နီကိုရဲ၊ စာရေးဆရာ
| ကိုယ်ရေး အချက်အလက် | |
| အမည်ရင်း | ရဲဝင်း |
| လူမျိုး | ဗမာ |
| နိုင်ငံသား | |
| အလုပ်အကိုင် | စာရေးဆရာ၊ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ |
စာရေးဆရာ နီကိုရဲ [၁၉၆၆-၂၀၀၉] ရေးသားခဲ့သည့် ဟာသနှောသော လူ့ဘဝ ဇာတ်စုံဇာတ်လမ်းများအနက် ဇွတ်၊ ရည်စားစာ (ဝတ္ထုတိုစု)၊ ကျနော်နှင့် လက်တွဲဖော်များ၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ သကြားနဲ့အသူရာ၊ စိတ်အိုင်ပက်သူ၊ မကြည်ပြာ၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ အစရှိသည့် ဝတ္တုများမှာ လူငယ်ထုကြား ရေပန်းစားသော ဝတ္ထုများဖြစ်သည်။ သူ၏ ဝတ္ထုများနှင့် သူရေးသားသည့် ရုပ်ရှင် ဗီဒီယို ဇာတ်ညွန်းတို့ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က အရုပ် အသံများဖြင့် ဖော်ပြရိုက်ကူးရာ ပရိသတ်၏ အားပေးမှုကို အထူးရရှိ အောင်မြင်ခဲ့သည်။
မာတိကာ |
ဘဝဖြစ်စဉ် [ပြင်ဆင်ရန်]
စာရေးဆရာ နီကိုရဲအား ၁၉၆၆-ခုနှစ်၊ နိုဝင်ဘာလ၊ (၂) ရက်နေ့၊ ရန်ကုန်မြို့၌ အဖ ဦးတင်ဝင်းနှင့် အမိ ဒေါ်မြကြည်မှ မွေးဖွားခဲ့သည်။ မွေးချင်းနှစ်ဦးအနက် အကြီးဆုံး ဖြစ်ပြီး အမည်ရင်းမှာ ရဲဝင်း ဖြစ်သည်။
၁၉၉၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သိပ္ပံ (ရူပဗေဒ) ဘွဲ့ရရှိခဲ့သည်။ အသက် (၂၇) နှစ်အရွယ်တွင် ရုပ်ရှင်အောင်လံ မဂ္ဂဇင်းတွင် တိတ်ဆိပ်ခြင်း တံတားပေါ်မှာ ဝတ္တုတိုဖြင့် စာပေလောကထဲသို့ ဝင်ရောက်ခဲ့သည်။ ဟန်သစ်မဂ္ဂဇင်းတွင် ကြည်ပြာရောင်နဂ္ဂတစ်များ၊ ကျွန်တော်နှင့် ချစ်ခြင်းနဂ္ဂတစ်များ၊ အခန်းဆက်ရေးသားရင်းမှ နာမည်ကျော် စာရေးဆရာ တစ်ဦးဖြစ်လာခဲ့သည်။ ပင်နီစာအုပ်တိုက်မှ ထုတ်ဝေသည့် ချစ်ခြင်း၏ နဂ္ဂတစ်များ လုံးချင်းဝတ္တုဖြင့် အရောင်းရဆုံး စာရင်းဝင်ဖြစ်ခဲ့သည်။
လုံးချင်းဝတ္တု (၃၀)အုပ်နီးပါး ရေးသားထုတ်ဝေခဲ့သည်။ ရုပ်ရှင်၊ ဗီဒီယို၊ ရေဒီယို ဇာတ်ညွှန်းပေါင်း (၃၀)ကျော် ရေးသားခဲ့သည်။ အိုက်ဒီယာ မဂ္ဂဇင်း စတင်တည်ထောင်သော အယ်ဒီတာအဖွဲ့ဝင် တစ်ဦး အပါအဝင်ဖြစ်သည်။
ဝတ္တု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် ရုပ်ရှင်သရုပ်ဆောင် ဒွေးနှင့် ထက်ထက်မိုးဦးတို့ ပါဝင်သရုပ်ဆောင်သော သစ်ခက်ငါး ဇာတ်ကားကို ရိုက်ကူးခဲ့သည်။
စာရေးဆရာ နီကိုရဲသည် ဒါရိုက်တာ မောင်မျိုးမင်းနှင့် ကားကြီး ၄ ကားခန့် ဗီဒီယို ၄ဝ နီးပါး ရိုက်ကူးခဲ့သည်။
နီကိုရဲနှင့် ခေတ်ပြိုင်စာရေးဆရာများမှာ တာရာမင်းဝေ၊ မင်းခိုက်စိုးစံတို့ ဖြစ်သည်။
ဘဝနိဂုံး [ပြင်ဆင်ရန်]
နီကိုရဲ (ခ) ကိုရဲဝင်း သည် (၂၀၀၉ ခုနှစ် အောက်တိုဘာ ၂၄) စနေနေ့ နံနက် ဝဝး၃ဝ နာရီခန့်က ရန်ကုန်၊ လှိုင်သာယာမြို့နယ်၊ လုဗ္ဗနီအထူးကုဆေးခန်း၌ နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး ဇနီး ဒေါ်နိုင်နိုင်ဝင်း (အီတွန့်ပွမ်) နှင့် အသက် (၇) နှစ် အရွယ် သား မောင်လင်းမြတ်တို့ ကျန်ရစ်ခဲ့သည်။ ၂၀၀၉ ခုနှစ်၊ အောက်တိုဘာ (၂၈) ရက်နေ့တွင် ရေးဝေးသုဿာန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။
အနုပညာသမားများ၏ ခံစားချက် [ပြင်ဆင်ရန်]
ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) [ပြင်ဆင်ရန်]
“သူနဲ့ကျနော့်မှာ အမှတ်တရတွေ အများကြီးပဲခင်ဗျ၊ သူနဲ့ကျနော် တခေတ်ဖြစ်ခဲ့တယ်ဆို မမှား ဘူး ဗျ၊ ကားတွေလည်း အများကြီးရိုက်ခဲ့ဖူးတယ်၊ သူလိုလူတော် တယောက်ဆုံးရှုံးသွားတာ စာပေလောက အတွက်ရော ရုပ်ရှင်လောက အတွက်ပါ ကြီးမားတဲ့ ဆုံးရှုံးမှုပါပဲ”
လွင်မိုး [ပြင်ဆင်ရန်]
`သူအောင်မြင်ခဲ့တဲ့ အနုပညာသမားဘဝနဲ့ သူပေးဆပ်လိုက်ရတဲ့ အချိန်တွေကတော့ နှမြောစရာ ကောင်းပါတယ်´။
ကျော်ရဲအောင် [ပြင်ဆင်ရန်]
ကိုအောင်မင်းသိမ်း ဆုံးတော့ သူ့အမေက သူ့သားရုပ်ကလာပ်ကို ကြည့်ပြီး ပြောတယ်။ `သားတဲ့ အမေတို့ဆီ ခဏလာလည်တာ မဟုတ်လား´တဲ့။ `ဧည့်သည်လိုပဲ အမေသဘောထားတယ်နော်၊ သားက အားလုံးအတွက် အမှတ်တရတွေ အများကြီးထားခဲ့တယ်´တဲ့။ အခု...နီကိုရဲလည်း ဒိုးပြန်ပြီ။ သူလည်း ဧည့်သည်ပါပဲ။ သူလည်း အမှတ်တရတွေ ထားခဲ့တယ်။ သူ့အနုပညာတွေပေါ့။ ငါ့အလည့်ကျရင်ရော....
မောင်မျိုး(ကြောင်နှစ်ကောင်) [ပြင်ဆင်ရန်]
ညီလေး
မင်းလွဲခဲ့ရင် လူတွေ ရယ်ခဲ့တယ်။ အခု....မင်းမလွဲတော့ ...ငါတို့.....။
အကြည်တော် [ပြင်ဆင်ရန်]
စာပေအစ်ကိုတစ်ယောက် ဆုံးရှုံးခဲ့ရတဲ့အတွက် ဝမ်းနည်းပါတယ်။
မိတ်ဆွေ အပေါင်းအသင်းများကို ရိုင်းပင်းကူညီတတ်ပြီး ပျော်ပျော်ပါးပါးနေတတ်သူဖြစ်သောကြောင့် ယခုလို ဆုံးပါးသွားသည်ကို နှမြောတသဖြစ်မိသည်ဟုလည်း အနုပညာရှင်များက ဆိုကြသည်။ [၁]
ရေးသားခဲ့သော ဝတ္ထုများ [ပြင်ဆင်ရန်]
- မကြည်ပြာ
- နှလုံးသားထဲကြွက်ဝင်နေသည်
- ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ အလွဲများ
- ကျွန်တော်နှင့် ရိုက်ကွင်းပေါ်မှ ဒုတိယအလွဲများ
- ကျွန်တော်နှင့်လက်တွဲဖော်များ
- ကျွန်တော်နှင့်ဈေးသည်အလွဲများ
- လွယ်အိတ်ထဲကအလွဲများ
- နတ်ဆိုးတစ်ကောင်နဲ့ရင်လွဲသူ
- တစ်သုံးခုနှစ်ရှစ်
- လှည့်စား
- သံစုံကြူးတဲ့ည
- လူနှင့်သူတို့၏ဟာသများ
- ဇွတ်
- ဇက်ပေါ်ကဆီးသီး
- အိုးလေး
- ရည်းစားစာ (ဝတ္ထုတိုစု)
- ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း
- အိတ်
- ငတုံး
- ဒုတိယသစ်ခက်ငါး
- တို့ဖေဖေ
- စိတ်အိုင်ပက်သူ
- ချဲဝီး
- ကျွန်မ၏ပြား
- ဘ…နာ
- ဒဏ်ရာရလိပ်ပြာအထူးကု
- နှလုံးသားနှင့်ကန်တဲ့ ဘော်လုံး
နီကိုရဲ၏ နောက်ဆုံး ဈာပန [ပြင်ဆင်ရန်]
-
Nikoye-obituary-1.jpg
နာရေးကြော်ငြာလက်ကမ်း စာစောင်(ပ)
-
Nikoye-obituary-2.jpg
နာရေးကြော်ငြာလက်ကမ်း စာစောင်(ဒု)
ကိုးကား [ပြင်ဆင်ရန်]
- ↑ နီကိုရဲ၏ နာရေးကြော်ငြာလက်ကမ်း စာစောင်မှ