ပအိုဝ်းလူမျိုး

ဝီကီပီးဒီးယား မှ
(ပအိုဝ့်လူမျိုး မှ ပြန်ညွှန်းထားသည်)
ပအိုဝ်းတိုင်းရင်းသူ
  • ခေတ်ဟောင်းမြန်မာရာဇဝင် (ဒေါက်တာသန်းထွန်း) စာမျက်နှာ ၂၈ လူ မျိုးနွယ်စု ဆင်းသက်ပုံ အရ ကရင် မျိုးနွယ်စုဝင် ဖြစ်သည်။
  • ဒဏ္ဍာရီပုံပြင်များအရ ပအိုဝ်း တိုင်းရင်းသားများသည် ဝိဇ္ဇာနှင့် နဂါးမတို့ ချစ်ခင်စုံဖက်ရာမှ ဆင်းသက်လာသည်ဟု ဆိုသည်။

ပအိုဝ်းလူမျိုး(ပအိုဝ်ႏခွိုꩻ)တို့သည် ကရင်အနွယ်ဖြစ်သော လူမျိုးတစ်မျိုး ဖြစ်သည်။ တောင်ပေါ်ကရင်၊ ကွင်းကရင် နှစ်မျိုးလုံး၌ ထက်ဝက်ခန့်စီ ပါဝင်သည်။ သို့သော် မူလက တောင်ပေါ်၌ အနေများသော လူမျိုးများဖြစ်၍လည်း တောင်သူဟူ၍ ခေါ်ဝေါ်ဟန်တူသည်။(တောင်သူနာမည်သည် ပအိုဝ်းလူမျိုးတို့၏ ရှေးအမည်ဖြစ်ပြီး ယခုထက်ထိ ရှမ်း(တွင်သူ) ကရင်(တီၤသူ၊တံင်သူ) မွန်(တံင်သူ) ဟုဆက်လက်ခေါ်ဆိုနေသည်။ တောင်သူဟူသော အသုံးသည် မြန်မာစကားအရ တောင်ယာလုပ်သူထက် ပို၍ လေးနက်ပြီး ပျူလူမျိုးတို့ကို မွန်တို့ခေါ်ဆိုသည့် တိရ်စုလ် နှင့်ဆက်စပ်ရသော် ပအိုဝ်းနှင့်ပျူသည် လူမျိုးတစ်မျိုးတည်း (သို့) ဆက်နွယ်မူရှိသည်ဟုဆိုနိုင်သည်။

ကရင်လူမျိုးတို့သည် အမျိုးအလိုက် မိမိတို့ကိုယ်ကို ခေါ်ဝေါ်သော အမည်များရှိကြသည်။ ပုံစံအားဖြင့် ကရင်နီတို့သည် မိမိတို့ကိုယ်ကို ကယားဟု ခေါ်ကြသည်။ ပအိုဝ်းဟူသော အမည်သည်လည်း အမျိုးအလိုက် ခေါ်ဝေါ်သော အမည်ဖြစ်သည်။

တောင်သူအမယ်ကြီး နှစ်ဦး

ပအိုဝ်းတို့သည် ကရင်မျိုးတို့တွင် လူဦးရေအားဖြင့် တတိယ အများဆုံးဖြစ်သည်။ ပအိုဝ်းတို့ကို မြန်မာနိုင်ငံ အရှေ့ဘက်နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ၊ တောင်ပိုင်းရှမ်းပြည်နယ် အလယ်ပိုင်းနှင့် အနောက်ဘက် နယ်စပ်ဒေသတို့တွင် အနှံ့အပြားတွေ့ရှိရသည်။ ပအိုဝ်းတို့၏ အချက်အချာဒေသ ၂ ခုမှာ သံလွင်မြစ်အောက်ပိုင်း ပတ်ဝန်းကျင်ဒေသများနှင့် တောင်ပိုင်းရှမ်းပြည်ရှိ သထုံနယ်တို့ဖြစ်သည်။ မြန်မာနိုင်ငံ အောက်ပိုင်းရှိ ကျိုက္ခမီခရိုင်နှင့် သထုံခရိုင်တို့တွင် ပအိုဝ်းလူမျိုး အများဆုံး နေထိုင်ကြသည်။ တောင်ငူခရိုင်ပဲခူးခရိုင်ဖားအံခရိုင်ကယားပြည်နယ်နှင့် ကော့ကရိတ်မြို့နယ် လခတို့တွင်လည်း ပအိုဝ်းလူမျိုးများ အနှံ့အပြား နေထိုင်ကြသည်။ မြန်မာနိုင်ငံမှအပ ထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံများနှင့် မဲခေါင်မြစ် အောက်ပိုင်းဒေသတို့တွင်လည်း ပအိုဝ်းများ အထင်အရှား ရှိလေသည်။

ထမ်းဆန်းဂူ စတုဒီသာရှိ လုပ်အားပေး ပအိုဝ်း အဖွားအို၊ ဟိုပုံး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှမ်းပြည်နယ်

မြန်မာနိုင်ငံတောင်ပိုင်း သထုံခရိုင်သည် ပအိုဝ်းတို့၏ မူလဇာတိဒေသဖြစ်သည်။ ဒဏ္ဍာရီပုံပြင်များအရ ပုဂံပြည်သို့ အနော်ရထာမင်း သုံ့ပန်းအဖြစ် ဖမ်းယူသွားသော သထုံပြည့်ရှင် မနူဟာမင်းသည် မွန် - ပအိုဝ်ကပြားဟု ဆိုသည်။ မနူဟာမင်းကား အရမညမင်း၏သားတော်ဖြစ်သည်။ အရမညမင်း၏ ခမည်းတော်မှာ မွန်လူမျိုးဖြစ်ပြီး မယ်တော်မှာ ပအိုဝ်းလူမျိုး ဖြစ်သည်ဟုဆို၏။ အရမည မင်းသည် သက်တော် ၈၂ နှစ်သို့ရောက်သောအခါ နတ်ရွာစံ၏။

ပုဂံသို့ မနူဟာမင်း ပါသွားပြီးနောက် နိုင်ငံပြိုကွဲ၍ အချို့ပအိုဝ်းတို့သည် မူလသထုံမှမြေလှည်းကိုးစီး ရေလှည်းကိုးစီးကိုယူဆောင်ကာ မြောက်ဘက်သို့ ရောက်သွားပြီးလျှင် ရှမ်းပြည်နယ် တောင်ပိုင်းတွင် သထုံနယ်သစ် (ယခု ဆီဆိုင်မြို့) ကို တည်ထောင်ခဲ့ကြသည်ဟု ဆိုသည်။ သထုံပြည်မှ ပြေးလာသော ပအိုဝ်းတို့သည် မြေလတ်တွင်လည်း အခြေစိုက်ကြသည်။ ပုဂံကျောက်စာတို့တွင် တောင်သူဟူ၍ ဖော်ပြပါရှိရကား ပုဂံခေတ်ကပင် ပအိုဝ်းနှင့် မြန်မာတို့ အဆက်အသွယ်ရှိသည်ဟု ယူဆရပေသည်။

ရှမ်းပြည်နယ် သထုံနယ်တွင် ပအိုဝ်းတို့သည် နန်းခေ၊ တတုတ်၊ ကွန်လောင်၊ တန်စန်နှင့် ခိုင်ဟူ၍ လူမျိုးစု ၅ စု ကွဲသည်ဟုဆိုသည်။ တစ်ခါတစ်ရံ ရှမ်းပြည်နယ်မှ ပအိုဝ်းတို့ကို ရှမ်းတောင်သူဟုလည်း ခေါ်ကြသည်။ ရှမ်းပအိုဝ်းတို့သည် မိမိတို့ကိုယ်ကို သထုံပန်းရင်ဟုလည်း ခေါ်ကြသည်။ ရှမ်းပြည်နယ်၊ သထုံနယ်ကိုလည်း အုပ်ချုပ်သူ မြို့စားသည် ပအိုဝ်းလူမျိုးဖြစ်သည်။

ပအိုဝ်းတို့သည် ကရင်ဘာသာစကားနှင့် နီးစပ်သော ဘာသာစကားကို ပြောဆိုကြသည်။ ကိုယ်ပိုင် စာပေရှိကာ အရွယ်ရောက်သူတိုင်း ပအိုဝ်းစာပေကို ဖတ်တတ်ကြသည်။ ပအိုဝ်းကလေးများသည် အစိုးရကျောင်းများတွင် ဒုတိယတန်း အောင်မြင်ပြီးပါက ပအိုဝ်းလိတ်မွူးခေါ်(သင်ပုန်းကြီး) ကို စတင် သင်ယူကြသည်။ ယခုအခါ ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုကော်မတီက ဆရာဖြစ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းကို နှစ်စဉ်ကျင်းပပေးလျက်ရှိသည်။ ပအိုဝ်းတို့သည် ဗုဒ္ဓအယူဝါဒကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည်။ ကျောင်းကန်ဘုရားများ တည်ဆောက်ကြသည်။ သို့သော် နတ်ကိုးကွယ်မှုကိုလည်း တွေ့ရသည်။ ရွာနတ်၊ အိမ်စောင့်နတ်များကို မပျက်မကွက် ပူဇော်ပသမှုလည်း ရှိသည်။ ရှမ်းပြည်မှ ပအိုဝ်းအမျိုးသားတို့သည် ရှမ်းအမျိုးသားများကဲ့သို့ ရှမ်းဘောင်းဘီပွ၊ ရှမ်းပေါ်ဖုံးအင်္ကျီတို့ကို ဝတ်ဆင်ကြသည်။ အမျိုးသမီးတို့သည် ကရင်သင်တိုင်းကဲ့သို့ သင်တိုင်းအမည်းရောင်တွင် အနီရောင် အနားသတ်ထားသည်ကို ဝတ်ဆင်ဖုံးလွှမ်း၍ ထမီတိုတို ဝတ်ဆင်ကြသည်။ ခေါင်းတွင် ပန်းပွားပါသော တံပတ်မည်းကို ပေါင်းကြ၍ တံပတ်မရွေ့လျားရအောင် ငွေဆံညှပ်၊ ငွေကြိုးတို့ဖြင့် ထိန်းတွယ် စည်းနှောင်ထားသည်။ ဆံပင်နောက်တွဲ ထုံးကြသည်။ ငွေနားသံသီး၊ ငွေလက်ကောက် ခေါင်းပွများကိုလည်း ဝတ်ဆင်ကြသည်။ အောက်မြန်မာနိုင်ငံမှ ပအိုဝ်းတို့သည် မြန်မာကဲ့သို့ပင် ဝတ်ဆင်ကြသည်။

ပအိုဝ်းတို့၏ သာရေးနာရေး ထုံးတမ်းစဉ်လာ ဆောင်ရွက်မှုတို့သည် မြန်မာထုံးတမ်းစဉ်လာတို့အတိုင်း ပုံစံအားဖြင့် အပျိုအား လူပျိုလှည့်ပုံ၊ လင်မယား ကွာရှင်းပုံ၊ လူသေလျှင် ကူးတို့ခထည့်ပုံ စသည်တို့မှာ ဆင်တူရိုးမှား ဖြစ်ကြလေသည်။

နေထိုင်ပျံ့နှံ့ရာဒေသများ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ ရှမ်းပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းဒေသကြီး နှင့် နေပြည်တော်ကောင်စီ

ထိုင်းနိုင်ငံ မယ်ဟောင်ဆောက်ပြည်နယ်၊ တာခ့်ပြည်နယ်၊ ချင်းမိုင်ပြည်နယ်၊ ချင်းရိုင်ပြည်နယ်၊ နခုမ်ပထုမ်ပြည်နယ်။

လူဦးရေ[ပြင်ဆင်ရန်]

မြန်မာနိုင်ငံ -၁သန်းမှ ၃ သန်းကြား[ကိုးကားချက်လိုသည်]

ထိုင်းနိုင်ငံ - ၁၀၀၀၀၀၀ - ၂၀၀၀၀၀၀ ကြား...

ယဉ်ကျေးမှု ဓလေ့ထုံးစံများ[ပြင်ဆင်ရန်]

ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပအိုဝ်းတိုင်းရင်းသား တို့သည် အနက် (သို့) နက်ပြာရောင်ဝတ်စုံကို အများဆုံးဝတ်ဆင်ကြသည်။ အောက်မြန်မာပြည်ရှိ ပအိုဝ်းတိုင်းရင်းသား တို့မူကား ဗမာ လူမျိုးကဲ့သို့ ဝတ်ဆင်ကြသည်က များလေသည်။ အနက်ရောင်၊ နက်ပြာရောင် ဝတ်ဆင်ကြခြင်းမှာ အနက်ရောင်သည် အပူကို စုပ်ယူနိုင်ခြင်း၊ အေးသောရာသီဥတုဒဏ်ကို ကာကွယ်နိုင်ခြင်း၊ ပေရေစွန်းထင်းမှု သက်သာခြင်း စသည်တို့ကြောင့်ပင် ဖြစ်သည်။ ထို့ပြင် ပအိုဝ်းတိုင်းရင်းသား တို့သည် အများအားဖြင့် မြင့်သောတောင်ပေါ်ဒေသတွင် နေထိုင်ကြသဖြင့် အအေးဒဏ်ကို ကာကွယ်နိုင်ရန်အတွက် အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ကြခြင်း ဖြစ်၏။ အနက်ရောင်သည် ပအိုဝ်းတိုင်းရင်းသားတို့၏ မူပိုင်အရောင်ပင် ဖြစ်လေသည်။

အနက်ရောင်၊ နက်ပြာရောင်ဝတ်စုံကို ဝတ်ဆင်ရာတွင် အဖိုးထိုက်တန်သော သက္ကလပ်များကို အထူးအလေးပေး ဝတ်ဆင်ကြ၏။

ဆွေမျိုးတော်စပ်ခြင်း[ပြင်ဆင်ရန်]

ပအိုဝ်းလူမျိုးများတွင် မိသားစု တစ်စုကို "တဖူးဝေးတဗူႏ"၊ အဖေကို "ဖာ" အမေကို "မွိုး"။ အဘိုး၊အဘွားကို ဖာဖြား(ဖာဖရ့)၊ မွိုးဖြား(မိုးဖရ့) ဟုခေါ်သည်။ အစ်ကို အစ်မ ကို ဝေးခို ဝေးမူႏ၊ ညီ ညီမ ကို ဖူးခို ဖူးမူႏ ဟုခေါ်သည်။ ဆွေမျိုးသားချင်း ကို တဖူးဝေး၊ ဇနီးမယားကို မာ(လမ်းသားမူႏ)၊ ခင်ပွန်းလင်ယောက်ျားကို ဝါꩻ(လမ်းသားခို)၊ သားသမီး ကို ပို ဟုခေါ်ကြသည်။ မယား၏ အစ်ကို မောင် ကို မက်၊ ခင်ပွန်း ၏ အစ်ကို ညီကို ဖာတန် ဖာနင်ဟုခေါ်သည်။ မယား၏ အစ်မ ညီမ ကို မွိုးတန် မွိုးနင်၊ ခင်ပွန်း ၏ အစ်မ ညီမ ကို တနေင်ဟုခေါ်သည်။ အဖေ၏ ညီကို ‘ဖာနင်’၊ အမေ၏ အစ်ကို ကို ‘ဖာတန်’ ဟုခေါ်သည်။ အမေ၏အစ်ကိုမောင်တို့ကို ‘ဖူ’(ဦးလေး) ဟုခေါ်သည်။ အဖေ၏ ညီမနှင့် အစ်မကိုလည်း ‘မွိုးနင်(မိုးနန်လ်) မွိုးတန်’ ဟုခေါ်သည်။ အမေ၏ အစ်မ ညီမ ကို ဖီ ဟုခေါ်သည်။

အမွေဆက်ခံခြင်း[ပြင်ဆင်ရန်]

မိဘနှစ်ပါးကွယ်လွန်သော် ကျန်ရှိပစ္စည်းများကို သားသမီးများအား ကျားမ ကြီးငယ်မခွဲခြားဘဲ ခွဲဝေယူကြသည်။ မိဘနှင့် နောက်ဆုံးအတူနေသူက အမွေကို ပိုရထိုက်သည်ဟု ယူဆကြသည်။ သားသမီးမြေးမြစ်မရှိမှသာ အနီးဆုံးဆွေမျိုးက ဆက်ခံနိုင်သည်။ မိဘ၏ နေအိမ်နှင့် မြေကွက်ကို အငယ်ဆုံးသားသမီးများအား ပေးလေ့ရှိသည်။ အမွေစား အမွေခံ မရှိဘဲ သေဆုံးသွားကြလျှင် ၎င်းတို့၏ ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းသို့ ပေးပို့ လှူဒါန်းလေ့ရှိသည်။

လူပျိုအပျိုဘဝနှင့် မင်္ဂလာလက်ထပ်ပွဲ[ပြင်ဆင်ရန်]

လူပျိုအပျိုဘဝသည် လူမျိုးတိုင်းတွင် ရှိကြသည်။ ပအိုဝ်းတိုင်းရင်းသားများ တွင်လည်း လူပျိုလှည့်သည့် ဓလေ့ရှိသည်။ လူငယ်များ လူပျိုလှည့်ရာတွင် မိမိရွာတွင်း၌၎င်း၊ တစ်ဦးချင်းဖြစ်စေ အပေါင်းအသင်းများနှင့် ဖြစ်စေ လှည့်လေ့ရှိသည်။ သူစိမ်းပြင်ပရွာ၌ အပျိုလှည့်လိုလျှင် ကာလသားခေါင်းဆောင်ထံတွင်ဖြစ်စေ၊ ရွာခံကာလသားတစ်ဦးကဖြစ်စေ လမ်းညွှန်ဦးဆောင်ပေးကြရသည်။ အိမ်ရှင်အပျိုအမျိုးသမီးအနေဖြင့် မိမိ၏အိမ် အလည်လာသော လူပျိုများအား သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ လက်ခံစကားပြောပြီး ရေနွေးကြမ်း၊ ကွမ်း၊ စားဘွယ်တစ်ခုခုဖြင့် ဧည့်ခံပေးရသည်။ လူပျိုလှည့် စကားပြောရန်မှာ နေအိမ်အတွင်းရှိ မီးဖိုနံဘေး၌ ဝိုင်းထိုင်၍ ပြောကြသည်က များသည်။ အချို့လည်း နေ့လယ်ယာလုပ်ငန်းခွင်များသို့ လှည့်လည်ကြသည်။ အမျိုးသားအနေဖြင့် အသက်(၁၆) နှစ် အရွယ်မှစ၍ လူပျိုလှည့်နိုင်ပြီး အမျိုးသမီးများအနေဖြင့် အသက်(၁၅) နှစ်တွင် အပျိုအဖြစ် သတ်မှတ်လေ့ရှိကြသည်။

စိတ်နေသဘောထားများ[ပြင်ဆင်ရန်]

ပအိုဝ်းတိုင်းရင်းသားများသည် ပဒေသရာဇ် အုပ်စိုးသူ လူတန်းစား၏ ဖိနှိပ်ညှဉ်းပန်းမှုနှင့် အခွန်အတုတ် မတရားအတင်း အဓမ္မကောက်ခံမှုများကြောင့် ၎င်းတို့နှင့် ကင်းဝေးရာ တောင်ပေါ်ဒေသများတွင် ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်။ ပင်ကိုစရိုက်အနေဖြင့် မိမိ၏ စားဝတ်နေရေးအတွက် လွတ်လပ်စွာ ပရိယေသန ရှာမီးလိုမှု စိတ်ဓာတ်အပြည့်ရှိကြသည်။ ပဒေသရာဇ်စနစ် ပပျောက်ပြီး ပအိုဝ်းများ တောင်ပေါ်ဒေသတွင် အတည်တကျ နေထိုင်လာကြသကဲ့သို့ မြေပြန့်ဒေသများသို့ဆင်း၍ လယ်ယာလုပ်ငန်း လုပ်ကိုင်အသက်မွေး ဝမ်းကြောင်း ပြုလာကြသည်။ ပအိုဝ်းများ၏ စိတ်နေသဘောထားများမှာ ရိုးသားမှုကို အရင်းခံကြသည်။ ပအိုဝ်းစကားပုံတစ်ခုက ‘ကုန်းမြင့်လျှင် ရေမတင်၊ ဂုဏ်မြင့်လျှင် လူမခင်’ ဟု ဆိုပေသည်။ ပအိုဝ်းများသည် အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲ ချမ်းသာမရွေး၊ တပြေးညီစွာ တန်းတူရည်တူ ဆက်ဆံကြသည်။ ဓနဂုဏ်၊ ငွေဂုဏ်၊ ပညာဂုဏ်မောက်ခြင်းများ မရှိသလောက် နည်းပါးကြောင်း တွေ့ရသည်။


ဘာသာစကားနှင့်စာပေ[ပြင်ဆင်ရန်]

ပအိုဝ်းဘာသာစကား သည် ထိုင်း-တရုတ်အနွယ်ဝင် ကရင်မျိုးနွယ်စု တွင်ပါဝင်သည်။ ယေဘုယျအားဖြင့် ပအိုဝ်းဘာသာစကားသည် ဒေသအလိုက် မျိုးနွယ်စုအလိုက် ကွဲပြားခြားနားချက်ရှိကြသည်။ တိဗက်မြန်မာအနွယ်ဝင် ဘာသာစကားနှင့် နီးစပ်သော်လည်း ဝါကျတည်ဆောက်ပုံတွင် အလွန်တရာကွဲပြားခြားနားကြသည်။ ယနေ့အထိ ဘုံစကားဖြစ်သော ကွန်လုံပအိုဝ်း စကားနှင့် ကွဲပြားသော မျိုးနွယ်စုများမှာ ခြုဲင်း တတောက် တရျက်ꩻ ပထုံ တယင် ပန်နင် နှင့်ဆက်စပ်သောမျိုးနွယ်များ စသည်တို့သာ အထင်အရှားရှိသည်။ ကျန်မျိုးနွယ်စုတို့သည် ကွန်လုံ ဘာသာစကားကို သာအသုံးပြုကြသည်။ စာပေအနေနှင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထီသိမ်မူ(တောင်ကြီးမူ) ကိုအသုံးပြုရေးသားပြီး မွန်၊ ကရင် ပြည်နယ်များနှင့် ဆက်စပ်ဒေသများတွင် သထုံမူ(အလံတရာမူ) ကို အသုံးပြုကြသည်။ ပအိုဝ်းစာမူများသည် ပါဠိအက္ခရာကို အခြေခံပြီးပြန်လည်တီထွင်ထားခြင်း ဖြစ်သောကြောင့် အက္ခရာများသည် မြန်မာစာပေ နှင့်တူသော်လည်း ဗျည်းအသံထွက်များမတူညီပေ။

ကိုးကွယ် ယုံကြည်မှု[ပြင်ဆင်ရန်]

ပအိုဝ်းတိုင်းရင်းသားများသည် ဗုဒ္ဓဘာသာ စတင်ထွန်းကားရာ သုဝဏ္ဏဘူမိသထုံပြည်မှ ရှမ်းကုန်းမြေမြင့်သို့ ရောက်ရှိပြီး ဗုဒ္ဓဘာသာ မျိုးစေ့ကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကြသည်။ ပအိုဝ်းအများစုသည် ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်ကြသည်။ အနည်းငယ်မျှသာ ခရစ်ယာန်ဘာသာကို ကိုးကွယ်ကြသည်။ ကြီးကျယ်ခမ်းနားသော ဘုန်းတော်ကြီးကျောင်းများကို ကျေးရွာတိုင်းတွင် တွေ့ရသည်။ ဘုရား၊ ကျောင်းကန်၊ ဇရပ်စသော သာသနာရေးဆိုင်ရာ အဆောက်အအုံများကို မိမိချွေးနည်းစာလုပ်အားခမှ စုဆောင်းထားသော ငွေကြေးများဖြင့် ဆောက်လုပ်လှူဒါန်းကြသည်။

ထင်ရှားကျော်ကြားသော ပအိုဝ်းလူမျိုးများ[ပြင်ဆင်ရန်]

(ရှမ်းတောင်/သထုံ)

  • ပင်လုံစာချုပ်တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့သော

ဦးဖြူ (ရှမ်းတောင်/သထုံ(ဆီဆိုင်)နယ်)[၁]

ဆက်စပ်လေ့လာရန်[ပြင်ဆင်ရန်]

  1. ကျော်ငြိမ်း (မြန်မာသမိုင်းအဖွဲ့ဝင်)၊ ရှမ်းပြည်နှင့်စော်ဘွား(ဦးထွန်းမြင့်-တောင်ကြီး)