နေဆိပ်တက်ခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နေဆိပ်တက်ခြင်း (Sun Poisoning)[ပြင်​ဆင်​ရန်​]

နေပူပူအောက်မှာ ကြာရှည်နေလျှင်တော့ဖြင့် ခေါင်းမူးလာပါတယ်။ မျက်လုံးတွေ ပြာဝေလာပြီးနောက် ညဘက်ရောက်လျှင် အဖျားတက်ပါတော့တယ်။ တချို ့ လူများကတော့ အရေပြား ယားယံလာခြင်း ၊ အသားအရေ နီရဲလာခြင်း ၊ မီးလောင်ဖုကဲသို့ အဖုထွက်လာခြင်းတို့ ဖြစ်လာတတ်သလို မောပန်းနွမ်းနယ်ခြင်းကိုလည်း ခံစားရတတ်ပါတယ်။ အဲဒီလိုဖြစ်လာတာတွေဟာ တိုက်ရိုက်ရရှိတဲ့ နေရောင်နဲ့ ဓာတ်မတည့်မှုကြောင့်ပါပဲ။

နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည် (ultraviolet rays) က အချိန်ကြာမြင့်စွာ လူ့အရေပြားပေါ်ကို ကျရောက်တဲ့အခါမှာ နေရောင်နဲ့ ဓာတ်မတည့်မှုတွေ ခံစား ရလာတတ်ပါတယ်။ ပူပြင်းတဲ့ ရာသီမှာ ခရမ်းလွန်ရောင်ခြည်က အားပြင်းပါတယ်။ ပါးလွှာတဲ့ အရေပြားရှိသူများမှာ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ melanin pigment များ ပမာဏနည်းပါးတာကြောင့် ပါးလွှာတဲ့အရေပြား ရှိသူများဟာ နေဆိပ်တက်ခြင်းကို ပိုမို ခံစားရပါတယ်။ နေဆိပ်တက်ခြင်းဟာ သူ့ အလိုလိုဖြစ်ခြင်း အပြင် ထိတွေ့သောနေရောင်ခြည်က ဓာတုဆေးဝါးများနှင့် ဓာတ်ပြုပြီးတော့လည်း ဖြစ်လာနိုင်ပါတယ်။ ဆာလ်ဖာ ပါဝင်သော ဆေးဝါးများ ၊ hypertension အတွက် ဆေးဝါးများ ၊ ဆီးချိုရောဂါ အတွက် ဆေးသောက်သုံးနေရသူများ ၊ ပဋိသန္ဓေ တားဆေးများကို မှီဝဲနေကြသူများဟာ နေဆိပ်တက်ခြင်းကို ခံစားရနိုင်ဖွယ် ရှိပါတယ်။ ဒါ့အပြင် ကျွန်မတို့ လိမ်းကျံတဲ့ မိတ်ကပ် ၊ အရေပြား လိမ်းဆေး ၊ကျွန်မတို့ သုံးစွဲတဲ့ ကိုယ်တိုက် ဆပ်ပြာ ၊ အဝတ်လျှော်ဆပ်ပြာ ၊ ခေါင်းလျှော်ရည် စတာတို့ကလည်း နေရောင်ပြင်းပြင်းနဲ့ ထိတွေ့တဲ့အခါမှာ ကျွန်မတို့ကို နေဆိပ်တက်ခြင်း ခံစားရစေ နိုင်ပါတယ်။

နေဆိပ်တက်ခြင်း လက္ခဏာများ[ပြင်​ဆင်​ရန်​]

အချို့ သောသူများက သူတို့ သုံးစွဲသော ရေမွှေး ၊ မိတ်ကပ် စတာတွေကြောင့် နေရောင်အောက်မှာ အရေပြားဟာ ပိုပြီး ထိခိုက်လွယ်တတ်ပါတယ်။ နေရောင်အောက်မှာ ကြာရှည်နေလျှင် ကိုယ်ခန္ဓာမှာ ရေဓာတ်လျော့နည်းခြင်း dehydration ကိုခံစားစေရနိုင်ပြီး electrolytes များ ဆုံးရှုံးမှုကြောင့် heat stroke ၊ sun stroke ၊ heat prostration တို့ကို ခံစားရစေနိုင်ပါတယ်။ နေဆိပ်တက်ခြင်းဟာ ကိုယ်ခန္ဓာပေါ်ကို ကျရောင်တဲ့ နေရောင်ပြင်းအား (intensity of sunrays) ၊ ကိုယ်ခန္ဓာက နေရောင်ကို ခုခံကာကွယ်နိုင်စွမ်း အပေါ်ကိုမူတည်ပြီးတော့ အနည်းနဲ့ အများဆိုသလို ပြင်းထန်ပါတယ်။ နေဆိပ်တက်ခြင်း လက္ခဏာများမှာ ၁) အရေပြားနီရဲခြင်း ၂) အင်ပြင်ကဲသို့ နီရဲလာခြင်း ၃) အရေပြား ယားယံခြင်း ၄) မီးလောင်ဖုကဲ့သို့ အရည်ကြည်ဖုများ ထွက်လာခြင်း ၅) ဖျားနာခြင်း ၆) ချမ်းတုန်ခြင်း ၇) ပျို့အန်ခြင်း ၈) မောပန်းနွမ်းနယ်ခြင်း ၉) ခေါင်းမူးခြင်း ၁၀) ရေဓာတ်ခမ်းခြောက်ခြင်း

စသည်တို့ ဖြစ်ကြပါတယ်။

ကုသခြင်း[ပြင်​ဆင်​ရန်​]

အရေပြားပေါ်ကို နေရောင်ခြည် ပိုမိုကျရောက်လျှင်တော့ အရေပြားပျက်စီးခြင်းကို ဖြစ်စေနိုင်ပြီး ၄ ရက်မှ ရ ရက်ထိ နေရောင်နှင့် တစ်နေကုန် တိုက်ရိုက် ထိတွေ့နေလျှင် အရေပြားအတွက် စိုးရိမ်ဖွယ် ရှိလာပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း ၊ အရေး အကြောင်းများ ထင်ခြင်း စသည်တို့ကို နောက်ဆက်တွဲ အကျိုးဆက် အဖြစ် ခံစားရစေနိုင်ပြီး အခန့်မသင့်လျှင် အရေပြားကင်ဆာ (malignant melanoma) ဖြစ်စေနိုင်ပါတယ်။ အရေပြားနီရဲခြင်းလောက်သာ ခံစားရတဲ့ အားပျော့တဲ့ နေဆိပ်တက်ခြင်းကို ကုသရန် မလိုအပ်သော်လည်း ပြင်းထန်သော နေဆိပ်တက်ခြင်းကို ကုသရန် လိုအပ်ပါတယ်။ ရေအေးကန်တွင် ရေစိမ်ချိုးခြင်း ၊ ရေကို လုံလောက်သော ပမာဏ သောက်ပေးခြင်း ၊ aspirin ၊ naproxen ၊ibuprofen ၊ acetaminophen တို့ကဲသို့သော ဆေးဝါးများကို ဆရာဝန်ညွှန်ကြားသည့် အတိုင်း သုံးစွဲခြင်းဖြင့် နေဆိပ်တက်ခြင်းကို သက်သာ ပျောက်ကင်း စေနိုင်ပါတယ်။

နေရောင်ခြည်မှာ ပါဝင်သော ခရမ်းလွန်ရောင်ခြည်ဟာ ခရမ်းလွန်ရောင်ခြည် အေ၊ ဘီ ၊ စီ (UVA ၊ UVB ၊ UVC rays) စသည်ဖြင့် ၃ မျိုးရှိပါတယ်။ ခရမ်းလွန်ရောင်ခြည်စီ (UVC rays) ဟာ လှိုင်းအလျားအတိုဆုံး ဖြစ်တဲ့အတွက် ကမ္ဘာမြေပေါ်ကို မကျရောက်လာနိုင်ဘဲ ခရမ်းလွန်ရောင်ခြည် အေ နှင့် ဘီ သာလျှင်ကမ္ဘာပေါ်ကို ကျရောက်လာပါတယ်။ များသောအားဖြင့် SPF 15 (Sun Protection Factors 15) ပါဝင်တဲ့ sunscreen များဟာ နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ဘီ (UVB rays) ကိုသာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် sunscreen skin lotion များဝယ်ယူလျှင် ခရမ်းလွန်ရောင်ခြည်အေ (UVA rays) ကိုပါ ကာကွယ် ပေးနိုင်တဲ့ အမျိုးအစားမျိုးကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

ခရမ်းလွန်ရောင်ခြည်အေ ဟာ မှန်သားပြင်ကို ဖောက်ထွင်း ဝင်ရောက်နိုင်တာမို့ အိမ်ထဲမှာ နေရင်းလည်း ခရမ်းလွန်ရောင်ခြည်အေ သင့်စေတတ်ပါတယ်။ နေဆိပ်တက်ခြင်း လက္ခဏာများ အရှင်းပြီးပြတ်အောင် မပျောက်မချင်း နေရောင်အောက်ကို မကြာခဏ ထွက်ခြင်းမျိုး ရှောင်ကြဉ်သင့်ပါတယ်။ နေဆိပ်တက်ခြင်းကြောင့် အရေပြား ယားယံခြင်း၊ မီးလောင်ဖုကဲ့သို့ အရည်ကြည်ဖုများထွက်ခြင်းတို့ကို အချိန်ကြာရှည် ခံစားနေရ ပါလျှင် အရေပြားအထူးကုဆရာဝန်နှင့် ပြသကာ ကုသသင့်ပါတယ်။