နေထွတ်

ဝီကီပီးဒီးယား မှ
ဒေါ်အမာနှင့် နေထွတ်

နေထွတ်[ပြင်ဆင်ရန်]

  • နေထွတ်သည် ‘မန္တလေးအဘိဓာန်’ စာအုပ်အား ရေးသားပြုစုသူ စာရေးဆရာဖြစ်သည်။
  • စာရေးဆရာ၊ သတင်းစာဆရာ နေထွတ်၏ အမည်ရင်းမှာ ကျော်မင်းထွန်းဖြစ်သည်။ ၁၉၇၃ ဒီဇင်ဘာ ၂၂ စနေနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ပန်တောရွာ တွင်မွေးဖွားသည်။ မွေးချင်း ၈ ယောက်အနက် စတုတ္ထမြောက်ဖြစ်ပြီး လက်ပန်တောဘုန်းတော်ကြီးကျောင်း၊ ကံသာအစိုးရမူလတန်းကျောင်း၊ မောက်သရက်တွဲဘက်အလယ်တန်းကျောင်းတို့တွင် ပညာသင်ခဲ့သည်။ ၁၉၉၀ တွင် ယင်းမာပင်မြို့ အထက်ကျောင်းမှ ၉ တန်းအောင်မြင်ခဲ့ပြီး ၁၉၉၂ တွင် မန္တလေး အမှတ် ၁၃ အထက်တန်း ကျောင်းမှ ၁ဝ တန်းအောင်မြင်ခဲ့သည်။ ၁၉၉၄-၉၆ တွင် မန္တလေးတက္ကသိုလ်တွင် ဓာတုဗေဒ အဓိကဖြင့် တက်ရောက်ပညာသင်ခဲ့ပြီး ၁၉၉၉ နိုဝင်ဘာတွင် သိပ္ပံဘွဲ့ရရှိခဲ့သည်။
  • ၁၉၉၆ တွင် Companion Media တွင် မန်နေဂျာ၊ ၁၉၉၈ တွင် Dream Crystals မီဒီယာနှင့်ထုတ်ဝေရေးလုပ်ငန်းကို မိတ်ဆွေများနှင့် အတူ တည်ထောင်ခဲ့ပြီး စာပေ၊ စာအုပ်နှင့်ကြော်ငြာလုပ်ငန်းများလုပ်ကိုင်ခဲ့သည်။ ၁၉၉၉ မှ ၂ဝဝ၂ အထိ မြန်မာသစ် အပတ်စဉ် သတင်းဂျာနယ် the New Myanmar Journal ကို အယ်ဒီတာအဖြစ် ဦးဆောင်တည်ထောင်ထုတ်ဝေခဲ့ပြီး ၂ဝဝ၁ မှ ၂ဝဝ၂ အထိ People မဂ္ဂဇင်းကို ဦးဆောင်တည်ထောင်ထုတ်ဝေခဲ့သည်။
  • ၁၉၉၄ ဇူလိုင်လထုတ် ရွှေအမြုတေမဂ္ဂဇင်းပါ “အိပ်မက်ပုံဆောင်ခဲ”ဝတ္ထုတို့ဖြင့် စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ မြန်မာနိုင်ငံတွင်နေထိုင်စဉ် မန္တလေးအဘိဓာန် (၂ဝဝဝ)၊ အန်ကောဝပ်၊ ဖနွမ်းပင်နန်းတော်နှင့် ခမာတို့တိုင်းပြည် (၂ဝဝ၂)၊ မိုက်ကရိုအိုင်-မိမိကိုယ်ကိုတည်ဆောက်ခြင်း (၂ဝဝ၂) စာအုပ်များရေးသားထုတ်ဝေခဲ့သည်။ ၁၉၉၃ ခုနှစ်မှ ၂ဝဝ၃ ခုနှစ်အတွင်း ရွှေအမြုတေ၊ ပန်းဝေသီ၊ မဟေသီ၊ မြန်မာ့ဓန၊ ဟန်သစ်၊ သင့်ဘဝ စသည့်မဂ္ဂဇင်းများနှင့် အပတ်စဉ်ထုတ် ဂျာနယ်များတွင် ဝတ္ထုတို၊ဆောင်းပါး ၂ဝဝ ခန့် ရေးသားခဲ့သည်။
  • ၂ဝဝ၃ မှ ၂ဝဝ၅ ခုနှစ်အထိ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကိုလံဘီယာတက္ကသိုလ်တွင် ပြည်သူ့ရေးရာနဲ့ စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်ဖြင့် တက်ရောက် ပညာသင်ကြားခဲ့ပြီး မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ လွတ်လပ်တဲ့အာရှအသံ Radio Free Asia (RFA) တွင် အသံလွှင့် သတင်းထောက် အဖြစ် စတင်ဝင်ရောက် အမှုထမ်းခဲ့ပြီး RFA ရေဒီယိုနှင့် ရုပ်သံအစီအစဉ်များတွင် “မျက်မှောက်မြန်မာ့နိုင်ငံရေးနှင့် နိုင်ငံရေးဝေါဟာရများ”၊ “မြန်မာအစိုးရသတင်းစာများကောက်နှုတ်ဝေဖန်ချက်”၊ “မှတ်မှတ်သားသားစကားများ” အစီအစဉ်များကို ရေးသားတည်းဖြတ်ထုတ်လွှင့်ခဲ့သည်။ [၁]
  • နေထွတ်၏ ထင်ရှားသည့် စာပေလက်ရာမှာ မန္တလေးအဘိဓာန်စာအုပ်ဖြစ်သည်။
  • ထိုစာအုပ်သည် ကျမ်းကိုးစာအုပ် ၇၀ ကျော်ကို ကိုင်စွဲပြီး လူပေါင်းရာချီ မေးမြန်းမှတ်သားရင်း နေထွတ်သည် မန္တလေးအဘိဓာန်ကို ရေးသားသည်။´
‘မန္တလေးအဘိဓာန်’

မန္တလေးအဘိဓာန်ပြုစုခဲ့ရာတွင် အဓိက အချက်အလက်တွေ အနေနဲ့ (၇) ခုရှိသည်။

  1. သမိုင်းဝင်နေရာများ (Historical Sites)
  2. ထင်ရှားတဲ့ ပုဂ္ဂိုလ်များ (Famous Persons)
  3. ထင်ရှားခဲ့တဲ့ အဖွဲ့အစည်းများ (Historic Organizations)
  4. အထင်ကရ သမိုင်းဝင် အဖြစ်ပျက်များ (Historic Events)
  5. မန္တလေးနဲ့ မန္တလေးဝန်ကျင် အထင်ကရ နေရာ၊ မြို့ နယ်၊ ရပ်ကွက်တွေရဲ့ သမိုင်းနှင့် တည်နေရာများ (Historical and Geographical Background of Urban Places)
  6. ထုတ်ဝေခဲ့တဲ့ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများ (Publications) နှင့်
  7. မန္တလေးသုံး မန္တလေးစကား ဒေသန္တရသုံး ဝေါဟာရများ (Mandalayan Burmese Words and their Usages) တို့ ဖြစ်သည်။[၂]
  • ၂ဝ၁၉ ဧပြီလတွင် "ဝါရှင်တန်မှ အလွမ်းစာများ" စာအုပ်ကို ထုတ်ဝေခဲ့သည်။
  • ယခု လွတ်လပ်တဲ့အာရှအသံ (အာအက်ဖ်အေ)မှာ အမှုထမ်းနေသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. နေထွတ်၏ ဝါရှင်တန်မှ အလွမ်းစာများ စာအုပ် (၂ဝ၁၉)
  2. လူထုဒေါ်အမာ၏ အမှာ၊ မန္တလေးအဘိဓာန် (၁၉၉၉)
  3. https://www.facebook.com/NayHtut.Writer/