နှဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နှဲ[ပြင်​ဆင်​ရန်​]

နှဲ သည် ပုလွေ ကို အရင်းခံ၍ တိုးတက်တီထွင် ထားသော အပြင်အခင် ပါ တူရိယာ ဖြစ်သည်။

ပုဂံမြို့ ရေွှစည်းခုံ စေတီရင်ပြင် ​မြောက်ဘက် ကြေးဂူတိုက် သစ်သားတံခါးရွက်တွင် နှဲမှုတ်နေဟန် ပန်းပုရုပ်တစ်ရုပ် တွေ့ရပြီး ယင်းအရုပ်မှာ လွန်စွာရှေးကျလှသည်။ ထို့ကြောင့် နှဲကို ပုဂံခေတ်အခါတွင်လည်း သုံးကြောင်းသိရသည်။ အင်းဝခေတ်တွင် မွန်နှဲ၊ မြန်မာနှဲ ဟူ၍ နှစ်မျိုးတီးမှုတ်သည် ဟု ဆိုသည်။

ဆိုင်းဝိုင်း အတွက် နှဲအကြီးအငယ် နှစ်မျိုးထားရသည်။ ထို နှစ်မျိုးတွင် နှဲကြီးသည် မူလသံတွင်ရာ တွင် ပဓာန ဖြစ်သည်။

ဖွဲ့စည်းပုံ[ပြင်​ဆင်​ရန်​]

နှဲတွင် အောက်ပါ အင်္ဂါအစိတ်အပိုင်း များ ပါဝင်သည်။

  1. နှဲခင်၊
  2. သပွတ်တံ (သို့) တံပွတ်တံ (သို့) နှဲကျည်ပွတ်၊
  3. နှဲတံ (သို့) နှဲလုံး (သို့) နှဲရိုး၊
  4. နှဲခြေ (သို့) နှဲအော်လံ၊
  5. ပါးကွယ်

နှဲခင်[ပြင်​ဆင်​ရန်​]

နှဲအခင် သို့ လျှာခင် သို့ နှဲခင် ကို တံပွတ်တံ အဖျားတွင် စွပ်ထားရသည်။ နှဲခင်ကို ထန်းရွက် အထက်အောက် သုံးခုစီလှီး၍ ပြုလုပ်သည်။ ထန်းရွက်မှာ ထန်းဖိုရွက်၊ ထန်းမရွက် ဟူ၍ နှစ်မျိုးရှိပြီး ထန်းဖိုရွက်မှာ အကြောပြောင်ပြီး နှဲခင် ပြုလုပ်ရန် ပို၍ ကောင်းမွန်သည်။ နှဲခင် ပုံစံ အမျိုးမျိုးရှိသည်။ အချို့မှာ ကြေးစည်ပုံ၊ ဘောင်စောင့်၊ ဇလားပုံ၊ ငှက်တော် အမြီးပုံ၊ မြင်းခွာပုံ၊ ထိပ်တိတိ စသည်တို့ ဖြစ်သည်။

နှဲသပွတ်တံ[ပြင်​ဆင်​ရန်​]

နှဲသပွတ်တံသည် အထက်ကျဉ်း၊ အောက်ကျယ် အခေါင်းပါသည့် ကိရိယာဖြစ်သည်။ နှဲသပွတ်တံ ကို အလေးချိန် တစ်ပဲသားခန့်ရှိ ရွှေ၊ ငွေ၊ သံမဏိ၊ ကြေးနီ၊ ကြေးဝါ စသည် သတ္တု တစ်မျိုးမျိုးဖြင့် ပြုလုပ်လေ့ရှိသည်။ နှဲကလေးတွင် သပွတ်တံ အလျားသည် တစ်လက်မခွဲခန့် ရှိပြီး နှဲကြီးတွင် သပွတ်တံ အလျား နှစ်လက်မခွဲခန့် ရှိသည်။

နှဲတံ[ပြင်​ဆင်​ရန်​]

နှဲတံ ကို အများအားဖြင့် မာကျောပြီး အသွေးအရောင်ကောင်းသော ရှားသား၊ ပိတောက်သား၊ သစ်ကနက်သား၊ ယင်းတိုက်သား၊ ပျဉ်းကတိုးသား၊ ကျွန်းသား စသည်တို့ဖြင့် ပြုလုပ်လေ့ရှိသည်။ ယင်းတိုက်သားမှာ အသံသွင်းရာတွင် အသံကောင်းသဖြင့် အသုံးများသည်။ နှဲတံအလျားမှာမူ ဒေသတစ်ခုနှင့် တစ်ခု မတူညီကြပေ။ နှဲကြီး နှဲတံအလျားသည် နှဲကလေး နှဲတံ အလျားထက်ပို၍ ရှည်လေ့ရှိသည်။ နှဲတံ ပုံသဏ္ဌာန်မှာ အရင်းတွင်သေး၍ အ​ဖျားကြီးသွားလေ့ ရှိသည်။ နှဲတံပေါ်တွင် အပေါက် ၈ ပေါက် ပါပြီး အပေါ်အပေါက် ၇ ပေါက်ကို ဗျည်းပေါက်၊ အောက်ဘက်ရှိ လက်မပေါက် ၁ ပေါက်ကို သရပေါက် ဟု ခေါ်သည်။ သရပေါက် သည်လည်း ဗျည်းပေါက်နှင့် အရွယ်အစား အတူတူ ပင် ဖြစ်သည်။မြန်မာစာရေးထုံးတွင်လည်း ဗျည်းနှင့်သရ ပေါင်းမှ အသံဖြစ်သကဲ့သို့ နှဲတွင်လည်း ဗျည်းပေါက်ခေါ် လက်နှိပ်ပေါက်နှင့် သရပေါက်ခေါ် လက်မပေါက်တို့ နှစ်မျိုးတွဲမှ အသံဖြစ်ပေါ်ပေသည်။ သရပေါက်သည် နှဲကြူရာတွင်လည်းကောင်း၊ အထေ့အငေါ့တွင် လည်းကောင်း၊ အဆွဲအငင်တွင် လည်းကောင်း အထူးအသုံးကျပေသည်။ လက်နှိပ်ပေါက်များကို တစ်ညီတည်းထား၍ ဖောက်လျှင် နှဲကြီးရော နှဲကလေးပါ တစ်လက်မ ၏ လေးပုံတစ်ပုံ အချင်းအားဖြင့် ဖောက်လေ့ရှိသည်။

နှဲခြေ[ပြင်​ဆင်​ရန်​]

နှဲခြေမှာ ကတော့ ပုံသဏ္ဌာန် နှင့်လည်း တူသည်။ အော်လံ ပုံသဏ္ဌာန် နှင့်လည်း တူသည်။ နှဲခြေဟု ခေါ်ကြခြင်းမှာလည်း နှဲကို ထောင်ထားလိုက်သည့် အခါ ထိုအော်လံ ပုံသဏ္ဌာန် ရှိသော အရာက အောက်ဆုံးဘက် ၌ ရှိနေပြီး ခြေထောက်ကဲ့သို့ ထောက်ထားပေးနိုင်သောကြောင့် ဖြစ်သည်။ နှဲခြေ၏ အလယ်လောက်တွင် အလှအပအဖြစ် ဖောင်းရစ်တစ်ရစ်ပါသည်။ အပေါ်မျက်နှာဝတွင် နှဲရိုးနှင့် ဆက်၍ ကြိုးဆိုင်းထားနိုင်ရန် ဖောင်းရစ်တစ်ရစ် ပါသည်။

နှဲခြေကို ရှေးက ဝါးနှီးရက်၍ မှန်စီရွှေချကာ ပြုလုပ်လေ့ရှိခဲ့သည်။ ယခုအခါ သံ၊ ကြေးနီ၊ ကြေးဝါ စသည့် သတ္တုများ ကို နီကယ်ရည်စိမ်၍ အသုံးပြုကြသည်။

နှဲခြေကို နှဲတံအ​ဖျားတွင် တပ်သည်။ နှဲခြေ အပေါ်မျက်နှာအဝရှိ ဖောင်းရစ်တွင် ကြိုးပတ်၍ ထိုကြိုးဖြင့် နှဲရိုးကို တွဲဆိုင်းတပ်ဆင်လိုက်ခြင်းဖြင့် နှဲရိုးနှင့် နှဲခြေ ဆက်ပြီးသား ဖြစ်သည်။ နှဲခြေတပ်မှုတ်လျှင် ထွက်လာသည့် နှဲသံကို ထိန်းပြီးသား ဖြစ်သည့်အပြင် သံရှိန်ပို၍ အားကောင်းကာ ညက်ညောသွား​စေသည်။ ထို့အပြင် အသံပို၍ အဝေးသို့ ပိုမိုရောက်ရှိစေနိုင်သည်။

ပါးကွယ်[ပြင်​ဆင်​ရန်​]

ပါးကွယ်ကို ကြေး၊ ငွေ အစရှိသည့် သတ္တုပြားများဖြင့် အဝိုင်းပုံသဏ္ဌာန် ပြုလုပ်ထားသည်။ အချင်းအားဖြင့် လေးလက်မခန့် ရှိလေသည်။ ထို သတ္တုပြား အဝိုင်း၏ အလယ်ကောင် တည့်တည့်တွင် အပေါက်ဖောက်ထားရသည်။ နှဲတံ အပေါ်ဘက်၌ ဖောင်းရစ် နှစ်ခု ရှိရာတွင် အပေါ်ဆုံး ဖောင်းရစ်ကို အရစ်ထပ်မံ ပြုလုပ်ပြီး ပါးကွယ်ကို နှဲတံတွင် အံဝင်ခွင်ကျ စွပ်ထည့်ထားရပေသည်။ ထို့ကြောင့် နှဲမှုတ်သည့်အခါ ပါးဖောင်ခြင်း၊ လည်ပင်းအကြောထောင်ခြင်း စသည်များကို ပရိတ်သတ် က မမြင်ရတော့ပေ။ ပါးကို အကာအကွယ် ပြုပေးထားသည့် ပစ္စည်းဖြစ်သဖြင့် ပါးကွယ်ဟု ခေါ်ခြင်းလည်း ဖြစ်သည်။ [၁]

အထွေထွေ[ပြင်​ဆင်​ရန်​]

နှဲဆရာသည် ကြေးဝိုင်းအနီး၌ ထိုင်ရသည်။ နောက်ထိုင်များ ဆိုင်းဝိုင်း၌ အဓိက ဖြစ်သော အထက်ဖော်ပြရာပါ တူရိယာသမားတို့အပြင် နောက်ထိုင်တို့လည်း ရှိကြသည်။ နောက်ထိုင်တို့သည် အဓိကတို့အားအထောက်အပံ့ပြုရသည်။ ပတ်မထိန်းအပါး၌ ထိုင်ရသူမှာ လက်ထောက်ပတ်မထိန်း ဖြစ်သည်။ လက်ထောက်ပတ်မထိန်းကား လင်းကွင်းကြီး၊ ရှပ်၊ လင်းကွင်းလတ်နှင့်စည်တို့ကို ကိုင်ရသည်။

စည်းတီးသည် မင်းပေါက်နောက်၌ထိုင်ရ၍၊ ခတ်စည်းနှင့် သံလွင်ကို ကိုင်ရသည်။ ဝါးတီးမှာမူ သီချင်းဆိုသမားနှင့် အတူ စည်းဆရာ၏အပါး၌ထိုင်၍၊ဝါးလက်ခုပ်ကိုတီးရသည်။ အချို့ဆိုင်းဝိုင်း၌ ဝါးလက်ခုပ်အစားအလယ်ကအရှည်လိုက် ဖောက်ထားသော ဝါးပိုးဝါးကို လက်ခတ်ဖြင့် တီးကြသည်။ မောင်းသမားသည် မင်းပေါက်ဝလကျာ်ဖက်၌ ကြေးဝိုင်းနှင့် ကပ်၍ ထိုင်ရသည်။ ၁၂၆၆ ခုနှစ် လောက်၌မောင်းဆိုင်း ဟူ၍ တီထွင်ကာ ဆိုင်းဝိုင်း၌ ထည့်သွင်းလာကြသည်။ ထိုအချိန်ကာလနှင့် မရှေး မနှောင်းတွင် ဘင်၊ ခရာ၊ ပလုတ်တုတ်တို့ကို ဆိုင်းဝိုင်း၌ထည့်သွင်း အသုံးပြုလာကြသည်။ ယခုခေတ်၌ကား အနောက်နိုင်ငံသုံး တူရိယာအမျိုးမျိုးတို့ကို ဆိုင်းဝိုင်းတွင် ထည့်သွင်းအသုံးပြုလျက်ရှိကြသည်။[၂]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ကော့မှူး, နှဲ ဦးမြကြီး (ရန်ကုန်၊ ၁၉၉၅). မြန်မာ့နှဲ, ပြည်သူ့လက်စွဲစာစဉ်. စာပေဗိမာန်. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)