ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ
[ပြင်ဆင်ရန်] မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့သော သမ္မတများ
| စဉ် | အမည် | တာဝန်ထမ်းဆောင်ခဲ့သောကာလ |
|---|---|---|
| ၁။ | စဝ်ရွှေသိုက် | ၄-၁-၁၉၄၈ မှ ၁၆-၃-၁၉၅၂ |
| ၂။ | ဦးဘဦး | ၁၃-၃-၁၉၅၂ မှ ၁၃-၃-၁၉၅၇ |
| ၃။ | မန်းဝင်းမောင် | ၁၃-၃-၁၉၅၇ မှ ၂-၃-၁၉၆၂ |
| ၄။ | ဦးနေဝင်း | ၂-၃-၁၉၇၄ မှ ၉-၁၁-၁၉၈၁ |
| ၅။ | ဦးစန်းယု | ၉-၁၁-၁၉၈၁ မှ ၂၅-၇-၁၉၈၈ |
| ၆။ | ဦးစိန်လွင် | ၂၅-၇-၁၉၈၈ မှ ၁၂-၈-၁၉၈၈ |
| ၇။ | ဦးအေးကို (ယာယီ) | ၁၂-၈-၁၉၈၈ မှ ၁၉-၈-၁၉၈၈ |
| ၈။ | ဒေါက်တာမောင်မောင် | ၁၉-၈-၁၉၈၈ မှ ၁၈-၉-၁၉၈၈ |
| ၉။ | ဦးသိန်းစိန် | ၄-၂-၂၀၁၁ မှ |
မြန်မာနိုင်ငံသည် ၁၉၄၈ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဗြိတိန်တို့ထံမှ လွတ်လပ်ရေးရရှိပြီးသည့်နောက်တွင် နိုင်ငံအုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။ ရာထူးအားဖငြင့် သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် အစိုးရအဖွဲ့အကြီးအကဲမှာမူ နိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်သည်။ တစ်နည်းအားဖြင့် ၁၉၄၇ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဌာန်းထားချက်များအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိပေသည်။ လွှတ်တော် ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လှစ်ဟင်းမှုများမဖြစ်ပေါ်စေရန် သမ္မတမှ ယာယီတာဝန်ယူ အုပ်ချုပ်ပေးခြင်းမျိုးသာ ရှိပေသည်။ ထို ပါလီမန် ဒီမိုကရေစီခေတ် တစ်လျောက်တွင် သမ္မတအဖြစ် တာဝန်ယူခဲ့ကြသူများမှာ-
- စဝ်ရွှေသိုက်
- ဦးဘဦး နှင့်
- ဦးမန်းဝင်းမောင် တို့ဖြစ်ကြသည်။
သို့ရာတွင် ၁၉၆၂ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် တပ်မတော်မှ အာဏာသိမ်းယူမှုဖြစ်ပွားပြီးသည့်နောက်တွင် အထက်ပါ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ် နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရပြီးဖြစ်သည်။ ထိုနောက် ၁၉၇၄ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တစ်ပါတီ စနစ်ကို ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတ ဖြစ်ကြောင်း ပြဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထို ဖွဲ့စည်းပုံအရ တာဝန်ယူခဲ့ကြသည့် သမ္မတများမှာ-
- ဦးနေဝင်း
- ဦးစန်းယု(နိုင်ငံတော်သမ္မတ)
- ဦးစိန်လွင်
- ဦးအေးကို (နိုင်ငံတော်သမ္မတ) နှင့်
- ဒေါက်တာမောင်မောင် တို့ဖြစ်ကြသည်။
၁၉၈၈ခုနှစ် ၈၈၈၈ လူထုအုံကြွမှုအပြီးတွင် တပ်မတော်မှ တစ်ဖန်အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ခုနှစ်ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်း မရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန်အတွက် ဝန်ကြီးချုပ် တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော် သမ္မတသည် နိုင်ငံအကြီးအကဲဖြစ်သည် သာမက အစိုးရအဖွဲ့အကြီးအကဲပါ ဖြစ်သည်ဟု ဆိုသည်။ သို့ဖြင့် ၂၀၁၁ခုနှစ် ဖေဖော်ဝါရီလ၊ ၄ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် စစ်ဘက်မှ ကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြောက်ရေးအဖွဲ့၏ မဲပေးဆုံးဖြတ်ချက်များအရ ဦးသိန်းစိန်သည် သမ္မတဖြစ်လာသည်။
[ပြင်ဆင်ရန်] ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော် သမ္မတ၏တာဝန်နှင့်လုပ်ပိုင်ခွင့်
၂၀၂။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့်
- (က) ပြည်ထောင်စုအစိုးရဝန်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် ဝန်ကြီးဌာနများကို ပြင်ဆင်သတ်မှတ်ခြင်း ဖြည့်စွက်ခြင်း ပြုနိုင်သည်။
- (ခ) ပြည်ထောင်စုဝန်ကြီးဦးရေကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ထို့ပြင် သတ်မှတ်ဦးရေကို တိုးခြင်း၊ လျှော့ခြင်း ပြုနိုင်သည်။
၂၀၃။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယ သမ္မတများသည် နိုင်ငံတော် သမ္မတအားလည်းကောင်း၊ နိုင်ငံတော် သမ္မတမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်အားလည်းကောင်း တာဝန်ခံရမည်။
၂၀၄။ နိုင်ငံတော်သမ္မတသည်
- (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
- (ခ) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ထောက်ခံချက်နႇင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်။
၂၀၅။ နိုင်ငံတော် သမ္မတသည် ဥပဒေနှင့်အညီ
- (က) ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းပြုနိုင်သည်။
- (ခ) ချီးမြှင့်အပ်နှင်းထားသည့် ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ပြန်လည်ရုပ်သိမ်းခြင်းပြုနိုင်သည်။
၂၀၆။ နိုင်ငံတော် သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ သံတမန်အဆက်အသွယ်ဖြတ်တောက်ခြင်းပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုး၌ နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနႇင့် ညိႇနှိုင်းလျက် နိုင်ငံခြားတိုင်းပြည်တစ်ခုနႇင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ နိုင်ငံတော်သမ်မတသည် မိမိ၏အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြအတည်ပြုချက်ရယူရမည်။
၂၀၈။ နိုင်ငံတော် သမ္မတသည် ဥပဒေနှင့်အညီ ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှုးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။
၂၀၉။ နိုင်ငံတော် သမ္မတသည် ဥပဒေနှင့်အညီ
- (က) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုရမည်။
- (ခ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက် ရယူရန်မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ (သို့မဟုတ်) နိုင်ငံအချင်းချင်းဆိုင်ရာစာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နုတ်ထွက်ခြင်း ပြုနိုင်သည်။
၂၁၀။ နိုင်ငံတော် သမ္မတသည် နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဖြစ်စေ၊ ပြည်သူ့လွှတ်တော် (သို့မဟုတ်) အမျိုးသားလွှတ်တော်အစည်းအဝေးတွင်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သဝဏ်လွှာပေးပို့ခွင့်ရှိသည်။
၂၁၁။ နိုင်ငံတော်သမ္မတသည် လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အရေးပေါ်အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေးကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော်နာယကအား အကြောင်းကြားနိုင်သည်။
၂၁၂။*(က) နိုင်ငံတောသမ္မတသည် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတစ်ခုနှင့် တစ်ခုအကြား ဘဏငွေ အရအသုံးဆိုင်ရာ ကိစ်စရပ်များမှအပ ချက်ချင်းအရေးယူဆောင်ရွက်ရန် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များအတွက် ဥပဒေ ကဲ့သို့ အာဏာတည်သောအမိန့်ကို ထုတ်ပြန်ခွင့်ရှိသည်။
- (ခ) နိုင်ငံတော်သမ်မတသည် ပုဒ်မခွဲ(က)အရ ထုတ်ပြန်ခဲ့သည့် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို ရုပ်သိမ်းခြင်းမရှိလျှင် ယင်းအမိန့်ထုတ်ပြန်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ကျင်းပသော အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ တင်ပြ၍ အတည်ပြုချက်ရယူရမည်။ ရက်ပေါင်း ၆၀ အတွင်း ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကျင်းပရန် မရှိလျင် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးကို ခေါ်ယူကျင်းပစေ၍ အတည်ပြုချက်ရယူရမည်။
- (ဂ) ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်မရရှိလျှင် ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်သည် အတည်မပြုသည့်နေ့မှစ၍ အာဏာတည်ခြင်းမှ ရပ်စဲရမည်။
- (ဃ) နိုင်ငံတောသမ္မတသည် ပြည်ထောင်စုလွှတော်၏ သဘောတူညီချက်ဖြင့် ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို လိုအပ်သောကာလအပိုင်းအခြားအထိ ဆက်လက်အတည်ဖြစ်စေနိုင်သည်။
- (င) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း ရုပ်သိမ်းပြီးဖြစ်စေကာမူ ထိုဥပဒေကဲ့သို့ အာဏာတည်သောအမိန့်ကို အနီးကပ်ဆုံးကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့တင်ပြရမည်။
- (စ) ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ပိုင်ခွင့်မရှိသော ပြဋ္ဌာန်းချက်ပါရှိလျှင် ယင်းပြဋ္ဌာန်းချက်သည် ပျက်ပြယ်ရမည်။
၂၁၄။ နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဋ္ဌာန်းသည့်ဥပဒေများကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူဆောင်ရွက်ပြီး လက်မှတ်ရေးထိုးရမည်။ ယင်းသို့ လက်မှတ်ရေးထိုးပြီးသောဥပဒေများကို နိုင်ငံတော်ပြန်တမ်းတွင် ထုတ်ပြန် ကြေညာရမည်။
၂၁၅။ နိုင်ငံတောသမ္မတသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း၊ မိမိအားအပ် နှင်း ထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့တည်းမဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သောပြုလုပ်မှု အတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင်မျ ဖြေရှင်းရန် တာဝန်မရှိစေရ။ သို့ရာတွင် ဤကဲ့သို့ တာဝန်မရှိစေခြင်းသည် နိုင်ငံတော် သမ္မတအား ဖွဲ့စည်းပုံအခြေခံဥပဒေပါ စွပ်စွဲပြစ်တင်ခြင်းနှင့်စပ်လျဉ်းသည့် ပြဋ္ဌာန်းချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။
[ပြင်ဆင်ရန်] ကျမ်းကိုးကား
- ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေ
- President of Burma (Wiki English)
|
|||||||||