ပန့်ခ် ယဉ်ကျေးမှု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
လန်ဒန်မြို့ ရထားတွဲပေါ်မှ ပန့်ခ်နှစ်ဦး

ပန့်ခ် (punk) ယဉ်ကျေးမှု ဆိုတာဟာ ပန့်ခ်ရော့ခ်ဂီတအပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှု ပုံစံကွဲတစ်ခု ဖြစ်ပါတယ်။ ပန့်ခ်လှုပ်ရှားမှုဟာ ၁၉၇ဝ ခုနှစ် အလယ်ပိုင်းကနေ နှောင်းပိုင်းတဝိုက် ဗြိတိန်၊ အမေရိကားနဲ့ ဩစတြေးလျက ပိုမိုကျယ်ပြန့်တဲ့ ရော့ခ်အင်ရိုးလ် ဂီတရပ်ဝန်းကနေ စတင်ပေါ်ထွက်လာခဲ့ ချိန်ကတည်းက ကမ္ဘာအဝှမ်း ပျံ့နှံ့သွား ခဲ့ပြီး၊ ကွဲပြားခြားနားတဲ့ ပုံစံအမျိုးမျိုး အဖြစ် တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။

ပန့်ခ်ယဉ်ကျေးမှုမှာ တမူ ထူးခြားတဲ့ ဂီတဟန်တွေ၊ အတွေးအခေါ်တွေ၊ ဖက်ရှင်စတိုင်လ်တွေ၊ အမြင် အာရုံပိုင်းဆိုင်ရာ အနုပညာပုံစံတွေ၊ အကဟန်တွေ၊ စာပေရေစီးကြောင်းတွေနဲ့ ရုပ်ရှင်အနုပညာပုံစံတွေအထိ မျိုးစုံအောင် ပါဝင်ပေါင်းစပ် ဖွဲ့စည်းထားပါတယ်။ နောက်ပြီး ပန့်ခ်ဆိုတဲ့ စကားလုံး ဟာ လူနေမှုဘဝပုံစံနဲ့ အဖွဲ့အစည်းကိုလည်း ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ ပန့်ခ်မြင်ကွင်းတစ်ခုဟာ hardcore punk နဲ့ street punk တို့လို ပိုမို သေးငယ်တဲ့ ယဉ်ကျေးမှုတွေနဲ့ ဖွဲ့စည်း ထားတာဖြစ်တယ်။ အဲဒီယဉ်ကျေးမှု အုပ်စုငယ်တွေဟာ ပန့်ခ်ယဉ်ကျေးမှု အပေါ် မတူခြားနားတဲ့ အဓိပ္ပာယ်ဖွင့်ဆို တင်ပြမှုတွေနဲ့ တစ်ခုချင်း ခွဲခြားထား ကြတာဖြစ်ပါတယ်။ garage rock နဲ့ psychobily အပါအဝင် တချို့ ယဉ်ကျေးမှု ပုံစံတွေကတော့ ပန့်ခ်ကနေ တိုးတက်ဖြစ်ထွန်းလာခဲ့ကြပေမယ့် သူတို့ရဲ့ အခွင့်အလမ်းတွေက တစ်ဆင့် သီးသန့် ခွဲထွက်သွားခဲ့ကြပါတယ်။ ပန့်ခ် ယဉ်ကျေးမှုဟာ ပေါ်ပြူလာယဉ်ကျေးမှုနဲ့ ဆူညံစိတ်လှုပ်ရှားစရာကောင်းတဲ့ ဆက်ဆံရေးရှိခဲ့ပြီး၊ စီးပွားရေးဆန်ခြင်းနဲ့ သင့်တော်ဆီလျော်မှုတို့ကို ငြင်းဆန်ရင်း ရုန်းကန်လှုပ်ရှားခဲ့ပါတယ်။

သမိုင်းကြောင်း (History)[ပြင်​ဆင်​ရန်​]

ပန့်ခ်ယဉ်ကျေးမှုဟာ အမေရိကား၊ ဗြိတိန်နဲ့ ဩစတြေးလျမှာ ၁၉၇ဝ ခုနှစ် အလယ်ပိုင်းနဲ့ နှောင်းပိုင်း တဝိုက်လောက်က စတင်ပေါ်ထွက်လာခဲ့ပြီး တိုးတက်ပြောင်းလဲလာမှုတွေလည်း အတော်များများ ရှိခဲ့ပါတယ်။ ပန့်ခ် ယဉ်ကျေးမှုဟာ ထွေပြားတဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ ရှေ့ဆောင်လမ်းပြပုဂ္ဂိုလ်တွေ ကနေ အရင်းတည် ပေါက်ဖွားလာခဲ့တာ ဖြစ်တယ်။ ဒဿနိကနဲ့ အနုပညာ လှုပ်ရှားမှုအမျိုးမျိုးက ဒီ ယဉ်ကျေးမှုကို ဩဇာသက်ရောက်ခဲ့ပြီး၊ အတိအကျ ပြောရမယ်ဆိုရင် ခေတ်ပေါ်အနုပညာ မျိုးကွဲတချို့က ပန့်ခ်ယဉ်ကျေးမှုကို ကြိုတင်နိမိတ်ဖတ်ခဲ့ပါတယ်။ များပြားတဲ့ စာရေးဆရာတွေ၊ စာအုပ်တွေနဲ့ စာပေလှုပ်ရှားမှုတွေဟာလည်း ပန့်ခ် ရသဗေဒ ဖြစ်ပေါ်လာမှုအတွက် အရေးပါခဲ့တယ်။ အလားတူပဲ ပန့်ခ်ရော့ခ်ဟာ ထွေပြားစုံလင်တဲ့ ရော့ခ်အင်ရိုးလ်ဂီတ စတိုင်လ်တွေအပေါ် အခြေခံပြီး မွေးဖွား လာခဲ့တာဖြစ်သလို အဲဒီအချိန်က ရှိနှင့်ပြီးတဲ့ လူငယ်ယဉ်ကျေးမှုတွေရဲ့ ဩဇာ လွှမ်းမိုးခြင်းကိုလည်း ခံခဲ့ရပါတယ်။

Protopunk လို့ခေါ်တဲ့ အစောဆုံးရှေ့ပြေးပန့်ခ် ဂီတပုံစံဟာ ၁၉၇ဝ ခုနှစ်အစောပိုင်းကနေ အလယ်ပိုင်း တလျှောက်မှာ အမေရိကန်နိုင်ငံ အရှေ့မြောက်ပိုင်းကနေ စတင်ပေါ်ထွက် လာခဲ့ပါတယ်။ ပန့်ခ်ဆိုပြီး တံဆိပ်ကပ် ခံရတဲ့ ပထမဦးဆုံးဂီတမြင်ကွင်းဟာ ၁၉၇၄ နဲ့ ၁၉၇၆ ခုနှစ် ကြားကာလမှာ နယူးယောက်ခ်စီးတီးက စတင် ပေါက်ဖွားလာခဲ့တယ်။ အဲဒီအချိန်ပိုင်း လောက်မှာပဲ ပန့်ခ်ဂီတဟာ လန်ဒန်မြို့မှာ စတင်ဖွံ့ဖြိုးတိုးတက်နေခဲ့ပြီ ဖြစ်ပါတယ်။ များမကြာမီမှာတော့ လော့စ်အင်ဂျလိစ်မြို့ဟာ အဓိကကျတဲ့ တတိယမြောက် ပန့်ခ်ဂီတမြင်ကွင်း အတွက် အချက်အချာကျတဲ့နေရာ တစ်ခုဖြစ်လာတယ်။ အဲဒီမြို့ကြီး သုံးမြို့ ဟာ လျှင်မြန်စွာ ကြီးထွားလာတဲ့ ပန့်ခ် လှုပ်ရှားမှုအတွက် အမာခံကျောရိုး ဖြစ်လာခဲ့ပေမယ့် အဲဒီအချိန်မှာ ဘရစ္စဘိန်း နဲ့ ဘော့စတွန်တို့လို မြို့ကြီးတွေမှာလည်း ပန့်ခ်မြင်ကွင်းတွေ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

၁၉၇၇ ခုနှစ်ကစလို့ ပန့်ခ် ယဉ်ကျေးမှုဟာ ပုံသဏ္ဍာန်အမျိုးမျိုး ကွဲပြားတိုးတက်လာခဲ့ပြီး၊ Z-Tone နဲ့ Anarcho-punk တို့လို အုပ်စုကွဲတွေက ကိုယ့်လမ်းကိုယ် ဆက်လျှောက် ခဲ့ကြတယ်။ ပန့်ခ်လှုပ်ရှားမှု ရေစီးကြောင်း အင်အားလျော့နည်းလာတာနဲ့အမျှ post-punk၊ New Wave နဲ့ No Wave တို့လိုမျိုး စိတ်သစ်တွေဟာ မီဒီယာရဲ့ အာရုံစိုက်ခြင်း ခံလာကြရတယ်။ ၁၉၈ဝ ခုနှစ် အစောပိုင်း လောက်မှာတော့ ပြန်လည်ဆန်းသစ်လာတဲ့ ပန့်ခ်လှုပ်ရှားမှုဟာ hardcore punk ယဉ်ကျေးမှုအဖြစ်နဲ့ တစ်ကျော့ ပြန်လာခဲ့ပါတယ်။

ဖက်ရှင် (Fashion)[ပြင်​ဆင်​ရန်​]

ပန့်ခ်တို့ ဝတ်စား ဆင်ယင်ပုံ

ပန့်ခ်တွေဟာ လူမှုရေးအရ လက်ခံနိုင်ဖွယ်ဖြစ်တဲ့ အပြုအမူ သဘောထားတွေကို စိန်ခေါ်နိုင်ဖို့အတွက် အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းတွေ၊ ဆံပင်စတိုင်လ်တွေ၊ အလှပြင်ပစ္စည်းတွေ၊ ဆေးမင်ကြောင်ရုပ်တွေ၊ လက်ဝတ်ရတနာနဲ့ ကိုယ်ခန္ဓာပိုင်း အထူးပြုလုပ်ချက်တွေကို ပြဇာတ်ဆန်ဆန် လွန်ကဲစွာ အသုံးပြု တတ်ကြပါတယ်။ အစောပိုင်း ပန့်ခ် ဖက်ရှင်မှာ ရှိရင်းစွဲ အရာဝတ္ထုတွေကို ရသဗေဒ အကျိုးသက်ရောက်မှုအတွက် ပြောင်းလဲအသုံးပြုခဲ့ကြတယ်။ နမူနာ အားဖြင့် စုတ်ပြဲနေတဲ့ အဝတ်အစားတွေကို တွယ်ချိတ်တွေနဲ့ ချိတ်၊ တိတ်တွေနဲ့ ကပ်ပြီး ထိန်းထားတာ၊ သမားရိုးကျ အဝတ်အထည်တွေကို မာကာပင်န် တွေနဲ့ ဒါမှမဟုတ် ဆေးရောင်တွေ ရေးခြယ်တန်ဆာဆင်တာ၊ တွယ်ချိတ်နဲ့ မုတ်ဆိတ်ရိတ်ဓားတွေကို လက်ဝတ် ရတနာအဖြစ် ဆင်ယင်တာတွေပဲ ဖြစ်ပါတယ်။ သားရေထည်တွေ၊ ရာဘာနဲ့ ဗီနိုင်းပလပ်စတစ် ဝတ်စုံတွေဟာလည်း ရေပန်းစားခဲ့တယ်။ အဲဒီအတွက် အကြောင်းရင်း တစ်ခုကတော့ လူအများစုကြီးက အဲဒီလို ဝတ်စုံတွေကို လုပ်ရိုး လုပ်စဉ်မဟုတ်တဲ့ စံလွဲလိင်မှုရေးရာ အလေ့အကျင့်တွေနဲ့ တွဲဖက်ပြီး ရှုမြင်တတ်ကြလို့ပဲ ဖြစ်ပါတယ်။ ပန့်ခ် အများစုဟာ 'drainpipe' ဂျင်းဘောင်းဘီ အကျပ်တွေ၊ သွေးပျက်ထိတ်လန့်စရာ ရုပ်ပုံတွေ ပါရှိတဲ့ တီရှပ်တွေ၊ များသောအားဖြင့် ပန့်ခ်ဝိုင်းတွေရဲ့ နာမည်စာလုံး ဒီဇိုင်းတွေ ရေးဆွဲထားပြီး ကော်လာ အောက်နားတွေ၊ အိတ်ဖုံးတွေကို တွယ်ချိတ်တွေ၊ သတ္တုနှိပ်ကြယ်သီးတွေ ဆင်ယင်လို့ အင်္ကျီတစ်ထည်လုံး များပြား လှတဲ့ သံချွန်တွေ၊ သံမှိုတွေ ရိုက်နှက် တန်ဆာဆင်ထားတဲ့ သားရေဂျက်ကက်တွေနဲ့ Dr. Martens ဘွတ်ဖိနပ်တွေ၊ စကိတ်ရှူးတွေ၊ Converse ဖိနပ်တွေ ဝတ်ဆင်တတ်ကြပါတယ်။

တချို့ပန့်ခ်တွေဟာ သူတို့ရဲ့ ဆံပင်တွေကို ဆူးချွန်တွေလို ထောင်ထနေအောင် ပုံစံသွင်းပြီး၊ ခေါင်းအလယ်တည့်တည့်မှာ ဆံပင်ချန်လို့ ဘေးနှစ်ဘက် အပြောင်ရိတ်ထားတဲ့ မိုဟော့ခ်ဆံပင်စတိုင်လ် ဒါမှမဟုတ် တခြားထူးဆန်းတဲ့ ဆံပင်ပုံစံတွေ ညှပ်၊ သဘာဝမကျတဲ့ အရောင်တောက် တောက်ပပတွေ ဆိုးထားတတ်ကြတယ်။ ပန့်ခ်တွေဟာ သူတို့စိတ်ကြိုက် ဂျက်ကက်တွေကို ရင်ထိုးတံဆိပ်တွေ၊ သူတို့ နှစ်သက်တဲ့ ပန့်ခ်ဂီတအဖွဲ့တွေ၊ ယုံကြည် သက်ဝင်တဲ့ အတွေးအမြင်တွေကို ဖော်ကျူးထားတဲ့ စတစ်ကာရုပ်ပုံတွေ ဆင်ယင်ပြီး၊ ပြင်ပကမ္ဘာကြီးကို သူတို့ ဘယ်လိုလူတွေလဲဆိုတာ တစွန်းတစ်စ ထုတ်ဖော်ပြသ တတ်ကြပါတယ်။ တစ်ခါတလေလည်း သူတို့ဟာ သံမဏိ ကြက်ခြေခတ်တံဆိပ်လို လူတွေ ထိတ်လန့် ရှောင်ရှားကြတဲ့ သင်္ကေတအမှတ်အသားတွေကို ဝံ့ကြွားစွာ ဆင်မြန်းတတ်ကြတယ်။ အစောပိုင်း ပန့်ခ်တချို့ဟာ နာဇီ စကြာတံဆိပ် ဖော်ပြထားတဲ့ အဝတ်အစားတွေကို ခြောက်လှန့်နိုင်စွမ်း အတွက် အခါအားလျော်စွာ ဝတ်ဆင်တတ်ကြပေမယ့် ဒီနေ့ခေတ် ပန့်ခ်အများစုကတော့ ပွင့်လင်းတဲ့ လူမျိုးရေး ဝါဒဆန့် ကျင်သူတွေဖြစ်ကြတဲ့အတွက် ကန့်လန့်ဖြတ် အစင်းကြောင်းဆွဲခြစ်ထားတဲ့ နာဇီစကြာဆန့်ကျင်ရေး အမှတ်တံဆိပ်ကိုပဲ ပိုပြီး ဝတ်ဆင်လေ့ရှိပါတယ်။

ကြောင်ကြောင်ကျားကျား အဆင်အကွက်တွေနဲ့ အသားကပ် ဘောင်းဘီရှည်၊ တီရှပ်လက်ပြတ်၊ စာတမ်းတွေ၊ ရုပ်ပုံတွေရေးဆွဲပြီး၊ သံမှို၊ သံချွန်တွေ ပြွတ်သိပ်နေအောင် စီတန်း ရိုက်နှိပ်ထားတဲ့ သားရေဂျက်ကက်နဲ့ ကြိုးပေါက် ၁၈ ပေါက်ပါတဲ့ တိုက်ပွဲဝင် ဘွတ်ဖိနပ်ရှည်တွေ ဝတ်ဆင်ပြီး လမ်းပေါ်မှာ လျှောက်သွားနေတတ်တဲ့ ပန့်ခ်တွေနဲ့ ဆန့်ကျင်ဘက်အဖြစ် အဝတ်အစားဖက်ရှင် ဆန့်ကျင်ရေးကို ဦးတည်တဲ့ ပန့်ခ်တချို့လည်း ရှိပါတယ်။ သူတို့က ဂီတနဲ့သာ ပန့်ခ်ကို ဖွင့်ဆိုရ မှာဖြစ်တယ်။ ဖက်ရှင်နဲ့ မဟုတ်ဘူးလို့ စောဒကတက်ကြတယ်။ အဲဒီအမြင်ကို hardcore punk ဂီတမှာ အများဆုံး တွေ့နိုင်ပါတယ်။

ပန့်ခ်ရသဗေဒ ခံစားပုံဟာ ပန့်ခ်တွေနှစ်သက်တဲ့ အနုပညာ အမျိုးအစားကို ပြဋ္ဌာန်းပေးပါတယ်။ ပန့်ခ် အနုပညာလက်ရာတွေဟာ များသောအားဖြင့် မြေအောက်အနုပညာဆန်ပြီး၊ အနည်းဆုံးဝါဒ၊ အထွဋ်အမြတ်ထားတဲ့ အရာများကို စော်ကားဖျက်ဆီးခြင်းနဲ့ သရော်လှောင်ပြောင်တဲ့ အငွေ့အသက်ပါရှိတဲ့ အာရုံခံစားမှုတွေ ပါဝင်တတ်တယ်။ Hardcore ဟာ မူလလက်ဟောင်း ပန့်ခ်ယဉ်ကျေးမှုနဲ့ တန်းတူ ရေခံမြေခံကောင်းကြောင်း သက်သေပြနိုင်ခဲ့ပြီး၊ ဂီတအဖွဲ့သစ်များစွာ ထွက်ပေါ်စေလာစေခဲ့ပါတယ်။ အဲဒီ ယဉ်ကျေးမှု ပုံစံကွဲတွေဟာ နဂိုရှိခဲ့ပြီးတဲ့ ယဉ်ကျေးမှု ပုံစံတွေနဲ့အတူ ပန့်ခ် အလံတော်အောက်မှာ ရပ်တည်ခဲ့ကြတယ်။

၁၉၈ဝ ခုနှစ်တွေက အမေရိကန် မြေအောက်ပန့်ခ် လှုပ်ရှားမှုဟာ ပန့်ခ်ဂီတကနေ ဆင့်ကဲတိုးတက် ဖြစ်ပေါ်လာတဲ့ တခြား ဂီတမြင်ကွင်းတွေကိုရော၊ ဒီဂီတရဲ့ စိတ်ဓာတ်နဲ့ ကိုယ်တိုင်လုပ်ယူ DIY အလေ့အထတွေကို လုံးဝ ကွဲပြားခြားနားတဲ့ ဂီတပုံစံတွေမှာ ထည့်သွင်းထားတဲ့ တခြားဂီတမျိုးကွဲတွေကိုပါ ဖြစ်ပေါ်လာစေခဲ့ပြီး၊ ပန့်ခ်ဂီတရဲ့ အမွေအနှစ်ကို အော်လ်တာနေးတစ်ဗ်ရော့ခ်နဲ့ Indie ဂီတရပ်ဝန်းတွေမှာ ချန်ထားနိုင်ခဲ့ပါတယ်။ အော်လ်တာနေးတစ်ဗ်ရော့ခ်ရဲ့ စီးပွားရေးအရ အောင်မြင်မှုဟာ ပင်မရေစီး မီဒီယာတွေက pop punk လို့ခေါ်တဲ့ နောက်ထပ်စတိုင်လ်တစ်မျိုးကိုပါ လမ်းဖွင့်ပေးခဲ့တယ်။ ၁၉၉ဝ ခုနှစ် အစောပိုင်းနဲ့ အလယ်ပိုင်းတဝိုက်မှာ အမေရိကားက လှုပ်ရှားမှုသစ်တစ်ခု သိသာထင်ရှားစွာ ထွက်ပေါ်လာခဲ့ပြီး ပန့်ခ်ပြန်လည်ရှင်သန်မှုလို့ သတ်မှတ်ခြင်း ခံခဲ့ရပါတယ်။

ဂီတ (Music)[ပြင်​ဆင်​ရန်​]

Crass ဂီတအဖွဲ့ (1981)

ဂီတဟာ ပန့်ခ်ယဉ်ကျေးမှုရဲ့ အရေးအပါဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ပန့်ခ်ဂီတကို ပန့်ခ်ရော့ခ် လို့ခေါ်ပြီး တစ်ခါတလေမှာတော့ ပန့်ခ် လို့ပဲ အတိုကောက် ခေါ်လေ့ရှိတယ်။ ပန့်ခ်ရော့ခ်အများစုဟာ ရော့ခ်ဂီတ အမျိုးအစားတွေထဲက ခြားနားသိသာတဲ့ စတိုင်လ်တစ်မျိုး ဖြစ်ပေမယ့် တစ်ခါတရံမှာ တချို့ ပန့်ခ်ဂီတသမားတွေဟာ တခြားဂီတမျိုးကွဲတွေ ဆီက အစိတ်အပိုင်းတွေနဲ့ ရောနှော ပေါင်းစပ်ပြီးလည်း ဖန်တီးတတ်ကြပါတယ်။ ပန့်ခ်ယဉ်ကျေးမှု အုပ်စုကွဲတွေဟာ ကွဲပြားခြားနားတဲ့ ပန့်ခ်ရော့ခ်ဂီတ ဟန်တွေက တစ်ဆင့်၊ တစ်ခုနဲ့ တစ်ခု ခွဲခြားထားကြတာ ဖြစ်တယ်။ ဒါပေမယ့် ပန့်ခ်ဂီတစတိုင်လ်တိုင်းမှာတော့ ဆက်စပ်နေတဲ့ ယဉ်ကျေးမှုပုံစံတွေ ရှိကြတာ မဟုတ်ပါဘူး။ ပန့်ခ် ရော့ခ်အများစုမှာ ရိုးရှင်းတဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ သီချင်းတိုတိုတွေနဲ့ ပန့်ခ်တွေ တန်ဖိုးထားတဲ့ ယုံကြည်ချက်၊ လူနေမှုပုံစံတွေကို ထင်ဟပ်ဖော်ကျူးတဲ့ တေးစာသားတွေ ပါရှိတတ် ပါတယ်။ များသောအားဖြင့် ပန့်ခ်ရော့ခ်ကို တစ်ကိုယ်တော် ဂီတသမားတွေအနေနဲ့ထက် တီးဝိုင်းအဖွဲ့တွေနဲ့သာ တီးခတ်သီဆိုလေ့ရှိပါတယ်။

အတွေးအခေါ် (Ideology)[ပြင်​ဆင်​ရန်​]

ပန့်ခ်အတွေးအခါ် ဒဿန အမြင်ဟာ တသီးပုဂ္ဂလလူသားရဲ့ လွတ်လပ်ပိုင်ခွင့်နဲ့ တားမြစ်ကန့်သတ်မှု လျော့နည်းတဲ့ လူနေမှုဘဝပုံစံတွေနဲ့ အဓိက သက်ဆိုင်ပါတယ်။ ပန့်ခ်ကျင့်ဝတ် စည်းမျဉ်းတွေဟာ ပိုမိုကြီးမားတဲ့ လွတ်လပ်မှုရအောင် ကြိုးပမ်းအားထုတ်ရာမှာ ကိုယ်တိုင်ရွေးချယ်မှုရဲ့ အခန်းကဏ္ဍကို ထောက်ခံအားပေးတာဖြစ်တယ်။ ယေဘုယျ ပန့်ခ်ကျင့်ဝတ်စည်းကမ်းတွေမှာ ထုံးတမ်းစဉ်လာ လုပ်ရိုးလုပ်စဉ်တွေကို လုံးဝဥဿုံဆန့်ကျင်ပယ်ချခြင်း၊ ကိုယ်တိုင်လုပ်ယူရတဲ့ DIY (Do It Yourself) စိတ်ဓာတ်၊ နိုင်ငံရေး ပြောင်းလဲမှုအတွက် တိုက်ရိုက်အရေးယူ ဆောင်ရွက်ခြင်းနဲ့ ကိုယ်ကျိုးစီးပွား ရရှိရေးအတွက် ပင်မရေစီးကြောင်းက အာရုံစိုက်လာအောင် ကိုယ့်ကိုယ်ကိုယ် ရောင်းမစားခြင်းဆိုတဲ့ အချက်တွေ ပါဝင်တတ်တယ်။

ပန့်ခ်နိုင်ငံရေးအမြင်တွေဟာ ထွေပြားစုံလင်တဲ့ နိုင်ငံရေးဒဿန နယ်ပယ်တစ်ခုလုံးမှာ ဖြန့်ကျက်နေရာ ယူထားပေမယ့် များသောအားဖြင့် ပန့်ခ်တွေဟာ သူတို့ကိုယ်သူတို့ တိုးတက်တဲ့ အမြင်ရှိတဲ့ လက်ဝဲသမားတွေဆိုပြီး စာရင်းသွင်ထားခဲ့ ကြပါတယ်။ ပန့်ခ်တွေဟာ ဒေသတွင်း၊ နိုင်ငံတွင်းနဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ နိုင်ငံရေး ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ မကြာခဏ ပါဝင်လေ့ရှိတယ်။ ယေဘုယျအကျဆုံး ပန့်ခ်နိုင်ငံရေးအမြင် ရေစီးကြောင်းတချို့ကတော့ မင်းမဲ့ဝါဒ၊ ဗဟိုချုပ်ကိုင်မှု ဆန့်ကျင်ရေး၊ စစ်ဆန့်ကျင်ရေး၊ အရင်းရှင်စနစ် ဆန့်ကျင်ရေး၊ လူမျိုးခွဲခြားမှု ဆန့်ကျင်ရေး၊ ကျားမခွဲခြားမှု ဆန့်ကျင်ရေး၊ အမျိုးသားရေး ဝါဒဆန့်ကျင်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒ၊ သားငါးနဲ့ နို့ထွက်ပစ္စည်း ရှောင်ကြဉ်ရေးနဲ့ တိရစ္ဆာန်အခွင့်အရေး တောင်းဆိုမှုတွေ ဖြစ်ကြပါတယ်။ ဒီယဉ်ကျေးမှုမှာ ပါဝင်သူတချို့ဟာ လက်ယာယိမ်းဝါဒနဲ့ အထက်မှာ ဖော်ပြထားတဲ့ အတွေးအခေါ်တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ နိုင်ငံရေးအမြင်တွေကို စွဲကိုင် ထားကြပေမယ့် အနည်းစုလောက်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် နာဇီအတွေးအခေါ်ကို လက်ခံထွေးပိုက်ထားတဲ့ Blood and Honour တို့လို လူဖြူကြီးစိုးရေး အစွန်းရောက်အဖွဲ့အစည်းတွေမှာ ပါဝင်တဲ့ ပန့်ခ်တချို့လည်း ရှိပါသေးတယ်။ အရေးပါတဲ့ ပန့်ခ်ဇင်းတချို့ကတော့ Maximum Rock N' Roll၊ Punk Planet နဲ့ Cometbus တို့ပဲ ဖြစ်ကြပါတယ်။ ပန့်ခ်အကြောင်းရေးသားထားတဲ့ ဝတ္ထုတွေ၊ ကိုယ်ရေးအတ္ထုပ္ပတ္တိတွေနဲ့ ကောမစ်ရုပ်ပြစာအုပ်တွေ အတော်များများရှိခဲ့ပြီး၊ အဲဒီထဲက Love and Rockets ဆိုတဲ့ ကောမစ်ရုပ်ပြစာအုပ်မှာ လော့စ်အင်ဂျလိစ် ပန့်အသိုင်းအဝိုင်းအကြောင်း ဇာတ်ကွက်တွေ ပါဝင်ခဲ့တယ်။

ပန့်ခ်ကဗျာဆရာတွေထဲက တချို့တဝက်ကို ဖော်ပြရမယ်ဆိုရင် Jim Carroll၊ Patti Smith၊ John Cooper Clarke၊ Seething Wells နဲ့ Attila the Stockbroker တို့ပဲ ဖြစ်ကြပါတယ်။ Medway Poets တင်ဆက်မှု အနုပညာအုပ်စုထဲမှာတော့ ပန့်ခ် ဂီတသမား Billy Childish ပါဝင်ခဲ့တယ်။ Jim Carroll ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဆန်တဲ့ အရေးအသားတွေဟာ ပန့်ခ်စာပေပုံစံရဲ့ ပထမဆုံး နမူနာတွေပဲ ဖြစ်တယ်။ နောက်ပြီး ပန့်ခ် ယဉ်ကျေးမှုဟာ Cyberpunk နဲ့ Streampunk တို့လို စာပေအမျိုးအစား ပုံစံသစ်တွေကိုလည်း ဩဇာသက်ရောက် လွှမ်းမိုးခဲ့ပါတယ်။

ရုပ်ရှင် (Film)[ပြင်​ဆင်​ရန်​]

ပန့်ခ်ရုပ်ရှုင်တွေ အတော်များများရှိခဲ့ပြီး၊ ပန့်ခ်ရော့ခ်ဂီတ ဗွီဒီယိုတွေနဲ့ ပန့်စကိတ်ဗွီဒီယိုတွေဟာ လူသိအများဆုံး ဖြစ်ပါတယ်။ မှတ်တမ်းတင် ရိုက်ကူးနည်းဟာ ပန့်ခ်ရုပ်ရှင်ကားတွေရဲ့ အမှတ်အသားတစ်ခုပါပဲ။ နာမည်ကြီး ဂီတဝိုင်း တော်တော်များများဟာ ရုပ်ရှင်ကားတွေမှာ ပါဝင်ခဲ့ကြတယ်။ ဥပမာ Rock N' Roll Highschool ဇာတ်ကားမှာ Ramones အဖွဲ့၊ Great Rock N' Roll Swindle မှာ Sex Pistols အဖွဲ့သားတွေ ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ လူသိများတဲ့ ပန့်ခ်တွေအကြောင်း ရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိကားတွေလည်း ရှိတယ်။ Sid and Nancy ဇာတ်ကားဟာ Sex Pistols အဖွဲ့သား Sid Vicious နဲ့ သူ့ရည်းစား Nancy Spungen တို့ စုံတွဲအကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး၊ Sid အဖြစ် Chloe Webb တို့က သရုပ်ဆောင်ခဲ့ကြပါတယ်။

ပန့်ခ်တွေရဲ့ နဂိုမူရင်း ရုပ်ရှင်တွေဟာ ဂီတသတင်းမှတ်တမ်းကားတွေပဲ ဖြစ်ကြတယ်။ ဒီနေ့အချိန်ထိ ပန့်ခ် ဝိုင်းတစ်ခုချင်းစီအကြောင်း သတင်းမှတ်တမ်းကားတွေ အမြောက်အများ ရိုက်ကူးခဲ့ပြီး၊ တစ်ခုကို ထုတ်ပြ ရမယ်ဆိုရင် ပန့်ခ် ရုပ်ရှင်ဖန်တီးသူ Don Letts ရိုက်ကူးတဲ့ The Clash မှတ်တမ်းကား၊ Westway to the World ပဲဖြစ်တယ်။ လူသိများတဲ့ ပန့်ခ်ဂီတ မှတ်တမ်းရုပ်ရှင်တစ်ခု ကတော့ Sex Pistols အဖွဲ့ ပေါ်ပေါက်လာပုံကို အသေးစိတ် မှတ်တမ်းတင်ထားတဲ့ The Film and the Fury ပါပဲ။ အဲဒီ ရုပ်ရှင်ကားထဲမှာ Sex Pistols အဖွဲ့သားတွေသာမက ဒီအဖွဲ့နဲ့ ဆက်နွယ် ပတ်သက်နေကြသူတွေဖြစ်တဲ့ Malcolm Mclaren၊ Vivienne Westwood၊ Nancy Spungen တို့အပြင်၊ Billy Idol၊ Sting၊ Shane McGowan နဲ့ နောင်တစ်ချိန်မှာ Siouxie Sioux ဆိုပြီး လူသိများလာမယ့် ကောင်မလေး တစ်ယောက်ကိုပါ ထည့်သွင်းရိုက်ကူးခဲ့တယ်။ အဲဒီကားထဲက ပြကွက်တစ်ခုကတော့ ဒုတိယမြောက် အယ်လီဇဘက် ဘုရင်မကြီး နန်းသက်စံ နှစ်ဆယ့်ငါးနှစ်ပြည့် ငွေရတုသဘင် ကျင်းပနေတုန်း Sex Pistols အဖွဲ့က 'God Save the Queen' သီချင်းကို သိမ်းစ်မြစ်လယ်က ကုန်သင်္ဘောတစ်စင်းပေါ်မှာ သီဆိုဖျော်ဖြေခဲ့ပုံနဲ့ အဲဒီနောက် ဖမ်းဆီးအရေးယူခြင်း ခံခဲ့ရပုံပဲဖြစ်တယ်။

No Wave ရုပ်ရှင်လှုပ်ရှားမှုဟာလည်း ပန့်ခ်ရသဗေဒ ခံယူချက်တွေအပေါ် အခြေခံခဲ့တယ်။ နာမည်ကြီး ပန့်ခ်ရုပ်ရှင်ဖန်တီးသူတွေကတော့ Derek Jarman နဲ့ Don Letts တို့ပဲ ဖြစ်ကြပါတယ်။ ပန့်ခ်အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတွေ အများကြီးထဲက 24 Hour Party People ကားမှာ ပန့်ခ်ရော့ခ်ကနေ New Wave နဲ့ Madchester ဂီတမျိုးကွဲတွေအဖြစ် ဆင့်ကဲပြောင်းလဲလာပုံကို တင်ဆက်ထားပြီး၊ Threat ဇာတ်ကားမှာတော့ နယူးယောက်ခ် hardcore ဂီတမြင်ကွင်းက စစ်သွေးကြွ Straight Edge ပန့်ခ်တွေအကြောင်းကို ရိုက်ကူးတင်ပြ ထားပါတယ်။

လူနေမှုစတိုင်လ် (Lifestyle)[ပြင်​ဆင်​ရန်​]

1994-2004 အကြား အမေရိကနှင့် ဗြိတိန်တွင် ထုတ်ဝေသည့် ပန့်ခ်ဇင်းတချို့

အကြမ်းဖျဉ်းပြောရရင် ပန့်ခ် တွေဟာ အလုပ်သမားလူတန်းစားနဲ့ အခြေခံလူတန်းစား နောက်ခံက ဆင်းသက်လာကြသူတွေ ဖြစ်ပါတယ်။ တချို့ အခြေအနေမဲ့ ပန့်ခ်တွေဟာ ကျူးကျော်ဝင်ရောက် နေထိုင်ခြင်း၊ လိုက်လံတောင်းရမ်းခြင်းနဲ့ အမှိုက်ပုံက ရှာဖွေကောက်ယူခြင်းတွေနဲ့ အသက်ရှင်ရပ်တည်နိုင်ဖို့ ရုန်းကန် ကြရတယ်။ ပန့်ခ် အနုပညာလက်ရာတွေကို အယ်လ်ဘမ် မျက်နှာဖုံးတွေ၊ ဖျော်ဖြေပွဲ လက်ကမ်းကြော်ငြာ စာရွက်တွေနဲ့ ပန့်ခ် မဂ္ဂဇင်းတွေ (Punk Zines လို့ခေါ်ပါတယ်) မှာ အဓိက တွေ့ရပါတယ်။

အများအားဖြင့် ရှင်းလင်း ပြတ်သားတဲ့ သတင်းပေးချက်တွေကို ခိုင်မာစွာ ဖော်ပြလေ့ရှိတဲ့ ပန့်ခ် အနုပညာဟာ တစ်ခါတရံမှာ လူမှုရေး တရားမျှတမှုကင်းမဲ့ခြင်းနဲ့ စီးပွားရေး မညီမျှမှုတို့လို နိုင်ငံရေး အကြောင်းအရာတွေကိုလည်း တင်ပြလေ့ ရှိပါတယ်။ တုန်လှုပ်ချောက်ခြားသွားအောင် ခြောက်လှန့်ဖို့နဲ့ ကြည့်ရှုသူကို စာနာစိတ်ဖြစ်ပေါ်လာအောင် လှုံ့ဆော်ဖို့ အတွက် နာကျင်ခံစား နေရတဲ့ ပုံရိပ်တွေကို အသုံးပြုခြင်းကိုလည်း တွေ့ရပါတယ်။ အဲဒီလိုပဲ ပန့်ခ်အနုပညာ လက်ရာတွေမှာ တစ်ကိုယ်တော်ဆန်ခြင်း၊ မိုက်မဲမှုနဲ့ စိတ်ပါဝင်စားမှု ကင်းမဲ့ခြင်းတွေကို ဖော်ကျူးတဲ့ ပုံရိပ်တွေ ပါဝင်တတ်ပြီး၊ ကြည့်ရှုသူကို မထီမဲ့မြင်စိတ် ဖြစ်ပေါ်လာအောင်လည်း နှိုးဆွပေးတတ်ပါတယ်။

အစောပိုင်း ပန့်ခ် လက်ရာအများစုဟာ မိတ္တူကူးဆိုင်တွေမှာ ကူးယူဖြန့်ချိတဲ့ ပန့်ခ်ဇင်းတွေမှာပဲ ပါဝင်လေ့ရှိတဲ့ အဖြူအမည်းပုံတွေ ဖြစ်ကြတယ်။ နောက်ပြီး ပန့်ခ်အနုပညာဟာ ပေါ့ပ်ပန်းချီဆရာ အင်ဒီ ဝါးဟိုးရဲ့ Factory စတူဒီယိုက ဆက်ခံတဲ့ အမြောက်အမြား ထုတ်လုပ်မှု ရသဗေဒနည်းနာကိုလည်း အသုံးပြုခဲ့တယ်။ Crass အဖွဲ့က ဦးဆောင်တဲ့ Stencil Art ပြန်လည်ရှင်သန်မှုမှာလည်း ပန့်ခ်တွေဟာ တစ်တပ်တအား ပါဝင်ခဲ့ကြတယ်။ Situationists လို့ ခေါ်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုဝါဒီတွေကလည်း ပန့်ခ်အနုပညာ (အထူးသဖြင့် Sex Pistols အဖွဲ့) အပေါ် ဩဇာလွှမ်းမိုးမှု ရှိခဲ့ပါတယ်။

ပန့်ခ်အနုပညာလက်ရာတွေမှာ Collage ဆိုတဲ့ ဖြတ်ညှပ်ကပ် နည်းနာကိုလည်း မကြာခဏဆိုသလို အသုံးချတတ်ပါသေးတယ်။ အဲဒါကို Crass၊ Jamine Reid နဲ့ Wiston Smith တို့ရဲ့ လက်ရာတွေမှာ အထင်အရှားတွေ့နိုင်ပါတယ်။ John Holmstrom ဟာ ပန့်ခ်ကာတွန်းဆရာ တစ်ယောက်ဖြစ်ပြီး၊ The Ramones နဲ့ Punk Magazine အတွက် ပုံတွေ ရေးဆွဲပေးခဲ့တယ်။ Stuckism အနုပညာလှုပ်ရှားမှုဟာလည်း ပန့်ခ်အနုပညာ အပေါ်အခြေခံပြီး၊ ၂ဝဝ၄ ခုနှစ် လီဗာပူးလ်မြို့က Walker အနုပညာ ပြခန်းမှာ ကျင်းပခဲ့တဲ့ သူတို့အုပ်စုရဲ့ ပထမဦးဆုံးပြပွဲကို The Stuckists Punk Victorian လို့ နာမည်ပေးခဲ့တယ်။ အဲဒီအုပ်စုကို စတင် တည်ထောင်ခဲ့ကြသူတွေထဲက တစ်ယောက်ဖြစ်တဲ့ Charles Thomson က ပန့်ခ်ကို သူ့ရဲ့ အနုပညာလမ်းကြောင်းမှာ အရေးအပါဆုံး ထိုးဖောက်ဖြစ်ထွန်းလာမှု တစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

ကခုန်ခြင်း (Dance)[ပြင်​ဆင်​ရန်​]

ပန့်ခ်ယဉ်ကျေးမှုဟာ များပြားတဲ့ ကခုန်မှုစတိုင်လ်တွေကိုလည်း ဖြစ်ပေါ်တိုးတက်လာစေခဲ့တယ်။ အဲဒီထဲက တချို့စတိုင်လ်တွေဟာ ရုန်းရင်း ဆန်ခတ်နိုင်ပြီး၊ ကြမ်းကြမ်းတမ်းတမ်း ဖြစ်ကြတာမို့ ပန့်ခ်ဖျော်ဖြေပွဲတွေကို အဓိကရုဏ်း အသေးစားတွေလို ဖြစ်လာစေခဲ့ပါတယ်။ ပန့်ခ်ရော့ခ်နဲ့ အဓိက သက်ဆိုင်တဲ့ ကခုန်မှုစတိုင်လ်တွေကတော့ Pogo dancing (တစ်နေရာတည်းမှာ ရပ်ပြီး စည်းလွတ်ဝါးလွတ် ခုန်ပေါက်နေတဲ့ စတိုင်လ်တစ်မျိုးပါ) နဲ့ moshing (hardcore ဂီတသမားတွေရဲ့ Slam dancing နဲ့ ခပ်ဆင်ဆင် တူပါတယ်) တို့ ဖြစ်ကြပါတယ်။ စတိတ်စင်မြင့်ပေါ်က ဒိုင်ဗင်ထိုးချတာနဲ့ လူအုပ်ပေါ်မှာ လှိုင်းစီးတာတွေကို The Stooges တို့လို ရှေ့ပြေး ပန့်ခ်ဝိုင်းတွေက စတင်ခဲ့ပြီး၊ အခုအချိန်ထိ ပန့်ခ်မက်တယ်လ်နဲ့ ရော့ခ်ဖျော်ဖြေပွဲတွေမှာ တွေ့မြင်နေရဆဲ ဖြစ်ပါတယ်။ Ska punk တွေက shanking လို့ ခေါ်တဲ့ အကစတိုင်လ်ကို ခေတ်နဲ့ လျော်ညီအောင် ပြုပြင်ပြီး ပွဲထုတ်ခဲ့ကြတယ်။ Hardcore dancing ကတော့ အဲဒီစတိုင်လ် တွေအားလုံးရဲ့ ဩဇာသက်ရောက်မှုနဲ့ နောက်ထပ် ဖြစ်ပေါ်တိုးတက်လာတဲ့ ကခုန်မှုစတိုင်လ် တစ်မျိုးဖြစ်ပါတယ်။

စာပေအရေးအသား (Literature)[ပြင်​ဆင်​ရန်​]

ပန့်ခ်ဆံပင်ပုံ

ပန့်ခ်ယဉ်ကျေးမှုဟာ ကဗျာနဲ့ စကားပြေအရေးအသား ပုံစံသစ်တွေကိုလည်း ဖြစ်ထွန်းလာစေခဲ့တယ်။ ပန့်ခ် တွေဟာ သူတို့ကိုယ်ပိုင်ဖြစ်တဲ့ မြေအောက် ပုံနှိပ်ထုတ်ဝေရေး လုပ်ငန်းအဖြစ် သတင်းတွေ၊ ကောလဟာလတွေ၊ ယဉ်ကျေးမှုပိုင်းဆိုင်ရာ ဝေဖန်ချက်တွေနဲ့ အင်တာဗျူးတွေပါဝင်တဲ့ ပန့်ခ်ဇင်းတွေကို ထုတ်ဝေတတ်ကြပါတယ်။ အများအားဖြင့် ပန့်ခ်တွေဟာ အလယ်တန်း ကျောင်းသားဘဝရဲ့ အစောပိုင်းနှစ်တွေမှာ ပန့်ခ်ယဉ်ကျေးမှုထဲကို ဝင်ရောက်လာခဲ့ကြတာ ဖြစ်တယ်။ အများစုဟာ အဲဒီနောက် နှစ်အတန်ကြာတဲ့အထိ ပန့်ခ်တွေအဖြစ် ဆက်လက်ရပ်တည်သွားကြပြီး၊ တချို့တလေကတော့ သူတို့ရဲ့ ယုံကြည်သက်ဝင်မှုကို တစ်ဘဝလုံးစာ ရပ်တည်မှုအဖြစ် ခံယူသတ်မှတ်ခဲ့ကြတယ်။ ပန့်ခ်လူဦးရေးရဲ့ ရာခိုင်နှုန်း အများဆုံးဟာ မြီးကောင်ပေါက်အရွယ်တွေ ဖြစ်ကြပေမယ့် စိတ်ဓာတ်ရေးရာအရ ပန့်ခ်ဖြစ်တဲ့ အရွယ်ရောက်ပြီးသူတွေလည်း အများကြီးရှိပါတယ်။

ပန့်ခ်တွေဟာ ကျားမခွဲခြားရေး ဝါဒကို ပွင့်ပွင့်လင်းလင်း ရှုံ့ချပြစ်တင်ကြပေမယ့် ပန့်ခ်ယဉ်ကျေးမှုဟာ Riot Grrrl လှုပ်ရှားမှုကို ဖယ်ကြည့်ရင် ယောကျ်ားသားတွေ ကြီးစိုးတဲ့ ယဉ်ကျေးမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီယဉ်ကျေးမှု အစပြုကတည်းက ပန့်ခ် အမျိုးသမီးတွေဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပေမယ့် ပြောရေးဆိုခွင့် အနည်းငယ်ပဲ ရရှိခဲ့သလို အများစုဟာ ရှေ့တန်းမရောက်ခဲ့ကြဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် တခြားအစားထိုးယဉ်ကျေးမှုတွေနဲ့ နှိုင်းစာရင် ပန့်ခ်တွေဟာ အတွေးအခေါ် အယူအဆပိုင်းအရ ကျားမရေးရာအပိုင်းမှာ ပိုပြီးသာတူညီမျှမှုရှိတယ်လို့ ဆိုနိုင်ပါတယ်။ ပန့်ခ်ယဉ်ကျေးမှုဟာ မူဝါဒ အတိုင်းဆိုရင် လူမျိုးရေးဝါဒ ဆန့်ကျင်တဲ့ အမြင်ရှိတယ်လို့ ဆိုပေမယ့် လူဖြူတွေသာ အများဆုံးကြီးစိုးထားတဲ့ ဒါမှမဟုတ် လူဖြူတွေ အများဆုံး နေထိုင်တဲ့ နိုင်ငံတွေမှာ ထွန်းကားတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်နေပါတယ်။ ဒါပေမယ့် လူမည်းတွေ၊ လက်တင်အမေရိကန်တွေ၊ အာရှတိုက်သားတွေဟာလည်း ပန့်ခ်ယဉ်ကျေးမှုကို တိုးတက်ဖြစ်ထွန်းလာဖို့ အရေးပါတဲ့ အကြောင်းရင်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ဆေးလိပ်၊ အရက်နဲ့ မူးယစ် ဆေးဝါးရှောင်ကြဉ်တဲ့ Straight Edge လှုပ်ရှားမှုကလွဲရင် မူးယစ်ဆေးဝါးနဲ့ တခြားစိတ်ကို ပြောင်းလဲစေတတ်တဲ့ အရာဝတ္ထုတွေ အလွဲသုံးခြင်းဟာ ပန့်ခ် ယဉ်ကျေးမှုရဲ့ တစ်စိတ်တစ်ပိုင်းလို ဖြစ်နေတယ်။ အကြမ်းဖက်မှုတွေဟာလည်း တချို့အုပ်စုကွဲတွေ အထူးသဖြင့် Anarcho punk လို့ခေါ်တဲ့ မင်းမဲ့ဝါဒီပန့်ခ်တွေရဲ့ စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ပါဝင်သူတွေက ဆန့်ကျင်နေကြပေမယ့် ပန့်ခ်ယဉ်ကျေးမှုထဲမှာ ဆက်လက်တည်ရှိနေကြဆဲဖြစ်ပါတယ်။

အသိုက်အဝန်း (Community)[ပြင်​ဆင်​ရန်​]

ပန့်ခ်တွေဟာ ဒေသတွင်း အစုအဖွဲ့တွေအဖြစ်နဲ့ အနည်းဆုံး လူဦး ရေ ဒါဇင်ဝက်ကနေ ထောင်ချီတဲ့ အရေအတွက်ထိ ရှိကြပါတယ်။ ပုံစံကျ ပန့်ခ်မြင်ကွင်းတစ်ခုမှာ ဂီတအဖွဲ့တွေ၊ ပရိသတ်တွေ၊ ဂီတပွဲခန်းမတွေ၊ မှီခိုမှု ကင်းရှင်းတဲ့ Indie ဓာတ်ပြား လေဘယ်လ်တွေ၊ ပန့်ခ်ဇင်း ထုတ်ဝေသူတွေ၊ စက္ခုအာရုံပိုင်းဆိုင်ရာ အနုပညာရှင်တွေနဲ့ အဝတ်အစား ဖန်တီးပြုလုပ်သူတွေ (ဖက်ရှင်ဒီဇိုင်းနာ) ပါဝင်ကြတယ်။ ဒေသတွင်း ပန့်ခ် မြင်ကွင်းတစ်ခုဟာ ယေဘုယျအားဖြင့် အခိုင်အမာယုံကြည်သူ ပန့်ခ်အုပ်စုငယ် တစ်ခုကို ပိုပြီး လေးနက်မှုနည်းပါးတဲ့ အစွန်အဖျား ပတ်သက်သူတွေက ဝန်းရံထားကြတာဖြစ်တယ်။ ကျူးကျော် ဝင်ရောက်နေထိုင်ခြင်းဟာ တချို့ ပန့်ခ် အသိုက်အမြုံတွေအတွက် ခိုလှုံစရာနဲ့ တခြားလိုအပ်တဲ့ ထောက်ပံ့မှုတွေရရှိဖို့ အခန်းကဏ္ဍတစ်ခုအဖြစ် အရေးပါခဲ့တယ်။ ပန့်ခ်ကျူးကျော်ရပ်ကွက်တွေနဲ့ အခြား ပန့်ခ်ဂေဟာတွေဟာ နယ်လှည့် ဖျော်ဖြေရေး ထွက်လာတဲ့ ဂီတအဖွဲ့တွေ တထောက်နားဖို့ နေရာတွေ ဖြစ်လာခဲ့တယ်။ ပန့်ခ်တွေ အုပ်စုလိုက် အတူနေထိုင်ကြတဲ့ Dial House လို့ ပန့်ခ်စုပေါင်းစခန်းတွေလည်း ရှိတယ်။ အင်တာနက် ဆက်သွယ်မှုစနစ်ဟာ ပန့်ခ် ယဉ်ကျေးမှုမှာ ကြီးမားတဲ့ အခန်းကဏ္ဍက ပါဝင်လာခဲ့ပြီး၊ On-Line လူ့အဖွဲ့အစည်းတွေနဲ့ မှတ်တမ်းဖိုင်တွေ မျှဝေသုံးစွဲမှု ပရိုဂရမ်တွေကို ပေါ်ထွန်းလာခဲ့စေပါတယ်။

ပန့်ခ်ယဉ်ကျေးမှုဟာ တစ်ခုနဲ့ တစ်ခု မတူခြားနားတဲ့ ပြုမူလုပ်ဆောင်ချက်တွေ၊ ဂီတအမျိုးအစားတွေနဲ့ ဝတ်ပုံစားပုံ စတိုင်လ်တွေကတဆင့် ခွဲခြားထားကြတဲ့ အုပ်စုကွဲ အမျိုးစုံ ပေါင်းစပ်ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဲဒီထဲက တချို့အုပ်စုကွဲတွေဟာ တစ်ခုနဲ့တစ်ခု အတိုက်အခံသဘောဆောင်ပြီး၊ တချို့အုပ်စုတွေဟာ ပန့်ခ်ယဉ်ကျေးမှုရဲ့ အစိတ်အပိုင်းတစ်ခု ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာကိုလည်း ကြီးမားတဲ့ သဘောထားကွဲလွဲမှုတွေ ရှိနေခဲ့ပါတယ်။ ယေဘုယျအားဖြင့် ပန့်ခ်တစ်ဦး တစ်ယောက်ကို အခုဖော်ပြထားတဲ့ အုပ်စုခွဲတွေထဲက တစ်ခုခု ဒါမှမဟုတ် ဘာတစ်ခုနဲ့မှ တိတိကျကျမဟုတ်ဘဲ အမှတ်သညာပြုနိုင်ပါတယ်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. အလင်္ကာမဂ္ဂဇင်း