နှုတ်သီးစိမ်းဝါဖတ်လေးကြီး

ဝီကီပီးဒီးယား မှ
Green-billed malkoha
in Nepal
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Chordata
မျိုးပေါင်း: Aves
မျိုးစဉ်: Cuculiformes
မျိုးရင်း: Cuculidae
မျိုးစု: Phaenicophaeus
မျိုးစိတ်:
P. tristis
ဒွိနာမ
Phaenicophaeus tristis
(Lesson, 1830)
Synonyms
  • Rhopodytes tristis

နှုတ်သီးစိမ်းဝါဖတ်လေးကြီးငှက် (ဝါဖလေးငှက်) (Phaenicophaeus tristis) သည် ဥဩငှက်မျိုး၌ ပါဝင်၍ မျိုးရင်းသည် ကျူကျူလီဒီး (Cuculidae) ဖြစ်သည်။ ဇီဝဗေဒ အမည်အားဖြင့် ဖီနီကော့ဖီးယပ် ထရစ်တစ်လောင်ဂျီကော်ဒေးတပ် (Phaenicophaeus tristis) ဟုခေါ်သည်။ ကိုယ်အလျားသည် ၂၄ လက်မရှိရာ ရှည်လျားသော အမြီးကပင် ၁၆ လက်မရှိသည်။ နှုတ်သီးအရောင်သည် စိမ်း၍ မျက်စိပတ်လည်တွင် အနီကွက်ရှိသည်။ အမွှေးထူထဲ သိပ်သည်းသည်။ ကိုယ်ထည်၏အရောင်သည် ဦးခေါင်းပိုင်း၌ ခရမ်းနုသွေးဖြစ်၍ အမြီးပိုင်း၌ အစိမ်းရင့်ရောင်နှင့် ခရမ်းရင့်ရောင်တို့ ရောနှောနေသည်။ သို့သော် အဝေးမှ မြင်ရသည့်အခါ အမြီးရှိ အဖြူကွက်များမှလွဲလျှင် တစ်ကိုယ်လုံး မည်းနေသည်ဟု ထင်ရလေသည်။

တောထဲ၌ နေထိုင်ကျက်စားသော ငှက်မျိုးဖြစ်၍ ဝါဖလေးကို အလွန်အတွေ့ရနည်းသည်။ ယင်းတို့သည် တစ်ခါတစ်ရံမှသာ မြို့စွန်ရွာဖျား၊ တောအုံ ချုံကြားသို့ လာတတ်သည်။ အပျံသင်သော ငှက်မျိုးလည်း မဟုတ်ချေ။ ချုံဖုတ်များကြား၌ ခုန်ဆွခုန်ဆွ သွားလာတတ်သည်။ အနွယ်ပင်များ ရစ်ပတ်နေသော သစ်ပင်ကြီးများ၏ အရွက်များအကြားနှင့် အကိုင်းအခက်များအကြား၌ ယင်း၏ ရှည်လျားသောအမြီးကို ကျင်လျင်စွာ ထိန်းသိမ်းလျက် လှည့်ပတ်သွားလာနေတတ်သည်။ ဝါဖလေးငှက်တို့သည် အဖို အမ ရာသက်ပန် တွဲလျက်နေထိုင်တတ်သည်။ ကွတ် ကွတ် ဟု အစချီပြီးလျှင် အဆုံးသတ်တွင် ကူးကူးကူး ဟု ခတ်တိုးတိုး အော်လေ့ရှိသည်။ နံနက်ခင်းချိန်ခါတွင် အဖို အမ လေချွန်သံမျိုးဖြင့် အော်သည်ကိုလည်း ကြားဖူးသူတို့ရှိသည်။ ဝါဖလေးသည် ပိုးမွှားနှင့် သစ်သီး၊ သစ်စေ့တို့ကို စားသောက်လေသည်။

ထိုငှက်တို့သည် မြေပြင်မှ ၁ဝ ပေခန့်မြင့်သော ဝါးရုံများတွင် လည်းကောင်း၊ ချုံဖုတ်ခပ်မြင့်မြင့်များတွင်လည်းကောင်း အသိုက်များ ပြုလုပ်တတ်သည်။ ယင်းတို့၏ အသိုက်သည် ချိုးသိုက်နှင့် ဆင်ဆင်တူ သော်လည်း သစ်ရွက်စိမ်းများဖြင့်လည်း ခင်းထားတတ်သည်။ မတ်လဆန်းမှ စက်တင်ဘာလအတွင်း ဥအုတတ်သည်။ တစ်မြုံလျှင် နှစ်ဥမှ သုံးဥအထိရှိ၍ ချိုးဥကဲ့သို့ အရောင်ဖြူသည်။

ဝါဖလေးငှက်မျိုးကို မလ္လာယုကျွန်းဆွယ်၊ ဟိမဝန္တာတောင်တန်းဒေသနှင့် ယူနန်ပြည်နယ်တို့၌ တွေ့ရသည်။ မြန်မာနိုင်ငံတွင် နေရာဒေသ အနှံ့အပြားရှိ တောစပ်ချုံဖုတ်များ၌ နေထိုင်ကြ၍ ယင်းတို့သည် ပေ ၅ဝဝဝ အထိမြင့်သော ကုန်းမြင့်ဒေသတို့၌လည်း နေထိုင်ကျက်စားနိုင်ကြလေသည်။[၂]

Fraser's Hill, Malaysia, Sept 1997


ကိုးကား[ပြင်ဆင်ရန်]

  1. BirdLife International (2012). "Phaenicophaeus tristis". IUCN Red List of Threatened Species 2012. IUCN. 
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)