည်။

ဆာအာသာဖယ်ယာသည် ၁၈၈၅ ဒီဇင်ဘာ ၁၄ တွင် ကွယ်လွန်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၇)