ပီမိုးနင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ပီမိုးနင်း
ပီမိုးနင်း
မွေးသက္ကရာဇ် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်းလဆန်း ၆ ရက်
မိဘများ
အမည်ရင်း မောင်ကျော်ညွန့်
နိုင်ငံသား Flag of Myanmar.svg မြန်မာ
မွေးရာဇာတိ သုံးဆယ်မြို့၊ ရွာမရပ်
အလုပ်အကိုင် စာရေးဆရာ၊
ထင်ရှားကျော်ကြားမှု ထင်ရှားသော စာရေးဆရာ
ကိုးကွယ်သည့် ဘာသာ ဗုဒ္ဓဘာသာ

ပီမိုးနင်း (၁၂၄၅ - ၁၃ဝ၃)[ပြင်​ဆင်​ရန်​]

ရုပ်သွင်[ပြင်​ဆင်​ရန်​]

ဆရာပီမိုးနင်း၏ ရုပ်ရည်မှာ လွန်စွာထိုင်းမှိုင်း လေးကန်လေသည်။ အသားအရည် စိုနေပြီး အတော်ပင် ဝသည်။ သူသည် ကတုံးဗိုကေကလေးနှင့် ဖြစ်လေ၏။ အကျႌလက်တို ကော်လန်ကလေးဝတ်ထား၍ အပေါ်အကျႌမပါ။ ရခိုင်လုံချည် အနီနှင့်အစိမ်းကွက်ကို ဝတ်ဆင် ထားလေသည်။ လက်တအုပ်ခန့်ရှိ အပြားရှိသော ခါးပတ်စိမ်းကြီးမှာ သူ၏ တုတ်ခိုင်သော ခါးတွင် ရေစည်သံပတ်ကြီးကဲ့သို့ ထင်ရှားစွာ ပေါ်လျက်ရှိပေသည်။ သူ့ရုပ်ကိုကြည့်လျှင် တရုပ်ကပြားကြီးနှင့် တူလေသည်။ [၁]


ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ကျွန်ုပ်သည် ၁၂၄၅ ခုနှစ် တန်ဆောင်မုန်း လဆန်း ၆ ရက် တနင်္လာနေ့ နံနက် ၉ နာရီ၊ ‘ဆွမ်းတော်ဗျို့’ ဟု အော်ပြီး ဘုန်းကြီး ကျောင်းသား ကလေးများ ဆွမ်းခံသော အချိန်၌ မွေးဖွား ခဲ့လေသည်။ ကျွန်ုပ်ကို ဖွားမြင်သော ထိုနေ့ နံနက်၌ မိုးနှင်းများ ထူထပ်စွာ ကျရောက် နေရကား အချိန် ၉ နာရီ၊ ၁ဝ နာရီ ထိသည် တိုင်အောင် နေရောင်ခြည်ကို ကောင်းစွာ မမြင်ရချေ။ ထိုမျှ ထူထပ်စွာ ကျရောက် နေသော မိုးနှင်းများကို အစွဲပြု၍ ကျွန်ုပ်အား ‘မိုးနှင်း’ ဟူသော အမည်ဖြင့် ရပ်ရွာက အသိအမှတ် အမည် ပေးကာ ခေါ်ဝေါ်ခဲ့ ကြလေသည်။'


ဤသို့လျှင် ဆရာကြီး ပီမိုးနင်းသည် မိမိ၏ အတ္ထုပ္ပတ္တိ ဖြစ်သော ‘ပီမိုးနင်း၏ ပီမိုးနင်း’ စာအုပ်တွင် မှတ်တမ်း တင်ခဲ့သည့် အတိုင်း သက္ကရာဇ် ၁၂၄၅ ခုနှစ် အတွင်းက သုံးဆယ်မြို့ ရွာမရပ်တွင် ဖွားမြင်ခဲ့သူ ဖြစ်ပေသည်။ ငယ်မည်မှာ ‘မိုးနှင်း’၊ ‘မိုးနင်း’ ပင် ဖြစ်ပါ၏။ ဇာတာအမည်မှာမူ ‘မောင်ကျော်ညွန့်’ ဖြစ်သတည်း။


အမိ၊ အဖများမှာ ဆင်းရဲ နွမ်းပါး ကြကုန်သည်။ ထို့ကြောင့်လည်း အမိ လုပ်သူသည် တောင်းရွက်၍ ဈေးထွက် ရောင်းရသော အချိန်များတွင် မောင်ကျော်ညွန့်ခေါ် ပီမိုးနင်းသည် ငယ်ရွယ် သေးသူပင် ဖြစ်လင့် ကစား အိမ်တွင် နေရစ် ခဲ့ရ၍ ကွေးလေး နုနယ် နှမငယ်ကို ထိန်းခြင်း သိမ်းခြင်းများ ပြုလုပ်သည့် အပြင် အခြား အချိန်များ ၌လည်း မိမိ အဝတ်၊ နှမငယ် အဝတ်၊ အမိအဝတ် တို့ကို လျှော်ခြင်း ဖွပ်ခြင်း၊ ဟင်းရွက် ဟင်းလျာ ရှာခြင်း ဖွေခြင်း၊ ညစာ နံနက်စာ ချက်ခြင်း ပြုတ်ခြင်း စသော ဗာဟီရ အလုပ်များကို လုပ်ကိုင်ရ ရှာသည်။


သို့နှင့် အသက် အတန်ငယ်ရင့်မှ အာ-စီ-အင် (မ်) ခရစ်ယာန် သာသနာပြု ကျောင်းတွင် စာပေ သင်ကြားခွင့် ရတော့သည်။ ထိုကျောင်းတွင် ၃ နှစ်ကျော် ၄ နှစ်ခန့် နေ၍ အင်္ဂလိပ် - မြန်မာ ၄ တန်း အောင်ပြီးနောက် ကျောင်းအုပ် ဖြစ်သော ခရစ်ယာန် ဘုန်းကြီး ဖာသာရ်-ဝဲလဝါး၏ စောင်မ ကြည့်ရှုမှုခြင့် မော်လမြိုင် မြို့ရှိ ‘ဆန်မာနာရီ’ ကျောင်း (Seminary School) ခေါ် ဘုန်းကြီး အတတ်သင် ကျောင်းသို့ သွားရောက် သင်ကြားခွင့် ရပြန်သည်။ ထိုကျောင်းတွင် လက်တင် ဘာသာ၊ လက်တင် သဒ္ဒါကို အထူး တတ်မြောက် ပေသောကြောင့်လည်း ပညာကို တိုးတက် သင်ကြား စေအံ့သောငှာ ၃ နှစ်ခန့် အကြာတွင် ပလေပီနံ မြို့ရှိ ‘ဂျင်နရယ် ကောလိပ်’ (General College) ခေါ် ပြင်သစ်ပြည် ပါရစ် မြို့တော်မှ တဆင့် ခွဲ၍ ထားသော သိပ္ပံ ကျောင်းကြီးသို့ ပို့လွှတ်ခြင်း ခံရသည်။ သို့ရာတွင် ဗရင်ဂျီ ဘုန်းကြီး လုပ်ရန်ကို များစွာ စိတ်မပါလှ။ ထို့ကြောင့်လည်း ပလောပီနံသို့ ရောက်၍ များမကြာမီ အသက် ၁၉ နှစ် အရွယ်တွင် မြန်မာပြည်သို့ ပြန်လည် ရောက်ရှိ လာပြန်ကာ ရှေးဦးစွာ ငယ်ဆရာ ငယ်ကျောင်း ဖြစ်သော ဖာသာရ်-ဝဲလဝါး၏ အာ-စီ-အင် (မ်) ကျောင်းတွင်ပင် ဆရာ အဖြစ် ခန့်ထား ချီးမြှင့်ခြင်း ခံရသည်။


သည့်နောက်ပိုင်း တွင်မူ ကြို့ပင်ကောက်သို့ ပြောင်းပြန်ကာ အာ-စီ-အင် (မ်) ကျောင်းဆရာ အဖြစ် ခေတ္တ ခဏမျှ လုပ်ကိုင် လိုက်သေး၏။ သို့ရာတွင် ဆင်းရဲ နွမ်းပါး သူတို့ အကြား စိတ်၏ တည်ငြိမ်မှု မရရှိနိုင် သေးရကား ထိုမှ ဤမှ လှည့်လည် သွားလာ နေပြန်ကာ နောက်ဆုံးတွင် ပြည်မြို့သို့ ရောက်သွားသည်။ ပြည်မြို့ တွင်လည်း ခေတ္တ ခဏမျှ လောက်သာ ပြည် ဆေးရုံကြီး၌ စာရေးကြီး အဖြစ် ဝင်ရောက် လုပ်ကိုင်ပြီး လယ်တီ ဆရာတော် ဘုရားကြီး ပြည်မြို့သို့ကြွလာတော် မူခိုက်တွင် အလုပ်မှ ထွက်ပြန်ကာ ဆရာတော် ဘုရားကြီး အထံတော်တွင် ပဥ္စင်း ခံလေသည်။


နောက် ပဉ္စင်းဝတ်နှင့်ပင် ရန်ကုန်မြို့သို့ ရောက်သွားသည်။ သို့ရာတွင် တည်းစရာ ခိုစရာ မရှိ။ ညောင်တုန်း ကျောင်းတိုက်၊ ဦးဗျား တောရ ကျောင်းတိုက်၊ ဂျောင်ဝိုင်း ကျောင်းတိုက် တို့သို့ လှည့်လည် နေနားပြီး နောက်ဆုံးတွင် သိက္ခာချ သင်္ကန်းချွတ်၍ လူဝတ်လဲ လိုက်သည်။


စာပေအရေးအသားတွင် အထူးဝါသနာ ထုံပေသော ဆရာကြီး ပီမိုးနင်း၏ စာရေးဆရာ ဘဝကား စပေပြီ။ သင်္ကန်းဝတ်နှင့် ရှိစဉ် ‘လောဂျစ်’ ခေါ် ‘တက်ကျမ်း’ တစောင်ကို ပြစု ပြီးခဲ့ပေ၏။ ယခုသော် ဝမ်းရေး အတွက် ထိုကျမ်း ကလေးကို ရောင်းရ ပေတော့မည်။ ထို့ကြောင့် ဟံသာဝတီ သတင်း စာတိုက်သို့ သွား၍ ထိုကျမ်း ကလေးကို ပြရှာ၏။ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်သည့် စာပေ ဟူ၍ ပယ်ခြင်း ခံရသည်။ သို့ရာတွင် ထိုတိုက်ရှင် သူဌေး မစ္စတာ ရစ်ပလေ၏ ညှာတာ ထောက်ထားမှုကြောင့် ထိုတိုက်တွင်ပင် တလလျှင် ၃ဝိ ဖြင့် ဘာသာပြန် အလုပ်ကို လုပ်ကိုင်ခွင့် ရခဲ့သည်။


ဤ သတင်းစာ တိုက်တွင်လည်း များစွာ မကြာခဲ့။ ၆ လခန့် ရှိသော အခါ ကျန်းမာရေး ချွတ်ယွင်းမှုကြောင့် အလုပ်မှ ထွက်လိုက်ရ ပြန်ကာ ကျန်းမာ လာပြန်သော အခါ ၌လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် အမြို့မြို့ အနယ်နယ်သို့ လှည့်လည် ရှာဖွေရ ပြန်သည်။ နောက်ဆုံးတွင် ဟင်္သာတ မြို့အနီး ဓမ္ဈီမြို့သို့ ရောက်သွားကာ ငယ်ဆရာ ဖာသာရ်-ဝဲလဝါး၏ ကျေးဇူးကြောင့်ပင် ဓမ္ဈီကျောင်း၌ ဓမ္ဈီ ကျောင်းအုပ်ကြီးက ကျောင်းဆရာ အဖြစ် ခန့်အပ်ခြင်း ခံရသည်။


ထိုအတွင် ဆရာကတော်လောင်း ဒေါ်စိန်တင့်နှင့် ချစ်ကြိုက် ရည်ငံကာ များမကြာမီပင် လူကြီး မိဘများ၏ သဘော တူညီချက် အရ လက်ထပ် လိုက်ကြသည်။ ဆရာကြီးကား ထိုအချိန်တွင် အသက် ၂၄ နှစ်ခန့် ရှိပေပြီ။


ချစ်စခင်စ ကြင်နာစ ဖြစ်သော ဇနီးကလေး အားလည်း မျက်စိ အောက်က အပျောက် မခံနိုင်အောင် ချစ်လွန်း လှသည့် အပြင် ယောက္ခမ လုပ်သူ များကလည်း လယ်ယာ ချောင်းမြောင်းနှင့် အတော်အသင့် ပြည့်စုံသူများ ဖြစ်သဖြင့် အလုပ်မှ ထွက်လိုက် ပြန်လေသည်။ သို့နှင့် နောက်တနှစ်တွင် သားဦးကလေး မောင်ကျော်စိုးကို ဖွားမြင်ခဲ့ပေသည်။


ဆရာကြီး အသက် ၃ဝ ခန့်အရွယ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၉၁၄ ခုနှစ်တွင် ပထမ ကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်၌ သုံးဆယ်မြို့တွင် မိတ်ဆွေများ အကူအညီဖြင့် စာပုံနှိပ်စက်တစက် ထောင်ကာ ‘မြန်မာ့ မိတ်ဆွေ မဂ္ဂဇင်း’ ကို ထုတ်ဝေနေခိုက် ဖြစ်သည်။ သို့ရာတွင် စစ်၏ဒဏ်ကြောင့် စက္ကူများလည်း လုံလောက်စွာ မရ၊ ဈေးနှုန်း ကလည်း အဆမတန် ကြီးလေး လာရကား မဂ္ဂဇင်း ထုတ်ဝေခြင်းကို ရပ်စဲပြီး ၆ နှစ်သား ဖြစ်သော သား မောင်ကျော်စိုးနှင့် ဇနီး ဒေါ်စိန်တင့် တို့ကို ထားခဲ့ကာ ရန်ကုန်မြို့သို့ အလုပ်ရှာ သွားပြန်သည်။


ရှေးဦးစွာ သူရိယ သတင်းစာ တိုက်တွင် စစ်သတင်း များကို ဘာသာပြန်ဆို ရေးသားသည့် ဘက်၌ အလုပ်ရ၏။ နောက် မြန်မာ့ အလင်း သတင်းစာ တိုက်သို့ ရောက်ရှိ သွားပြန်၏။ ထိုမှ တဖန် သူရိယ သတင်းစာ တိုက်သို့ သံသရာလည် လာပြန် သေး၏။


သူရိယ သတင်းစာ တိုက်တွင် လုပ်ကိုင် နေခိုက် အလုံရပ်ရှိ ‘ဘက်ပတစ်’ ကျောင်း၌ လက်တင်ဆရာတယောက် အလိုရှိကြောင်း ကြော်ငြာစာ တွေ့သဖြင့် အမည်ရင်း ဖြစ်သော ‘မောင်ကျော်ညွန့်’ အမည်နှင့် လျှောက်ထားရာ မြန်မာလူမျိုးကို မခန့်နိုင်ကြောင်းနှင့် နောက်တနေ့တွင် စာပြန် လာလေသည်။ ထို့ကြောင့် အင်္ဂလိပ် အမည်ယောင်ယောင် ရှိသော အရပ်ခေါ် ‘မိုးနှင်း’ ကို သတိရ လာကာ မော်လမြိုင် သွားစဉ်က ယူထားသော ဗရင်ဂျီ ဘာသာ အမည် ဖီးလစ် (Philip) အနက် မှ အစလုံး အတိုက်ကောက် ယူ၍ ပီမိုးနင်းဟု တကြိမ် ထပ်မံ၍ လျှောက်လွှာ တင်ပြန်သော အခါ ကျမှ လက်တင်ဘာသာ ကိုလည်း နဂို တတ်ကျွမ်းမှု ဓာတ်ခံ ရှိသည့် အလျောက် အလုပ်ရလေ တော့သည်။ ထိုကျောင်းတွင် ဆရာကြီးသည် လက်တင်စာများကို ၄ တန်းမှ ၁ဝ တန်း အထိ တယောက်တည်းသင်ကြား ပေးရ၏။


နောက် နွေလ ကျောင်းပိတ်ရက်သို့ ရောက်သော် ပေါ်ထွက်စ ဖြစ်သော ပညာ့ အလင်း မဂ္ဂဇင်းနှင့် အခြား အခြားသော မဂ္ဂဇင်း တို့သို့ ဝတ္ထုများ၊ ဆောင်းပါးများကို ရေးသား ပေးပို့နေရာမှ ပညာ့အလင်းမဂ္ဂဇင်း ပိုင်ရှင် ဦးတင်၏ တောင်းပန်ချက်အရ ထိုမဂ္ဂဇင်း တိုက်သို့ ဝင်ရောက်ကာ လစဉ် ဝတ္ထုနှင့် အခြားအခန်းပေါင်း များစွာကို တာဝန်ယူရ၏။ သို့နှင့် မဂ္ဂဇင်းမှ တဆင့် သတင်းစာကိုပါ တိုးချဲ့ လိုက်သော အခါတွင် ‘ဘက်ပတစ်’ ကျောင်းသို့ မပြန်တော့ဘဲ ထိုမဂ္ဂဇင်း၊ သတင်းစာနှစ်ခုစလုံးတွင်ပင် တည်းဖြတ်သည့်ဘက်မှ ဆက်လက် လုပ်ကိုင်လေတော့သည်။


ပညာ့ အလင်း သတင်းစာ၌ ‘ပိုက်ဆံကြီး’ အမည်ဖြင့် ဆောင်းပါး များကို လည်းကောင်း၊ နေရီရီ၊ ပွဲစားကြီး သားအဖနှင့် မြမြ စသော ဝတ္ထုရှည်ကြီး များကို လည်းကောင်း ရေးသား ခဲ့ပေ၏။ သို့ရာတွင် ပညာ့ အလင်း ၌လည်း များစွာ မကြာ။ အလုပ်မှ ထွက်ပြီးနောက် ‘အောင်တော်မူ’ ခေါ် တနင်္ဂနွေ တပတ်လျှင် တကြိမ်ထုတ် ဝတ္ထုကလေး များကို ထုတ်ဝေ ပြန်လေသည်။ ဤတွင်လည်း များစွာ အကျိုးမပေး။ ထိုကြောင့် ဝတ္ထု စာအုပ်ကလေး ၁၄ အုပ် ထုတ်ပြီးသည့် အဆုံးတွင် ရပ်စဲလိုက်ရသည်။


ဤသို့ အားဖြင့် ‘စာရေး ဆရာ၏ နိမ့်တုံ နိမ့်တုံ ဘဝ’ နှင့်ပင် ဒဂုန် မဂ္ဂဇင်း၊ လန်ဒန်အတ် မဂ္ဂဇင်း၊ ကဝိမျက်မှန် မဂ္ဂဇင်း၊ ကဝိတံခွန် မဂ္ဂဇင်း၊ ဗြိတိသျှ ဘားမား မဂ္ဂဇင်း၊ တက္ဗသိုလ် မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်း စသော မဂ္ဂဇင်းများ၊ သူရိယ သတင်းစာ၊ မြန်မာ့ အလင်း သတင်းစာ၊ သစ္စာဝါဒီ သတင်းစာ၊ ဗန္ဓုလ သတင်းစာ စသော သတင်းစာများ၊ ဗန္ဓုလ ဂျာနယ်၊ ဒီးဒုတ် ဂျာနယ် စသော ဂျာနယ်များတွင် ဝတ္ထုများ၊ ဆောင်းပါးများကို အများအပြား ရေးသား လေတော့သည်။


ထိုအခိုက် ဗန္ဓုလ ဂျာနယ်တွင် ခေတ္တ ခဏမျှ ဝင်ရောက် လုပ်ကိုင်ရင်း ပိုင်ရှင်များက ဗန္ဓုလ သတင်းစာနှင့် ဗန္ဓုလ ရုပ်ရှင် တို့ကိုပါ တိုးတက် ချဲ့ထွင် လိုက်သော အခါ သား ဖြစ်သူ မောင်ကျော်စိုးက ရှေးဦး ပထမ ‘ချစ်တဲ့သူရယ်’ ဇတ်ကားတွင် ဇာတ်လိုက် အဖြစ် ပါဝင် ရိုက်ကူးသည်။ ထိုအခါ ဆရာကြီးက ကိုယ်တိုင် ကိုယ်ကျ ဒါရိုက်တာ အဖြစ် သင်ကြား ပြသသည်။


နောက် သား မောင်ကျော်စိုးသည် ဗြိတိသျှ ဘားမား ရုပ်ရှင်သို့ ရောက်သွား ပြန်၍ ‘တကိုယ်တော်’ ဇတ်ကားကို ရိုက်ကူးသည်။ ထိုစဉ် အခါ တွင်လည်း ဆရာကြီး ကိုယ်တိုင် အကူအညီ များစွာ ပေးခဲ့သည်။ ထို့နောက် ‘ဆယ်နာရီ’ ဇတ်ကားကို ဆက်လက် ရိုက်ကူး နေစဉ် အတွင်း သား မောင်ကျော်စိုးမှာ လူမသမာ တဦး၏ ဓားချက်ကြောင့် အသက် ပါသွားရ ရှာပေသည်။ ဆရာကြီးကား စုတ်တသပ်သပ်နှင့် အထူး တလည်ပင် နှမြော တသ ရှာမိ၏။ စိတ်အပျက်ကြီး ပျက်လျက် အလုပ်မှလည်း တခါတည်း ထွက်လိုက် ပေတော့သည်။ ဖခင် နည်းတူပင် မျက်စိ အလင်း ချွတ်ယွင်း ခဲ့ရသဖြင့် ပူဆွေး သောက ရောက်နေ ရှာသော မိခင် ဒေါ်စိန်တင့် မှာလည်း ၃ လ နီးပါးခန့် မစားနိုင် မသောက်နိုင် ဖြစ်ပြီးသည့်နောက် ချစ်သား၏ နောက်သို့ ကောက်ကောက် ပါအောင် လိုက်သွား ရှာလေသည်။


သားနှင့် ဇနီးတို့ မရှိလျှင် ဆရာကြီး ပီမိုးနင်းသည် ကြွင်းကျန် ရစ်ခဲ့သော သား သမီး တို့ကို ဒေါ်စိန်တင့်၏ ဆွေမျိုးများ ရှိရာ ဓမႝီမြို့သို့ ကိုယ်တိုင် ကိုယ်ကျ သွားရောက် ပို့အပ် ခဲ့ပြီးလျှင် ရန်ကုန်မြို့သို့ ပြန်လာကာ ဝါသနာ ရှိရင်းစွဲ အတိုင်း ဝတ္ထုများ၊ ဆောင်းပါးများ ရေး၍ ဝမ်းကျောင်းရ ရှာပြန်သည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

သို့နှင့် မြန်မာ စာဖတ် ပရိသတ်၏ စိတ်နှလုံးကို ယခုထက် တိုင်အောင်ပင် ယူကျုံး စွဲမက်လျက် ရှိစေသည့် ဝတ္ထုရှည်၊ ဝတ္ထုတို အမြောက်အမြား၊ ဆောင်းပါး၊ ကဗျာ အမျိုးမျိုး၊ ကြီးပွား တိုးတက်ရေး ဆိုင်ရာ စာအုပ် စာတမ်း အဝဝကို ကျန သေချာ ရေးသား ဖြန့်ဖြူး ခဲ့ပေသော ဆရာကြီး ပီမိုးနင်းသည် အသက် ၅၆ နှစ် အရွယ် သက္ကရာဇ် ၁၉၄၀ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၃၀၁ ခုနှစ် နတ်တော် လဆုတ် ၁၂ ရက်နေ့) နံနက် ၉ နာရီနှင့် ၁၉ မိနစ် အချိန်တွင် စက်ဘီး တိုက်မိသဖြင့် ပေါင်ကျိုးခဲ့ရသည့် ဒဏ်ရာမှ နာလန် မထနိုင် ရှာတော့ဘဲ ဘဝ ဇာတ်ထုပ် ချုပ်ငြိမ်း၊ ပျောက်ကွယ်သွားရ ရှာပါ သတည်း။ ။

ပီမိုးနင်း ရာပြည့်ပွဲ[ပြင်​ဆင်​ရန်​]

၁၉၈၃-ခုနှစ်၊ နိုဝင်ဘာ(၆)ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်း၊ ရာမခရစ်ရှနာ စာကြည့်တိုက်အဆောက်အဦ၌ စာရေးဆရာကြီး ပီမိုးနင်း ရာပြည့်ပွဲတော် အခမ်းအနား ကျင်းပသည်။ [၂]

ထင်ရှားသောလက်ရာအချို့[ပြင်​ဆင်​ရန်​]

  1. ကမ္ဘာ့မင်တံကျမ်း၊
  2. လက်တွေ့ကြီးပွားရေးကျမ်း၊
  3. အပျိုစိတ်ကျမ်း၊
  4. လူပျိုစိတ်ကျမ်း၊
  5. အောင်စိတ်၊
  6. သားဂုဏ်ရည်
  7. သမီးဂုဏ်ရည်၊
  8. မိန်းမစိတ်ကျမ်း၊
  9. ကာမသိဒ္ဓိကျမ်း၊
  10. လောကီလမ်းညွှန်၊
  11. အစ္စလမ်အလင်းပြကျမ်း၊
  12. ကမ္ဘာ့အလင်း ကျမ်း၊
  13. ထွက်သက်ဝင်သက်ကျမ်း၊
  14. သိသူဖော်စား မသိသူကျော်သွား၊
  15. နိုင်ငံရေးကျမ်း။

ဝတ္ထုများ[ပြင်​ဆင်​ရန်​]

  1. နေရီရီ၊
  2. ပွဲစားကြီးသားအဖနှင့်မြမြ၊
  3. ဘီအေမောင်တင့်နှင့် ကချေသည်မယ်မြင့်၊
  4. သဲမြညှာ၊
  5. တစ်ကိုယ်တော်၊
  6. နေညိုညို၊
  7. ပင်လယ်ကူးဓာတ်ပုံ၊
  8. သူရဲကောင်းသုံးယောက်(ဘာသာပြန်)[၃]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. တက်ဘုန်းကြီးကိုသိန်းဖေ
  2. ၂ဝရာစု မြန်မာ့သမိုင်း သန်းဝင်းလှိုင်၊ ၂ဝဝ၉ ခု၊ မေလ၊ ကံကော်ဝတ်ရည် စာပေ။
  3. မောင်သုတ အမည်ခံ ဗိုလ်မှူး ဘသောင်း (မဟာဝိဇ္ဇာ၊ ရွှေတံဆိပ်ရ) ပြုစုကာ ဦးခင်အေး (မောင်ခင်မင်၊ ဓနုဖြူ) ပါမောက္ခ၊ မြန်မာစာ ဌာန၊ ရန်ကုန် တက္ကသိုလ် တည်းဖြတ် ဖြည့်စွက်တဲ့ ပဥ္စမအကြိမ် ၁၊ ဩဂုတ်၊ ၂ဝဝ၂၊ ရာပြည့် စာအုပ်တိုက်ထုတ် 'စာဆိုတော်များ အတ္ထုပ္ပတ္တိ' စာအုပ်
  1. ပီမိုးနင်း၏ ပီမိုးနင်း။
  2. တကိုယ်တော် ဝတ္ထုလာ ထုတ်ဝေသူ၏ နိဒါန်း။
  3. ရှုမဝ မဂ္ဂဇင်း၊ အတွဲ ၅၊ အမှတ် ၅၅ လာ ‘ဆရာဇေယျ’ ၏ ‘ဆရာ ပီမိုးနင်း’ ဆောင်းပါး။