ပလွေ

ဝီကီပီးဒီးယား မှ

ပုလွေသည် လူအများစုနှင့် အထိတွေ့ဆုံး တူရိယာတစ်မျိုး ဖြစ်ရခြင်းမှာ ယင်းကို အလွယ်ရနိုင်သောကြောင့် ဖြစ်သည်။ သို့သော်လည်း ပုလွေမှုတ်သည့် ပညာမှာ တိမ်မယောင်နှင့် နက်နဲလှသည်။ ဝါးကို သံစဉ် စနစ်တကျ ဖောက်၍ မှုတ်ရသော တူရိယာတစ်မျိုး ဖြစ်သည်။ ယခုအခါ အိုးစည်ဝိုင်းများ၊ ဆိုင်းဝိုင်းကြီးများတွင် တီးမှုတ်နေသည်ကို တွေ့ရသည်။ မြန်မာ့ပန်တျာသမိုင်းတွင် သရေခေတ္တရာခေတ်မှစ၍ ယခုခေတ် ပုလွေမျိုးအပြင် ကန့်လန့်ဖြတ် ပုလွေများကို အမျိုးမျိုး တီးမှုတ်နေကြောင်း တွေ့ရသည်။ ပုလွေကို သမိုင်းမတင်မီခေတ်ကပင် ပေါ်ပေါက်ခဲ့သည်ဟု ပညာရှင်တို့က ယူဆကြသည်။ <ွref>မောင်သိန်းနိုင်၏ မြန်မာ့ဇာတ်သဘင် သမိုင်း (၁၉၆၈-ခု၊ စာပေဗိမာန်ထုတ်)</ref>

မြန်မာ့ရိုးရာ ပလွေ[ပြင်ဆင်ရန်]

ရှေးအခါတုန်းက ညနေစောင်းပြီဆိုလျှင် နွားကျောင်းသားတဖြစ်လဲ ကာလသား လူညိုယဉ်များက ရွာရိုးတလျှောက် ရွာကိုပတ်ပြီး ပလွေလက်စွမ်းပြခဲ့ကြပေလိမ့်မည်။ မြန်မာ့ရိုးရာမှာ ပလွေ ဟုလည်းရေးကြသည်။ ကျေးလက်ရှိ ရောင်ပေစူး နွားကျောင်းသားတွေအတွက် အင်မတန် အသုံးတွင်ကျယ်သော တူရိယာဖြစ်သည်။ ဝါးပလွေတစ်လက်ကို ကိုယ်တိုင်လုပ်၍ သော်လည်းကောင်း ဈေးမှ ဝယ်၍သော်လည်းကောင်း တန်ဖိုးမများဘဲ လွယ်ကူစွာ ဝယ်ယူနိုင်သည်။ ပြုလုပ်ထားပုံ ရိုးစင်းသလောက် ပညာရပ်က အင်မတန်ကျယ်ဝန်းသော မြန်မာ့ရိုးရာ ပလွေကို နွားကျောင်းသားတွေကအစ အိုးစည် ဒိုးပတ်ဝိုင်းအလယ်၊ မြန်မာ့ဆိုင်းဝိုင်းကြီးအဆုံး၊ မြန်မာ့သီချင်းကြီး ထိုင်ဆိုတီးဝိုင်း၊ အငြိမ့် ဇာတ်ပွဲပါမကျန် သုံးနေကြဆဲဖြစ်သည်။ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် မြန်မာ့ရိုးရာ တူရိယာအုပ်စု ငါးမျိုးထဲမှ လေ တူရိယာတံပိုး ၈ မျိုးကို ရှေးခေတ်အခါက သုံးခဲ့ကြသော်လည်း ယနေ့ခေတ်တွင် မြန်မာ့လေမှုတ်တူရိယာ၌ ပလွေ၊ နှဲ နှင့် ခရုသင်း သာကျန်ပါသည်။ ခရုသင်း ကလည်း အသံစုံ တူရိယာ မဟုတ်၍ အသုံးမတွင်ကျယ်လှပါ။ ပွဲလမ်းသဘင် အခမ်းအနား သုံးသော အဆင့်မှာပဲ ရှိသည်။ မြန်မာ့ရိုးရာပလွေများတွင် ကျော်ပလွေ နှင့် ခင်ပလွေဟူ၍ နှစ်မျိုးနှစ်စားရှိသည်။

ကျော်ပလွေ[ပြင်ဆင်ရန်]

ရှေးဟောင်းပစ္စည်းများနှင့် နံရံဆေးရေးပန်းချီများကို ထောက်ထားကြည့်လျှင် မြန်မာ့သမိုင်းအစောပိုင်းခေတ်တွေ ဖြစ်သော ပျူခေတ်နှင့် ပုဂံခေတ်များတွင် ကျော်ပလွေ ကိုပဲ သုံးခဲ့ကြလိမ့်မယ်ဟု မှန်းဆရသည်။ ကျော်ပလွေ ဆိုသည်မှာ အသံထွက်သော ‘မြင်းမိုရ်’ ခေါ် ‘ပင်လယ်ကူး’ အပေါက်၏အပေါ်မှာ လေကို ကျော်ပြီးမှုတ်ရ၍ ကျော်ပလွေဟု ခေါ်ကြသည်။ ကျော်ပလွေကို ဘေးတိုက်မှုတ်ရသောကြောင့် ဘေးတိုက်ပလွေ၊ ဘေးစောင်းပလွေ ဟုလည်း ခေါ်တတ်ပါသေးသည်။ ဘယ်ခေတ် ဘယ်အချိန်လောက်ကတည်းက မြန်မာပြည်တွင်းမှာ ကျော်ပလွေများ တိမ်ကောသွားခဲ့သလဲဆိုတာကို ပြောနိုင်ဖို့မလွယ်ကူပါ။ ယနေ့ခေတ်အချိန်မှာ မြန်မာ့ရိုးရာဂီတတွင် ခင်ပလွေ ကိုသာ သုံးကြသည်။

Khin Plaue[ပြင်ဆင်ရန်]

ခင်ပလွေ ဆိုသည်မှာ အခင် ဟုခေါ်သော အသံထွက်စရာ လေတိုးပေါက် ပါသည်။ ထို့ကြောင့် ခင်ပလွေဟု နာမည်ရသည်။ မြင်းမိုရ် ခေါ် ပင်လယ်ကူး အပေါက်မှာ ပွဲ့လျက်(ပွဲညက်) သို့မဟုတ် ပျားဖယောင်းနှင့် လေကိုတားထားပြီး အပေါ်က ထန်းရွက်ပြားကလေးနှင့် အုပ်ထားသည်။ ခင်ပလွေကို ထိပ်ဖျားပိုင်းကနေပြီး မှုတ်လိုက်သောအခါ လေလမ်းကြောင်းကလေးက မြင်းမိုရ် ၏ ချွန်နေသော အပိုင်းကို တိုးဝှေ့မိ၍ ပလွေသံ ထွက်လာစေသည်။

မြန်မာ့ရိုးရာ ခင်ပလွေများကို အုပ်စုခွဲလိုက်လျှင်-

  • ဝံသာနု ပလွေကြီး၊
  • ပလွေကြီး၊
  • ပလွေကလေးဟု အရွယ်အစား သုံးမျိုးရှိသည်။

ခင်ပလွေ များထဲတွင် အရွယ်အစား အကြီးဆုံးဖြစ်ပြီး၊ ဝံသာနု နှဲကြီး၏ အသံစဉ်နှင့် တူသောကြောင့် ဝံသာနုပလွေကြီးဟု ခေါ်ကြသည်။ ဝံသာနုပလွေကြီးတွင် လက်ပေါက်များကို အားလုံးပိတ်ပြီးမှုတ်သော် မြန်မာ့ ၄ ပေါက်သံ ရသည်။ အစဉ်လိုက် တစ်ပေါက်စီ ဖွင့်သွားလျှင် ၄ ၃ ၂ ၁ ၇ ၆ ၅ ၄ ဆိုသည့် အသံစဉ်ကို ရသည်။

အရွယ်လတ်ဖြစ်သော ပလွေကြီး၏ လက်ပေါက်များကို အားလုံးပိတ်ပြီးမှုတ်လျှင် မြန်မာ့ ၁ ပေါက် သံမှန် ရသည်။ နှဲကြီးနှင့် အသံစဉ်တူ၍ တချို့က နှဲကြီးပလွေဟုလည်း ခေါ်ကြသည်။ အစဉ်လိုက် တစ်ပေါက်စီ ဖွင့်သွားလျှင် ၁ ၇ ၆ ၅ ၄ ၃ ၂ ၁ ဆိုသည့် အသံစဉ်ကို ရသည်။

အငယ်ဆုံး ပလွေကလေး၏ လက်ပေါက်များကို အားလုံးပိတ်ပြီးမှုတ်လျှင် မြန်မာ့ ၄ ပေါက်သံ ရသည်။ နှဲကလေး၏ အသံစဉ်နှင့် အတူတူပင်ဖြစ်သည်။ အစဉ်လိုက် တပေါက်စီဖွင့်သွားသော် ဝံသာနုပလွေကြီးထက် အသံစဉ်တစ်ခု ပိုမြင့်သော ၄ ၃ ၂ ၁ ၇ ၆ ၅ ၄ ဆိုသည့် အသံစဉ်ကို ရသည်။

ယခင်က ပလွေသံစဉ် ၁ ပေါက် သံမှန်မှာ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးအတိုင်း‘စီ’သံနှင့် ကိုက်ညီအောင် ညှိထားသည်။ ယနေ့ မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးများ၏ မူတည်သံပြောင်းသွားသောအခါ ပလွေများကလည်း ၁ ပေါက် သံမှန်ကို ‘စီ-ရှပ်’ မှာပဲ ထားကြတော့သည်။

ပြုလုပ်ပုံ[ပြင်ဆင်ရန်]

မြန်မာ့ရိုးရာ ပလွေကို များသောအားဖြင့် ထီးရိုးဝါးနှင့် ပြုလုပ်ကြသည်။ ထီးရိုးဝါးသည် မာခြင်း၊ အဆစ်ရှည်ခြင်း၊ အရောင် ချောမွေ့လှပခြင်းကြောင့် ပလွေပြုလုပ်၍ အကောင်းဆုံးဝါးမျိုးဖြစ်သည်။ ထီးရိုးဝါးကို ရဲရဲနီအောင် မီးဖုတ်ထားသော သံချောင်းနှင့် အပေါက်များဖောက် ရသည်။ ပုံလောင်းထားသည့် ကြေးဝါပိုက်နှင့် ပြုလုပ်ထားသော ကြေးပလွေများလည်း ရှိသည်။ သံပိုက်လုံးနှင့် ပြုလုပ်ထားသော သံပလွေများ ရှားရှားပါးပါ ရှိတတ်သည်။ အလွယ်တကူရနိုင်သော ပလပ်စတစ်ပိုက်များနှင့်လည်း ပလွေအရွယ်အမျိုးမျိုးကို ပြုလုပ်ကြတာ ရှိသည်။

ရှေးခေတ်က ခင်ပလွေအားလုံးမှာ အပေါက်ပေါင်း ၁ဝ ပေါက်စီ ရှိခဲ့သည်။ အသံထွက်သော ‘မြင်းမိုရ်’ ခေါ် ‘ပင်လယ်ကူး’ အပေါက်၊ ပလွေအသံစဉ်အတွက် အပေါ်ပိုင်းမှာ လက်ပေါက် ၇ ပေါက်၊ ပလွေ၏ အောက်ဘက်မှာ ‘သရပေါက်’ လို့ခေါ်သော လက်မနှင့် ပိတ်၊ ဖွင့်စရာ ၁ ပေါက်၊ ‘မြင်းမိုရ်’နှင့် အထက်ဆုံး လက်ပေါက်အကြားမှာ ပင့်ကူမှေးကပ်စရာ ၁ ပေါက်၊ စုစုပေါင်း ၁ဝ ပေါက်ရှိသည်။ ပလွေအသံစဉ်အတွက် လက်ပေါက် ၇ ပေါက်ကလည်း အရွယ်တူတွေ မဟုတ်ကြပါ။ အထက်ဆုံး လက်ပေါက်ကစပြီး အောက်ဆုံးလက်ပေါက်အထိ တဖြည်းဖြည်း ကြီးသွားသည်။ ပင့်ကူမှေးပေါက်မှာ ပင့်ကူမှေးဖြစ်ဖြစ်၊ ဝါးမှေးဟုခေါ်သော ရေပါးစက္ကူ ဖြစ်ဖြစ် ကပ်လိုက်သောအခါ ပလွေသံကို စူးစူးရှရှ၊ စွာတာတာ ကြားရသည်။ ယနေ့အချိန်မှာ ပင့်ကူမှေးပေါက် မပါတော့ဘဲ ၉ ပေါက်တည်းသာ လုပ်ကြပါတော့သည်။

မြန်မာ့ရိုးရာ ‘မြင်းမိုရ်’ အသံထွက်ပေါက်က တဖက်ချွန်၊ တဖက်ခပ်ဝိုင်းဝိုင်းနှင့် ကြစုသီး ပုံစံမျိုး ဖြစ်သည်။ ယနေ့ မြန်မာ့ဂီတလောကတွင် ‘မြင်းမိုရ်’ အပေါက်ပုံစံသစ်နှင့် ပလွေများ ခေတ်စားလာခဲ့သည်။ ပုံစံအသစ်က လေးထောင့်ပုံပြီး အခင်ကို ပလွေအထဲမှာပဲ ထည့်ထားသည်။ အိန္ဒိယနှင့် တရုတ်ပြည်ဖြစ် ခင်ပလွေအုပ်စုမှာပါသော ပလွေမျိုးများမှာ ထို ‘မြင်းမိုရ်’ အပေါက်ပုံစံကို တွေ့ရသည်။ မြန်မာ့ပလွေ လက်ပေါက်များနှင့် ထိုအသံထွက်စနစ်ကို ပေါင်းစပ်ပေးလိုက်သော် ပုံစံအသစ်ဖြစ်ပေမယ့် မြန်မာသံပဲ ထွက်ပါသည်။ မြန်မာ့ရိုးရာ ‘မြင်းမိုရ်’ အသံထွက်ပေါက်ပုံစံနှင့် အနောက်တိုင်းမှ ၁၂ သံစဉ် ခရိုမက်တစ်စကေး မြန်မာ့ဝါးပလွေများလည်း ရှိသည်။

မြန်မာ့ဝါးပလွေနှင့် နိုင်ငံခြားသံ ထွက်စေသူ[ပြင်ဆင်ရန်]

မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ် မန္တလေးမြို့၏ ပြည်ထောင်စုသင်္ကြန်ပွဲကြီးတွင် သင်္ကြန်ယာဉ်ကို စောင်းကောက်ပုံသဏ္ဍန် ဆင်ယင်ထားသော အမရပူရမြို့ A.M.B.A မော်တော်ယာဉ် ရေသဘင် အဖွဲ့ကြီးမှလည်း ပါဝင်ဆင်နွှဲခဲ့သည်။ ယင်းသင်္ကြန်ယာဉ်ကြီးပေါ်တွင် တီးဝိုင်းသမားများ ၆၀ ကျော် ပါဝင်သည်။ တီးမှုတ်လာကြသော တီးလုံးကို အဝေးကကြားရသည့်အခါ အနောက်တိုင်းဖြစ် လေမှုတ် တူရိယာများနှင့် အနောက်တိုင်းဆန်ဆန် တေးသွားကို တီးမှုတ်လာသည်ဟု မှန်းဆကြသည်။

အနားသို့ သင်္ကြန်ယာဉ်ရောက်လာသောအခါမှ တီးဝိုင်းသမားများ တီးမှုတ်လာကြသည့် တူရိယာများမှာ ဝါးပလွေ အလက် ၆၀၊ သားရေကျက်ထားသည့် သံစည်ပိုင်းပြတ် တစ်လုံး၊ မန်ကျည်းစေ့များထည့်ထားသည့် ဘူးသီးခြောက် တစ်လုံး၊ ထန်းသီးမှုတ် တစ်လုံးနှင့် နိုင်ငံခြားဖြစ်ဟူ၍ ကလဲရီနက် တစ်လက်သာ ပါသည်ကို အံ့ဩစရာ တွေ့ကြရသည်။

ထို ‘အေအမ်ဘီအေ’ ရေသဘင်အဖွဲ့ကြီးကို ဆရာမြို့မငြိမ်းက ဦးစီး စီစဉ်ခဲ့သည်။ ပလွေသမား ၆၀ ကို အမှတ် ၁၊ ၂၊ ၃ ဟု နာမည်ပေးထားသော အုပ်စုသုံးစုအဖြစ် ခွဲထားပြီး၊ သီချင်းတီးလုံးတွင် ကိုယ့်အစုနှင့်ကိုယ် ဝင်ရောက်မှုတ်ကြရန် ဆရာမြို့မငြိမ်းက စီမံခန့်ခွဲပေးထားသည်။

တီးမှုတ်သူများမှာလည်း ဂီတပညာရှင်များမဟုတ်ကြဘဲ ‘အေအမ်ဘီအေ’ မော်တော်ယာဉ် အသင်းသား သာမန်အရပ်သားများသာ ဖြစ်ကြသည်။ ဂီတပညာဟူ၍ ဘာတစ်ခုမှ သင်ကြားမထားကြသော အရပ်သားများကို ဆရာမြို့မငြိမ်းက သီချင်းတစ်ပိုဒ်ချင်း အလွတ်ချပေးပြီး လေ့ကျင့်ပေးခဲ့သည်။ သီချင်းအလိုက်ကို ငါးဦးလောက်ကသာ သံပြိုင်မှုတ်ကြပြီး ကျန်တဲ့သူများမှာ ကိုယ့်အလှည့်နဲ့ကိုယ် ဝင်ရောက်တီးမှုတ်ကြသည့်အခါ အသံထုထည်ကို အခြေခံပြီး ဖွဲ့စည်းတဲ့ အနောက်တိုင်း ဂီတသံမျိုး ဖြစ်ပေါ်လာခဲ့သည်။

တောင်သမန်
ကြည်အင်းရေ လှိုင်းငွေ မြူးကာနေ
ညင်းလေယဉ် ပြေပြေ
မော်တော်ယာဉ်
အေအမ်ဘီ ခေါ် အသင်းတော်သားများက မာပါစေ
တောင်သမန်၊ မြို့မငြိမ်း

ဆရာမြို့မငြိမ်း၏ စောင်းကောက်ရေသဘင် တီးဝိုင်းကြီးတွင် တီးမှုတ်ခဲ့ကြတဲ့ ဝါးပလွေများ၏ လက်ရာရှင်မှာ အမရပူရမြို့ အိုးတော်ရပ်နေ နှဲဆရာကြီး ဆရာထပ် ဖြစ်သည်။ နှဲဆရာကြီး ဆရာထပ်သည် ဆရာမြို့မငြိမ်း၏ဆန္ဒအတိုင်း အနောက်တိုင်း ၁၂ သံစဉ် ခရိုမက်တစ်စကေး အသံစုံထွက်သော ဝါးပလွေတွေကို အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့သည်။ သံစဉ်များအပေါ် မူတည်ပြီး ပလွေများမှာ အတိုအရှည် အကြီးအသေး အရွယ်အမျိုးမျိုးရှိသည်။ လက်ပေါက်များမှာ ၆ ပေါက်သာရှိသောကြောင့် ခြောက်ပေါက်ပလွေ ဟု ခေါ်ကြသည်။

ထိုအချိန်မှစ၍ အသံစဉ်မျိုးစုံအတွက် ဝါးပလွေ အမျိုးမျိုးကို ဆရာထပ်မှ ဆက်လက် တီထွင်လာခဲ့ရာ သူ ကွယ်လွန်သည့်အချိန်တွင် စုစုပေါင်း ဝါးပလွေ ၂၇ မျိုး တီထွင်ပြီးစီးခဲ့ကြောင်း သိရသည်။ အသံစဉ်များကိုထောက်ပြပြီး ထိုပလွေများမှာ မြန်မာ့ရိုးရာ ဝါးပလွေစစ်စစ်များ မဟုတ်ဟု စောဒကတက်နိုင်သော်လည်း ထပ်ဆင့်တီထွင်ထားသည့် မြန်မာ့ဝါးပလွေများဟု ဆိုနိုင်သည်။

ဆရာကြီး ဆရာထပ်သည် သူတီထွင်ထားသည့် ပလွေများနှင့် အနောက်တိုင်း ၁၂ သံစဉ်ကို မှုတ်ပြခဲ့သည်။ လက်ပေါက် လေးပေါက်တည်းသာပါသော ပလွေတစ်လက်မှာ အသံစဉ် အပြည့်အစုံ ပါသောကြောင့် ထူးခြားသည်။

ပလွေ၊ ပလွေ၊ ရွာ ရွာကို ပတ်ပါလို့တဲ့ ရပ်ကို မွှေတယ်
ရပ်ကို၊ ရပ်ကို မွှေတယ်လေလေ။
ပလွေသခင် မောင်ကြီးရှင်ရယ်၊ သည်တွင် ရပ်ပါဦးရယ်နဲ့၊ ဦးရယ်နဲ့
အိပ်ပါတော့ မောင်ရယ်၊ ငြင်းတယ်နဲ့၊ ငြင်းတယ်နဲ့
မအိပ်ချင်ဘူးလို့ ငြင်းတယ်နဲ့၊ ငြင်းတယ်နဲ့
ငြင်းတယ်လေး၊ ငြင်းတယ်လေး။
အမည်မသိရှေးစာဆို(နှဲဆရာကြီး စိန်မြရှင်က ဆိုပြပါသည်။)
ပြည်ရွှေဘို မြို့တော်မြောက်ကယ်က
ချောင်းပေါက်ပါလို့ မကူးနိုင်။
ပလွေတို ရောင်မှာထိုးပါလို့
ချောင်းရိုးကမှိုင်။
မမလေးတို့ နှင်းဆီခိုင်
တဆိတ်စာ မောင်ကိုင်ရရင်
ကူးနိုင်ရဲ့လေး။
ရွှေဘိုဗုံကြီးသံ

ကိုးကား[ပြင်ဆင်ရန်]

  1. နှဲဆရာကြီး ဆရာထပ်၊ နှဲဆရာကြီး စိန်မြရှင်တို့၏ ပြောပြချက် မှတ်စုမှတ်တမ်းများ (ဒေါက်တာကျော်ကျော်ဝင်း)
  2. အငြိမ့်၊ လူထုဒေါ်အမာ၊ ကြီးပွားရေးစာအုပ်တိုက်၊ ပ၊ဒု တွ၊ ဒု အကြိမ် ပုံနှိပ်၊ နိုဝင်ဘာ၊ ၂ဝဝ၅
  3. ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ ကြီးပွားရေးစာအုပ်တိုက်၊ မေလ၊ ၁၉၆၄
  4. မြန်မာ့နှဲ၊ နှဲဦးမြကြီး-ကော့မှူး၊ စာပေဗိမာန်၊ ၁၉၉၅
  5. THE FORWARD JOURNAL, Vol III, #5, October 15 1964
  6. ပလွေတို ရောင်မှာထိုးပါလို့၊ စာမျက်နှာ ၃၀၉၊ ၂၀၁၅ခုနှစ်၊ ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်စာအုပ်ဆုရ၊ သမိုင်းအစဉ်အလာနှင့် ရိုးရာယဉ်ကျေးမှု ဆောင်းပါးများ၊ ဒေါက်တာကျော်ကျော်ဝင်း