ပပိုင်းရပ်ပင်

ဝီကီပီးဒီးယား မှ

ပပိုင်းရပ်ပင်သည် ကျူပင်နှင့်တူသော အပင်တစ်မျိုးဖြစ်၍၊ ရုက္ခဗေဒအလိုအားဖြင့် 'ဆိုင်ပီယာ ရေးစီအီး'မျိုးရင်းတွင် ပါဝင်သည်။ ယင်း၏ ရုက္ခဗေဒအမည်မှာ 'ဆိုင်ပီးရပ်ပပိုင်းရပ်' ဖြစ်သည်။ ရှေးအခါက ပပိုင်းရပ်ပင်များကို အီဂျစ်နိုင်ငံ၊ နိုင်းမြစ်ဝှမ်းတစ်လျှောက်၌ အများအပြား စိုက်ပျိုးခဲ့ကြသည်။ အီဂျစ်လူမျိုးတို့သည် ပပိုင်းရပ်ပင်မှရသော အမျှင်များကို အပြားအချပ်လုပ်၍၊ ထိုအပြားအချပ်တို့အပေါ်၌ စာရေးသားကြ သည်။ ရှေးခေတ်နိုင်ငံသမိုင်းများကို ရှာဖွေလေ့လာရာတွင် အီဂျစ်နိုင်ငံ၏ အတိတ် အဖြစ် အပျက်များ မှတ်သားထားသည့် ပပိုင်းရပ်စာခွေ အများအပြားကို တွေ့ရှိကြသည်။ ထိုပပိုင်းရပ် စာခွေများကို ပြုလုပ်နည်းမှာ ဤသို့ ဖြစ်၏။ ပပိုင်းရပ် အတွင်းသား အူတိုင်များကို အထပ်ထပ်စီပြီးလျှင် အပေါ်မှ အလေးဖြင့် ဖိထားရသည်။ သို့ဖိထားသောအခါ အူတိုင်သား သည် ပြားကပ်သွားကာ စာရေးရန် လွယ်ကူလာသည်။ လတ်လတ်ဆတ်ဆတ် ဖြစ်ပါမူ ပပိုင်းရပ်ချပ်သည် ဖြူ၍ နေသည်။ ကြာလျှင်သော်ကား ညို၍ ကြွပ်ဆတ်သွားတတ် သည်။ ယခုအခါ ပပိုင်းရပ်ပင်များကို နိုင်းမြစ်၏ အထက်ပိုင်း ၌သာ တွေ့ရှိရတော့၏။ ပပိုင်းရပ်ပင်သည် ၃ ပေမှ ၁၂ ပေအထိ မြင့်၏။ ရိုးတံမှာဖြောင့်၍၊ အရင်း၌ လက်မောင်းလုံး ခန့်ရှိ၏။ အရွက်များကား ကြမ်း၍ ရှ၏။ အပွင့်ကလေးများ တွင်လည်း မွေးကြမ်းကလေးများဖုံးနေသည်။ ပပိုင်းရပ်ပင်၏ ရိုးတံများကို ငယ်လျှင် ခြားတောင်းများ ရက်လုပ်ရ၍၊ ကြီး လျှင် လှေစပ်၍ ရသည်။ အူတိုက်ကိုကား စာခွေပြုလုပ်ရသည့် အပြင်၊ အစာရေစာခေါင်းပါးသောကာလ၌ ယင်းကို စားသုံးနိုင် သည်။ အမြစ်ကို အခြောက်လှန်းပြီးသော် ထင်းအဖြစ်လည်း သုံးစွဲနိုင်သည်။ ရိုးတံမှ အမျှင်များကို ဖျာ၊ ရွက်ထည်၊ ဖိနပ် စသည်တို့ ပြုလုပ်ရ၏။ အီဂျစ်လူမျိုး တို့သည် ထိုအပင်မှ အပွင့်ကလေးများကို အီဂျစ်နတ်များအား တင်ဆက်လေ့ရှိကြ လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )