နေဝင်းမောင် (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
(နေဝင်းမောင် မှ ပြန်ညွှန်းထားသည်)
ဒေါက်တာ နေဝင်းမောင်
အမည်ရင်းနေဝင်းမောင်
မွေးဖွား၁၉၆၂-ခု
ပြင်ဦးလွင်
ကွယ်လွန်၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်
ရန်ကုန်
ကလောင်အမည်ဒေါက်တာကိုကို၊ ဒေါက်တာရေချမ်းမောင်၊ ထွန်းအောင်၊ အေးချမ်းမောင်၊ အောင်ထွဋ်
အလုပ်အကိုင်အယ်ဒီတာ၊ ထုတ်ဝေသူ၊ စာရေးဆရာ၊ ဂျာနယ်လစ်
လူမျိုးရှမ်း မြန်မာ ကပြား
နိုင်ငံသား မြန်မာ
ပညာရေးအမ်ဘီဘီအက်စ် ဘွဲ့
အိမ်ထောင်ဖက်ဒေါ်ဝင်းကလျာဆွေ
သားသမီးသားသမီး လေးဦး
မိဘဦးသန်းမောင် + ဒေါ်ယဉ်ယဉ်
ကိုးကွယ်မှုဗုဒ္ဓဘာသာ

ဒေါက်တာ နေဝင်းမောင်သည် အယ်ဒီတာ ၊ ထုတ်ဝေသူ ၊ စာရေးဆရာ ၊ ဂျာနယ်လစ် တစ်ဦးဖြစ်သည်။ ၁၉၉၅ မှစ၍ ယနေ့အထိ ထုတ်ဝေလျက်ရှိသော Living Color ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်းThe Voice Weekly ဂျာနယ်ခေတ်မြန်မာဂျာနယ် (ယခု ရပ်ဆိုင်း)၊ Myanmar Voice ဂျာနယ် (ယခု ရပ်ဆိုင်း)၊ Foreign Affair ဂျာနယ် (ယခု ရပ်ဆိုင်း) တို့၏ ပူးတွဲထုတ်ဝေသူ ၊ ပူးတွဲ တည်ထောင်သူ၊ မူဝါဒရေးရာ လမ်းညွှန်သူတစ်ဦးဖြစ်သည်။

ကိုယ်ရေးကိုယ်တာ[ပြင်ဆင်ရန်]

အမည်ရင်း နေဝင်းမောင် ဖြစ်ပြီး အဖ ဦးသန်းမောင် (အငြိမ်းစား ပါမောက္ခ ဒုဗိုလ်မှူးကြီး၊ ညွှန်ကြားရေးမှူးချုပ်) နှင့် အမိ ဒေါ်ယဉ်ယဉ်(အငြိမ်းစား လက်ထောက်ကထိက)တို့မှ ၁၉၆၂ ခုနှစ်တွင် စစ်တက္ကသိုလ် (ပြင်ဦးလွင်)၌ မွေးဖွားခဲ့သည်။ ရှမ်း မြန်မာ ကပြားဖြစ်ပြီး ဗုဒ္ဓဘာသာကို ကိုးကွယ်သည်။

ပညာရေး[ပြင်ဆင်ရန်]

၁၉၇၈ တွင် အခြေခံပညာအထက်တန်းအောင်မြင်ပြီး ၁၉၈၇ တွင် ရန်ကုန်ဆေးတက္ကသိုလ် (၁)မှ အမ်ဘီဘီအက်စ် ဘွဲ့ကို ရရှိခဲ့သည်။ ယေးလ်တက္ကသိုလ်တွင်လည်း World Leaders Program ကို တက်ရောက်ခဲ့သည်။

စာပေလှုပ်ရှားမှု[ပြင်ဆင်ရန်]

နေဝင်းမောင် အမည်ဖြင့် သင့်ဘဝ၊ ရနံ့သစ်၊ သရဖူ(ဟောင်း) မဂ္ဂဇင်းများတွင် အတွေးအခေါ်ဆောင်းပါးအချို့ရေးသားခဲ့ပြီး သူ၏ ကလောင်ခွဲများမှာ ဒေါက်တာကိုကို၊ ဒေါက်တာရေချမ်းမောင်၊ ထွန်းအောင်၊ အေးချမ်းမောင်၊ အောင်ထွဋ် စသည်တို့ဖြစ်ပြီး ကြော်ငြာလမ်းညွှန်မဂ္ဂဇင်းတွင် တြိဂံအမှတ်အသားဖြင့်လည်းကောင်း၊ အမည်မဖော်ပြ၍ လည်းကောင်း သတင်း၊ ဆောင်းပါးနှင့် ခေါင်းကြီးများ ရေးသားခဲ့သည်။

အခြား[ပြင်ဆင်ရန်]

၂၀ဝ၈ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လက်ရှိအာဏာရ အစိုးရစီစဉ်သော ဆန္ဒခံယူပွဲနှင့် ပတ်သတ်၍ အင်တာနက်စာမျက်နှာများပေါ်ရောက်ရှိလာသော သူ၏ အယူအဆ အတွေးအမြင်များကြောင့် ပြည်ပ အတိုက်အခံအင်အားစုများနှင့် နိုင်ငံရေးအကဲခတ်သူများမှ ဝေဖန်တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း တွေ့ရှိရသည်။ ပညာသင်ဆု ပေါင်းကူးသင်တန်းကျောင်းဖြစ်သော မြန်မာအီးဂရက်စ် (Myanmar Egress) ၏ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း ဆောင်ရွက်သည်။


ယခင်နအဖ စစ်အစိုးရ ဦးဆောင် ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲဖြစ်မြောက်ရေး အတွက် လှုံ့ဆော်သူတဦးဟု ပြည်တွင်းပြည်ပ နိုင်ငံရေးအသိုင်းအဝန်းအကြား ဝေဖန်ပြောဆို ခံထားရသူတဦးဖြစ်သည်။ ၎င်းနှင့် နီးစပ်သူ တချို့အား ရွေးကောက်ပွဲ ဝင်နိုင်ရန် ငွေကြေးထောက်ပံ့မှု၊ နိုင်ငံရေးအရ အကြံပေးမှုများလုပ်ဆောင်ခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ရွေးကောက်ပွဲသည် မြန်မာနိုင်ငံသားများအတွက် ထွက်ပေါက်တခုဟု ဦးနေဝင်းမောင်က ရေးသားလှုံဆော်ခဲ့ကာ ပြည်သူများအား မဲပေးကြရန် လှုံ့ဆော်နိုင်ရေးအတွက် မြန်မာ အီးဂရက်စ်(Myanmar Egress) အဖွဲ့မှ ၎င်း၏ သင်တန်းသားများကို ထောက်ခံမဲပေးရမည့် ပုံစံရေးသားထားသော အင်္ကျီများ ဝတ်ဆင်စေ၍ ရန်ကုန်မြို့၌ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်ခဲ့သည်။

Living Color မဂ္ဂဇင်းနှင့် The Voice Weekly ဂျာနယ်တို့၏ထုတ်ဝေသူဖြစ်ပြီး အစိုးရအကြိုက် အယ်ဒီတာ့အာဘော်နှင့် ဆောင်းပါးများ ဆက်တိုက်ရေးသားခဲ့သည်။ နိုင်ငံရေးစိတ်ဝင်စားသည့် စာဖတ်ပရိသတ်များ၏ ဝေဖန်မှု အခံရဆုံး သူလည်းဖြစ်သည်။ သတင်းဂျာနယ် အယ်ဒီတာချုပ် တဦးဖြစ်သော်လည်း ပြည်ပ မီဒီယာများ အပေါ် အမြင်ကြည်သူ တဦးမဟုတ်ပေ။

နိုင်ငံရေးအကြောင်းအရာများကိုသာ ဦးစားပေးသင်ကြားပေးလေ့ရှိသည့် အီးဂရက်စ် အဖွဲ့အား တည်ထောင်သူ ၇ ဦးတွင် ဦးနေဝင်းမောင်လည်း တဦးပါဝင်သည်။ ၎င်းသည် ထိုအဖွဲ့၏ အထွေထွေအတွင်းရေးမှူးနှင့် Programme Dicector တဦးဖြစ်ပြီး နိုင်ငံရေး အကြောင်းအရာနှင့် စီးပွားရေးအကြောင်းအရာ များကိုအဓိက သင်ကြားနေသူလည်း ဖြစ်သည်။

မြန်မာ အီးဂရက်စ် အဖွဲ့သည် အစိုးရအဖွဲ့၏ အရာရှိတချို့နှင့် နိုင်ငံရေးပါတီများမှ ပါတီဝင်များ၊ ခေါင်းဆောင်များကို နိုင်ငံရေး၊ စီးပွားရေးနှင့်ပတ်သက်သော သင်တန်းများပေးလေ့ ရှိကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ဆောင်ရာတွင် အီးဂရက်စ် အဖွဲ့မှ ဦးနေဝင်းမောင်၊ ဦးတင်မောင်သန်း၊ ဦးကျော်ရင်လှိုင် တို့ပါဝင်ခဲ့ကြပြီး ရှမ်းတိုင်းရင်းသား ဦးဟန်ညောင်ဝေ၊ အစိုးရ ရထားဝန်ကြီး ဦးအောင်မင်းတို့ ပါဝင်ခဲ့ကြသည်။

ဦးနေဝင်းမောင်သည် စစ်တပ်အရာရှိဟောင်းတဦး၏ သားဖြစ်ပြီး စစ်တပ်အသိုင်းအဝန်းနှင့်နီးစပ်သူဟု လူသိများသည်။ ၎င်း သည် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအား ထောက်ခံသူတဦးလည်း ဖြစ်သည်။

ဦးသန်းရွှေအား ထောက်ခံခဲ့သော်လည်း နေအိမ်အကျယ်ချုပ်ကျနေသော ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဆောင်ချက်များကို ဝေဖန်မှု လုပ်ခဲ့သည်။ ၎င်း၏ သင်တန်းသားများကို ထိုင်းနိုင်ငံအခြေစိုက် ဗဟုအဖွဲ့သို့ ပို့ဆောင်၍ နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကို သင်ယူစေခဲ့သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ ဘန်ကောက်မြို့များသို့ မကြာခဏလာရောက်၍ နိုင်ငံရေးအယူအဆများကို ဟောပြောလေ့ ရှိသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဒေါက်တာ နေဝင်းမောင် (အောင်ထွဋ်) အသက် (၅၀) နှစ်သည် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက် ၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်ဝင်းကလျာဆွေ နဲ့ သမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

ရည်ညွှန်းကိုးကား[ပြင်ဆင်ရန်]