ပြင်သစ် တော်လှန်ရေး

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဘာစတီအကျဉ်းထောင်အား ဝင်ရောက်စီးနင်းမှု

ပြင်သစ် တော်လှန်ရေးဆိုသည်မှာ ၁၈ ရာစုနှောင်းပိုင်းကာလ ၁၇၈၉ - ၁၇၉၉ ခုနှစ်အတွင်း ပြင်သစ်သမိုင်းတွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေး၊ လူမှုရေး အပြောင်းအလဲကြီး တစ်ရပ်ဖြစ်သည်။ ထိုခေတ်ကာလအတွင်း ပြင်သစ်နိုင်ငံတွင် ဘုရင်နှင့် ဘာသာရေး အကြီးအကဲ ကက်သလစ် ဘုန်းတော်ကြီးများ ကြီးစိုးသည့် သက်ဦးဆံပိုင် ဧကရာဇ် စနစ်မှသည် လူတိုင်း တန်းတူ အခွင့်အရေးရှိသည့် အုပ်ချုပ်ရေး စနစ်သို့ ကူးပြောင်းစေခဲ့သည်။

၁၇၈၉ ခုနှစ်မှ ၁၇၉၉ ခုနှစ်အထိ ဆယ်နှစ်မျှသောကာလပတ်လုံး ပြင်သစ်တနိုင်ငံလုံးသည် ဆူပူသောင်းကျန်းသတ်ဖြတ်မှုများဖြင့် သောသောညံခဲ့လေသည်။ ထိုကာလသည် ပြင်သစ်တော်လှန်ရေးကာလ ဖြစ်သည်။ ပြင်သစ်ဘုရင် လူဝီ - ၁၆ ၏ လက်ထက်တွင် တော်လှန်ရေးစခဲ့၍ နပိုလီယန်ဗိုနာပတ် ပထမကွန်ဆာဖြစ်လာသည့်အခါ တော်လှန်ရေးပြီးဆုံးခဲ့သည်။ ဆိုခဲ့သော ဆယ်နှစ်ကာလ အတွင်း ဘုရင်နှင့် မိဖုရားအပါအဝင် အထောင်အသောင်းမျှသော မင်းဆွေမင်းမျိုး မြို့စားနယ်စားတို့ ခေါင်းဖြတ်အသတ်ခံရသည်။ တော်လှန်ရေးခေါင်းဆောင်များ ပေါ်ထွက်ခဲ့သည်။ သို့သော် နှစ်ကြာရှည်စွာ လူထုကြည်ညိုမှုကို မခံရဘဲ၊ နောက်ဆုံးတွင် ခေါင်းဖြတ်ခံ ကြရလေသည်။

သဘောအားဖြင့် ဆိုရလျှင် တော်လှန်ရေး စတင်ချိန်က ပြင်သစ်နိုင်ငံ၌ ဘုရင့်တန်ခိုးအာဏာလွှမ်းမိုးနေခဲ့သည်။ တော်လှန်ရေး ပြီးဆုံးချိန် ၌မူ ကြီးကျယ်တိုးပွားလာနေသော လူလတ်တန်းစားလက်ထဲသို့ အာဏာပြောင်းသွားသည်။ ပထမ နပိုလီယန်ဘုရင် တန်ခိုးမှေးမှိန် သွားပြီးနောက်တွင် ဗူးဗွန်မင်းဆက်များ ပြန်၍နန်းစံကြသေးသော်လည်း၊ ကံကျွေးချစနစ်မူကား ပြင်သစ်နိုင်ငံ၌ ပြန်၍ ခေါင်းမဖော် နိုင်တော့ချေ။

ပြင်သစ်ဘုရင်များ တံခိုးထွားလျက်ရှိခဲ့စဉ်က ပြင်သစ်နိုင်ငံတွင် လူတန်းစားသုံးရပ်ရှိနေသည်။ မင်းမျိုး၊ မင်းနွယ်၊ မြို့စား၊ နယ်စား မှူးမတ်များ၊ ရောမကက်သလစ် ခရစ်ယာန်ဂိုဏ်းဝင် သာသနာ့ဝန်ထမ်းများ ပြည်သူလူထုဆင်းရဲသားများ ဟူ၍ ဖြစ်သည်။ ထိုလူတန်းစားသုံးရပ်၏ အခြေအနေသည် မမျှမတ ဖြစ်နေလေသည်။

၁၈ ရာစုနှစ် နောက်ပိုင်းလောက်တွင် ပြင်သစ်ပြည်သူလူထုသည် အလွန်ဆင်းရဲ ဒုက္ခရောက်လျက်ရှိကြသည်။ ဆင်းရဲသားများသည် ကြီးလေးသော အခွန်အတုတ်များကို ထမ်းဆောင်ကြရ၍၊ ခါးမလုံ ဝမ်းမဝ စုတ်ပဲ့နုံချာသော ဘဝသို့ကျရောက်နေကြသည်။ သူတို့ ဆင်းရဲ ငတ်ပြတ်နေသလောက် ပြင်သစ်ဘုရင်နှင့် နယ်စားမြို့စား မှူးမတ်တို့က စည်းစိမ်ယစ်မူးနေကြသည်။ ထိုမင်းမြှောင်ကပ်ပါး နယ်စား မြို့စားမှူးမတ်များနှင့် ရောမကက်သလစ် ခရစ်ယာန်ဂိုဏ်းဝင်ဘုန်းကြီးများသည် တနိုင်ငံလုံးရှိ မြေယာများကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားသော်လည်း အခွန်မထမ်းကြချေ။ အခွင့်အရေးဟူသမျှကား ဆင်းရဲသားများ မခံစားရဘဲ၊ သူတို့ချည်းခံစားကြသည်။ ဆင်းရဲသားများသည် ထိုမိုးကျရွှေကိုယ်တို့ စည်းစိမ်ယစ်မူးနိုင်အောင် ကြီးလေးသောအခွန်များ ပေးဆောင်ကြရသည်သာမက၊ အမျိုးမျိုး ဖိစီးနှိပ်စက်ခြင်းကိုလည်း ခံကြရသည်။ ပုံစံအားဖြင့် နယ်စားမြို့စားတယောက် တောကစားထွက်၍၊ တောင်သူလယ်သမားများ၏ လယ်ခင်းများပျက်စီးသွားသော်လည်း၊ လျော်ကြေးကို သူတို့မတောင်းနိုင်ကြချေ။ နယ်စားမြို့စားများက ထိုသူတို့အား မတော်တဆ ဖြစ်စေ၊ တမင်ဖြစ်စေ သတ်မိစေကာမူ၊ နယ်စားမြို့စားများအား တရားစွဲဆိုနိုင်ခွင့် လုံးဝမရှိချေ။

ထိုသို့ လူမှုရေးမမျှမတ၊ အုပ်ချုပ်ရေးမမျှမတ ဖြစ်နေသည်ကို ဘုရင်မင်းမြတ်က မျှတလာအောင် ဆောင်ရွက်ခြင်းမရှိချေ။ ထို့ပြင် ဘုရင် များသည် အလွန်တန်ခိုးကြီးလိုကြသည်။ ထို့ကြောင့် နယ်ချဲ့နိုင်ရေးအတွက် ဂျာမနီနှင့်လည်းကောင်း၊ အင်္ဂလိပ်နှင့်လည်းကောင်း စစ်ဖြစ်ခဲ့သည်။ ထိုစစ်ပွဲများတွင် ပြင်သစ်တို့ ရှုံးသည်သာများသည်။ စစ်ပွဲများကြောင့် ငွေကုန်ကြေးကျများသည်။ ပြည်သူလူထုလည်း ခါတိုင်းထက်ပို၍ မကျေမနပ်ဖြစ်လာလေသည်။ထိုကာလအတွင်း လူမှုအယူအဆသစ်များ ပေါ်လာ၍၊ ပြည်သူလူထုထံသို့ တစတစ ပြန့်ပွားသွားလေသည်။ လူထုအား အယူအဆသစ်များဖြင့်အသိဉာဏ်ဖွင့်ပေးကြသော ပညာရှိစာရေးဆရာကြီးများမှာ ဗော်လတဲယားမွန်တက်စကျူးရူးဆိုး စသည်တို့ဖြစ်ကြသည်။ ထိုပုဂ္ဂိုလ်ကြီးများ၏ အသိဉာဏ်ဖွင့်ပေးမှုကြောင့် ဘုရင်မင်းမြတ်ဟူသည် မိုးကျရွှေကိုယ်မဟုတ်ကြောင်း၊ နိုင်ငံအုပ်ချုပ်ရေးတွင် ပြည်သူလူထုသည်လည်း ပါဝင်ခွင့်ရှိကြောင်း သိမြင်လာကြသည်။ သူတို့၏ နိမ့်ကျနုံချာသောအဖြစ်ကိုလည်း ဆင်ခြင်မိလာကြသည်။

လူဝီ ၁၄ သည် စည်းစိမ်ခံရန် အလွန်အသုံးအဖြုန်းများသည်။ မိမိတန်ခိုးအာဏာကြီးမားရန် စစ်ပွဲများတိုက်ခိုက်စေသဖြင့် ဘဏ္ဍာငွေများစွာ ကုန်ကျသည်။ လူဝီ - ၁၅ နန်းတက်လာပြန်သော်၊ ထိုဘုရင်သည် အရည်အချင်း ညံ့ဖျင်းကာ၊ ပျင်းရိပြီးလျှင် အသုံးအဖြုန်းကြီးသည်။ ထို့ကြောင့် ပြည်သူလူထုသည် ဘုရင့်အုပ်ချုပ်ရေးစနစ်ကို ရွံမုန်းလာလေသည်။ ယင်းသို့ မကျေနပ်မှုများသည် အငွေ့တလူလူနှင့် ဖြစ်နေသော ယမ်းအိုးကြီးနှင့် တူနေသည်။ ထိုယမ်းအိုးကြီးသည် လူဝီ - ၁၆ လက်ထက်တွင် ပေါက်ကွဲလေတော့သည်။ လူဝီဘုရင်နှင့် မိဖုရားမာရီအန်တွာနတ်တို့သည် စည်းစိမ်ကြီးစွာခံစား၍ နိုင်ငံ၏ဘဏ္ဍာကို သုံးဖြုန်းကြသည်။ ထို့ကြောင့်နိုင်ငံမှာ ကြွေးပတ်လည် ဝိုင်းနေသည်။ ၁၇၈၈ ခုနှစ်တွင် လူဝီသည် ငွေကြေးအပူတပြင်းလိုအပ်နေသဖြင့် အခွန်တိုး၍ ကောက်ခံရန် စတိတ်ဂျင်နရယ် (အင်စတိတ် ဂျင်နရယ်) ခေါ် လွှတ်တော်အစည်းအဝေးကြီးကို ခေါ်ရလေတော့သည်။

၁၇၈၉ ခုနှစ် မေလတွင် ထိုလွှတ်တော် အစည်းအဝေးကို ဗာဆေးမြို့၌ ကျင်းပရာ၊ မင်းဆွေမင်းမျိုး မြို့စားနယ်စားများ၊ သာသနာ့ဝန်ထမ်းများနှင့် ဆင်းရဲသားပြည်သူလူထုတို့၏ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ပြည်သူလူထု၏ ကိုယ်စားလှယ်တို့သည် အခွန်သစ် ကောက်ခံရေးကို လက်မခံသည့်ပြင်၊ လူမှုရေး မမျှတမှု၊ အုပ်ချုပ်ရေး မမျှတမှုတို့ကို ပြုပြင်ပေးရန် တောင်းဆိုကြသည်။ ထိုအခါ လူတန်းစားနှစ်ရပ်၏ ကိုယ်စားလှယ်များက ကန့်ကွက်သည်။ လူဝီဘုရင်ကလည်း မိမိ၏ စစ်တပ်ဖြင့် ခြိမ်းခြောက်သည်။ ထို့ကြောင့် လူထုကိုယ်စားလှယ်တို့သည် လွှတ်တော်မှ ထွက်ခဲ့ကြပြီးလျှင် အနီးရှိ တင်းနစ်ကစားကွင်း တခုတွင် စုရုံးစည်းဝေးကြသည်။

ထို့နောက် မိမိတို့သာလျှင် ပြင်သစ်နိုင်ငံ၏ တရားဝင်အမျိုးသားလွှတ်တော်ဖြစ်သည်ဟု ကျေညာသည်။ ပြင်သစ်နိုင်ငံအတွက် အခြေခံဥပဒေ အသစ်တရပ်ရေးဆွဲ၍ မပြီးမချင်းထိုလွှတ်တော်ကို ဖျက်သိမ်းခြင်းမပြုရန်လည်း သစ္စာအဓိဋ္ဌာန်ပြုကြသည်။ အခြားလူတန်းစား နှစ်ရပ်မှ အမြင်မှန်ရသော အချို့ကိုယ်စားလှယ်တို့ကလည်း နောင်အခါ တိုင်းပြည်ပြု လွှတ်တော်ဟုတွင်သည့် ပြည်သူလူထုကိုယ်စားလှယ်စုနှင့် လာ၍ ပူးပေါင်းသည်။ ဤသို့ စတိတ်ဂျင်နရယ် လွှတ်တော်ကို အသိအမှတ်မပြုဘဲ တစင်ထောင်သည်ကို နောက်ဆုံးတွင် လူဝီဘုရင်သည် အသိအမှတ် ပြုရလေသည်။ သို့တိုင်အောင် သူသည်အကြမ်းဖက်၍ နှိမ်နင်းရန်သာ ကြိုးစားနေခဲ့သေးသည်။ သူသည် ဝန်ကြီးချုပ်ဇက်နက်ကာကို ဖြုတ်ပစ်၍ အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းရန်လည်း ကြံရွယ်ခဲ့၏။ ထို့ကြောင့် ပါရစ်မြို့တော်လူထုသည် အုပ်မနိုင်ထိန်းမရဖြစ်လာကာ လက်နက်များ ရရှိရန်အတွက် ဗက်စတီးခေါ် အကျဉ်းထောင်ကြီးကို ဇူလှိုင်လ ၁၄ ရက်နေ့တွင် တိုက်ခိုက်ကြသည်။ ထိုအခါမှစ၍ သက်ဦးဆံပိုင်ဘုရင် စနစ်ကို တော်လှန်သော တော်လှန်ရေးကြီး စတင်ခဲ့လေသည်။

ဗက်စတီးကျဆုံးပြီးနောက် ပါရီမြို့နှင့် ပြင်သစ်နိုင်ငံ အရပ်ရပ်တွင်တော်လှန်ရေးသမားများ ကြီးစိုးလာလေသည်။ အမျိုးသားလွှတ်တော်တွင် စည်းမျဉ်းအုပ် ဘုရင့်ပါတီ၊ ဘုရင်မင်းမြတ်ပါတီနှင့် သမတပါတီဟူ၍ နိုင်ငံရေးပါတီ သုံးခုရှိသည်။ စည်းမျဉ်းအုပ်ဘုရင့်ပါတီက အင်အားများသဖြင့် ၁၇၉၁ ခုနှစ်တွင် စည်းမျဉ်းအုပ်ဘုရင်စနစ်အစိုးရကို ထူထောင်လိုက်သည်။ မှူးမတ်များ၊ နယ်စားမြို့စားများတို့သည်လည်း မိမိတို့ အခွင့်အရေးစည်းစိမ်ဥစ္စာများ စွန့်လွှတ်ရသည်။ ကံကျွေးချစနစ်ကို လွှတ်တော်က ဖျက်သိမ်းလိုက်သည်။ လူတိုင်းအမတ်ရွေးကောက်ပွဲ၌ မဲဆန္ဒပေးနိုင်ခွင့် လွတ်လပ်စွာရေးသားပြောဆိုခွင့်၊ မိမိပစ္စည်းအင်အားအလိုက် အခွန်ထမ်းဆောင်ခွင့်များကို ရရှိစေသည်။ လူဟူသမျှ လွတ်လပ်စွာနေထိုင်မှုရှိရမည်။ အခွင့်အရေးတန်းတူရှိရမည်။ ချစ်ခင်မျှတမှုရှိရမည် ဟူသော ပြင်သစ်နိုင်ငံအစိုးရသစ်၏ ဝါဒကိုလည်း ကျေညာသည်။

ထိုကျေညာချက်ကို သက်ဦးဆံပိုင်ဘုရင်များ အုပ်ချုပ်သော နိုင်ငံများက မလိုလားချေ။ လူဝီဘုရင်သည် အစိုးရသစ်၏ လက်အောက်ဝယ် အကျဉ်းသမားသဖွယ် ဖြစ်နေသည်။ အုပ်ချုပ်ရေးဥပဒေကို လိုက်နာရန် ကတိပြုသော်လည်း ပြင်သစ်၏ ရန်သူနိုင်ငံများနှင့် လျှို့ဝှက်စွာ ဆက်သွယ်သည်။ လူဝီသည် မိဖုရား၊ သားတော်သမီးတော်များနှင့်အတူ ထွက်ပြေးရန် ကြိုးစားရာပြန်လည် ဖမ်းမိသွားသည်။ ထိုအခါ လူဝီဘုရင့်အပေါ် သင်္ကာမကင်းဖြစ်နေသူများသည် ပို၍ အယုံအကြည်ကင်းမဲ့လာကြလေသည်။

ဤ အဖြစ်အပျက်များကြောင့် တော်လှန်ရေးသမားတွင် ဘုရင့်ဂိုဏ်နှင့် သမ္မတဂိုဏ်းဟူ၍ နှစ်ဂိုဏ်းကွဲလာသည်။ နောက်ဆုံးတွင် သမ္မတဂိုဏ်းသည် လူထု၏ထောက်ခံမှုကို ရရှိသည်။ ၁၇၉၂ ခုနှစ်တွင် သမ္မတပါတီက ခေါင်းဆောင်သော ပြည်သူလူထုကိုယ်စားလှယ် များသည် ညီလာခံတရပ်ကို ကျင်းပသည်။ ထိုကိုယ်စားလှယ်များ ညီလာခံမှ ဆုံးဖြတ်ချက်အရ စည်းမျဉ်းအုပ် ဘုရင့်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်း၍ သမ္မတအစိုးရစနစ်ကို ထူထောင်သည်။ ၁၇၉၃ ခုနှစ်တွင် လူဝီဘုရင်အား ကွပ်မျက်လိုက်လေသည်။

စည်းမျဉ်းအုပ်ဘုရင့်အုပ်ချုပ်ရေးကို ဖျက်သိမ်းလိုက်သော်လည်း ပြင်သစ်နိုင်ငံ၏ အခြေအနေမှာ တနေ့တခြား ဆိုးရွားလာခဲ့သည်။ ဘုန်းကြီးနှင့် ကက်သလစ်ဂိုဏ်းဝင်တို့သည် အယူဝါဒချုပ်ချယ်မှုများကြောင့် အစိုးရသစ်ကို ဆက်လက်အားမပေးတော့ချေ။ ကုန်သည်များ ကလည်း အစိုးရက စည်းမဲ့ကမ်းမဲ့ထုတ်ဝေနေသဖြင့် တန်ဖိုးမရှိ ဖြစ်လာသော ငွေစက္ကူများကြောင့် မကျေမနပ်ဖြစ်လာကြသည်။ ဘုရင့်ဂိုဏ်းသားများကလည်း အချို့နယ်များ၌ ပုန်ကန်ထကြွလျှက်ရှိကြသည်။ ဤသို့ တိုင်းပြည်မငြိမ်မသက်ရှိစဉ် ဥရောပဘုရင်များကလည်းမိမိတို့ နိုင်ငံများတွင် ပြင်သစ်တော်လှန်ရေးနှင့် အလားတူအရေးတော်ပုံများ ပေါ်ပေါက်လာမည်ကို စိုးရိမ်ကြသဖြင့် ပြင်သစ်အစိုးရကို ချေမှုန်းပစ်လိုကြသည်။ မကြာမီ ဩစတြီးယားပရပ်ရှားနှင့် အင်္ဂလန်တို့သည် ပြင်သစ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ခြိမ်းခြောက်လျှက် ရှိကြတော့သည်။

ပြင်သစ်လူမျိုးတို့သည် ဤသို့ပြည်တွင်းပြည်ပ ဘေးရန်အမျိုးမျိုးနှင့် ရင်ဆိုင်တိုးလျက်ရှိသဖြင့် သူတို့၏ လွတ်လပ်ရေးကို ခေတ္တ စွန့်လွှတ်ပြီးလျှင် ပြည်သူ့ကာကွယ်ရေးကော်မတီခေါ် အဖွဲ့အား အာဏာကုန်လွှဲအပ်လိုက်သည်။ ထိုကော်မတီသည် အုပ်ချုပ်ရေး ဥပဒေကို အရေးမထားဘဲ တိုင်းပြည်ကို အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လေတော့သည်။ ကော်မတီကို ဦးစီးခေါင်းဆောင်သူများမှာ ဒန်တွန်၊ မာရတ် ရောဗက်စပျဲတို့ ဖြစ်ကြရာ သူတို့ကြီးစိုးစဉ်ကာလက ရက်စက်ကြမ်းကြုတ်မှုများမှာ ပြင်သစ်တော်လှန်ရေးသမိုင်း၌ အမဲကွက်ကြီးထင်းလျက်ကျန်ခဲ့ပေသည်။ ဘုရင့်ဂိုဏ်းသားများကို ဖမ်းဆီးသုတ်သင်ရာ အပြစ်ကင်းသူများစွာတို့လည်း မသင်္ကာမှုဖြင့် ဖမ်းဆီး သတ်ဖြတ်ခြင်း ခံကြရလေသည်။ ထိုအတွင်း သမ္မတပါတီအတွင်း၌ပင် နှစ်ဂိုဏ်းကွဲလာပြန်သည်။ တဂိုဏ်းမှာ သမ္မတနိုင်ငံ၏ ရန်သူဟူသမျှကို ရက်ရက် စက်စက် သုတ်သင်နှိမ်နင်း၍ ဂျက္ကဗင်းဂိုဏ်းဟုခေါ်သည်။ အခြားတဂိုဏ်းမှာ အသတ်အဖြတ်လျှော့စေလိုသော ဂိုဏ်းဖြစ်၍ ဇီရွန်း ဟုခေါ်သည်။ သမ္မတအစိုးရတွင် ဂျက္ကဗင်းဂိုဏ်းက ဩဇာလွှမ်းမိုး၍ နောက်ဆုံးတွင် ဇီရွန်းဂိုဏ်းသားများကိုပါ နှိမ်နှင်း သတ်ဖြတ်လေသည်။ သမ္မတအစိုးရသည် ပြည်တွင်းပြည်ပရန်သူများကို မညှာမတာနှိပ်ကွပ်သည်။ ပရပ်ရှားနှင့် ဩစတြီးယား စစ်တပ်များ၏ ကျူးကျော်စော်ကားမှုကိုလည်း တွန်းလှန်ခဲ့သည်။ ပြည်တွင်းပြည်ပရန်များ ကင်းရှင်းလာသောအခါ လူထုသည် သတ်ဖြတ်မှုများကို ညည်းငွေ့လာကြသည်။ နောက်ဆုံးတွင် တရားလက်လွတ်ပြုကျင့်နေသော ရောဗက်စပျဲနှင့် အခြားတယူသန်သမားများကို သတ်ဖြတ်ပစ်ကြသည်။ ရောဗက်စပျဲကို စီရင်ပြီးနောက် ကိုယ်စားလှယ်များ ညီလာခံက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသစ်ကို ရေးဆွဲ၍ အစိုးရ အဖွဲ့သစ်တခု ဖွဲ့စည်းပြန်သည်။ ထိုအစိုးရအဖွဲ့တွင် ခေါင်းဆောင်ကြီးငါးဦးပါဝင်၍ ငါးဦးအစိုးရအဖွဲ့ဟု ခေါ်သည်။ ငါးဦးအစိုးရအဖွဲ့၏ လက်အောက်ခံ ပြင်သစ်တပ်များသည် နိုင်ငံတော်ကို ထိပါးနေသောအင်္ဂလန်၊ စပိန်၊ ဟော်လန်၊ ဆာဒင်းနီးယား နိုင်ငံတို့ကို တွန်းလှန်အောင်မြင်သည်။ သို့ရာတွင် ပြည်တွင်းရေးကား ရှုပ်ထွေးလျှက်ပင်။ နိုင်ငံရေးဂိုဏ်းအမျိုးမျိုးကလည်း နှောင့်ယှက်ကြသည်။ ငါးဦးအစိုးရကလည်း ဖောက်ပြန်လာသည်။ ထိုအချိန်တွင် တိုက်ပွဲတိုင်း၌ အနိုင်ရနေသော ဗိုလ်ချုပ်နပိုလီယန်သည် ကျော်ကြားသည်။ နပိုလီယန်သည် အီဂျစ်နိုင်ငံတွင် စစ်ရေးဆင်နေခိုက် ပြင်သစ်တွင် ငါးဦးအစိုးရအဖွဲ့အား ဖြုတ်ချရန် ကြံစည်မှုများ ပေါ်ပေါက်နေသည်။ အချို့က သမ္မတအစိုးရမျိုး ပြန်တင်လိုသည်။ အချို့က မင်းမျိုးမင်းနွယ်တဦးအား နန်းတင်လိုသည်။ ယင်းသို့အခြေအနေ ရှုပ်ထွေးနေခြင်းသည် အကြံကြီးလှသော နပိုလီယန်အတွက် အချက်ကောင်းဖြစ်သည်။ ၁၇၉၉ ခုနှစ်တွင် နပိုလီယန်သည် ပြင်သစ်သို့ ရုတ်တရက်ပြန်လာပြီးလျှင် လက်ရုံးအားကိုးဖြင့် ငါးဦးအစိုးရအဖွဲ့ကို ဖြုတ်ချသည်။ ထို့နောက် ကွန်ဆာခေါ်ဝန်ကြီးသုံးဦးပါဝင်သော အစိုးရကို ဖွဲ့သည်။ ကွန်ဆာသုံးဦးအနက် နပိုလီယန်က ပထမကွန်ဆာ အဖြစ်ကိုယူသည်။ နိုင်ငံရေးအာဏာလုမှုများကို ငြီးငွေ့နေသော ပြည်သူလူထုကလည်း နပိုလီယန်ကို ထောက်ခံသည်။ ထိုနောက် နပိုလီယန်သည် တစတစ အာဏာရှင်ပမာ စိုးမိုးလာ၍ ၁၈၀၄ ခုနှစ်တွင် ပြင်သစ်အင်ပိုင်ယာ၏ ဧကရာဇ်ဘွဲ့ကို ခံယူလေတော့သည်။ ပြည်သူလူထု၏ တော်လှန်ရေးစိတ်ဓာတ်သည် အလွန်ကျဆင်းနေခဲ့သည်ဖြစ်ရာ နပိုလီယန်၏ လက်ထက်တွင် ခေါင်းမဖော်နိုင်ကြတော့ချေ။ ယင်းသို့ဖြင့် ပြင်သစ်တော်လှန်ရေးကာလသည် ဇာတ်သိမ်းခဲ့ရလေသည်။ ။



Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။