ပင်မ အစီအစဉ် အတွင်းရှိကြယ်
ပင်မအစီအစဉ်ဆိုသည်မှာ ဟတ်ဇပရန်း-ရပ်ဆဲလ်ပုံ (Hertzsprung-Russell diagram) ပေါ်တွင် တဆက်တည်း ဖြစ်နေပြီး ပေါ်လွင်ထင်ရှားသော လမ်းကြောင်းပေါ်တွင် ရှိနေသော ကြယ်များကို ခေါ်သည်။ ထိုပုံမှာ ကြယ်တို့၏ အရောင်နှင့် တောက်ပမှု ကို နှိုင်းယှဉ်ရေးဆွဲထားသော ပုံဖြစ်သည်။ ထိုပုံကို တီထွင်သောသူ အေနာ ဟတ်ဇပရန်း နှင့် ဟင်နရီ နောရစ် ရပ်ဆဲလ် တို့၏ နာမည်ကို အစွဲပြု၍ ဟတ်ဇပရင်း-ရပ်ဆဲလ်ပုံ ဟု ခေါ်ဆိုရခြင်း ဖြစ်သည်။ ထိုလမ်းကြောင်း ပေါ်တွင် ရှိနေသော ကြယ်များကို ပင်မ အစီအစဉ် အတွင်းရှိကြယ်များဟု ခေါ်ကြသည်။
ကြယ်တို့ ဖြစ်ပေါ်ပြီးချိန်တွင် ၄င်းတို့၏ ပူလောင်သိပ်သည်းသည့် ဗဟိုထု အတွင်းမှ ဟိုက်ဒရိုဂျင် အက်တမ်များကို ဟီလီယမ် အဖြစ်သို့ နျူးကလီးယား ပေါင်းစပ်ခြင်း နည်းအားဖြင့် ပြောင်းလဲခြင်းဖြင့် စွမ်းအင်များကို လွှတ်ထုတ်ကြသည်။ ကြယ်တို့သည် ထိုသို့သော အခြေအနေတွင် ပင်မ အစီအစဉ် အတွင်းတွင် ရှိနေကြပြီး ပုံပေါ်ရှိ ၄င်းတို့၏ နေရာကို ဒြပ်ထုက အဆုံးအဖြတ်ပေးသည်။ ဓာတုဗေဒ ဓာတ်ပေါင်းစပ်မှု အချိုးအစားနှင့် အခြားအချက်များကလည်း နေရာကို ဆုံးဖြတ်ရာတွင် ပါဝင်သည်။