နဂါရှိနိုတိုက်ပွဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

နဂါရှိနိုတိုက်ပွဲ(၁၅၇၅ခုနှစ်)[ပြင်​ဆင်​ရန်​]

အရှေ့ဖျားအာရှတိုက်ရှိ ဂျပန်နိုင်ငံသည် အနောက်နိုင်ငံများထက် ရာစုနှစ်တဝက်နီးပါး သာလွန်စောစီးစွာဖြင့် စနစ်တကျအလှည့်ကျပစ်ခတ်ခြင်းအတတ်(Fire in rotation) ကိုအသုံးချခဲ့ခြင်းအား ဤနဂါရှိနိုတိုက်ပွဲမှ သက်သေခံသည်။

နောက်ခံသမိုင်း[ပြင်​ဆင်​ရန်​]

၁၆ရာစု၏ ကာလများတွင် ဂျပန်တို့သည် မျိုးနွယ်စုများ အပြန်အလှန် ယှဉ်ပြိုင်နေကြပြီး ဆာမူရိုင်းများသည်လည်း စစ်ပညာ၊တိုက်ခိုက်ရေးတို့တွင် ကျွမ်းကျင်မှုဖြင့် နာမည်ရလျက်ရှိပေသည်။ တစ်ဖက်တွင်လည်း ဘုန်းကြီးများကလည်း စစ်တပ်များဖွဲ့စည်းကာ စစ်ပြိုင်နေကြပြန်သည်။ ထိုသို့တိုက်ခိုက်ကြရာမှ လက်နက်ဆန်းအဖြစ် သေနတ်သည် ဂျပန်ကျွန်းစုများပေါ်သို့ ရောက်ရှိလာတော့သည်။ ၁၅၄၂ခုနှစ်တွင် မုန်တိုင်းဒဏ်ကြောင့် မျှောပါလာသည့် ပေါ်တူဂီသင်္ဘောတစ်စီးနှင့်အတူ အဆိုပါလက်နက်ဆန်း(အာကွေဘတ်စ်)သည် ကျူရှူးကျွန်း၊ တနေဂါရှီးမားမြို့သို့ ဆိုက်ရောက်လာတော့သည်။ ထိုမှအစပြုကာ သေနတ်၏စွမ်းပကားအား ဂျပန်တို့ကောင်းစွာ နားလည်သွားကြပြီး ပြည်တွင်း၌ပင် ထုတ်လုပ်လာနိုင်ကြသည်။ သို့သော် ဓါး၊လှံ၊လေးမြှား တို့ဖြင့်သာ အသားကျနေသည့် ဆာမူရိုင်းများက အဆိုပါ သေနတ်အား သေးသိမ်ဖွဲနုတ်သည့် လက်နက်အဖြစ်သာ အသိအမှတ်ပြုပြီး ကိုင်တွယ်သုံးစွဲခြင်းမရှိကြသဖြင့် သေနတ်သည် ဒုတိယတန်းစားစစ်သည်များ၊ အထူးသဖြင့် အာရှိဂါရု(ashigaru)ဟုခေါ်သည့် စစ်သည်များကသာ ကိုင်ဆောင်ကြသည်။ အချိန်မကြာမီတွင် အဆိုပါ သေနတ်ကိုင် အာရှိဂါရုများ၏ စွမ်းရည်ကို အသိအမှတ်ပြုလာကာ ဝတ်စုံများဖြင့် စနစ်တကျဖွဲ့စည်းသည့် တပ်များအဖြစ် အဆင့်မြင့်တင်လာကြသည်။

ဂျပန်တဝန်းရှိ စစ်ခေါင်းဆောင်များအနက် အိုဒါ နိုဘူနာဂါ(Oda Nobunaga)သည် အမြင်ကျယ်၍ ဂျပန်တစ်နိုင်ငံလုံးကို စည်းရုံးလိုသူဖြစ်သည်။ သူ၏တပ်သားများအတွက် ၁၅၄၉ခုနှစ်တွင်ပင် အာကွေဘတ်စ်အမျိုးအစား သေနတ်များကို အလက်၅၀၀ထိ ထုတ်လုပ်နိုင်ခဲ့သည်။ ထိုသေနတ်များကို စနစ်တကျပစ်ခတ်နိုင်ရန်အတွက်လည်း လေ့ကျင့်ပေးခဲ့သည်။ ၁၅၃၄ခုနှစ်ဖွားဖြစ်သော နိုဘူနာဂါသည် မြေရှင်စစ်ခေါင်းဆောင်တစ်ဦး၏ သားဖြစ်ကာ ၁၇နှစ်သားအရွယ် ဖခင်ကွယ်လွန်ချိန်မှစကာ အာဏာလုပွဲများအကြား တိုက်ခိုက်လာရသူလည်းဖြစ်သည်။ ထိုမှ နှစ်၂၀အတွင်းတွင် ပြိုင်ဖက်အသီးသီးနှင့် ရင်ဆိုင်တိုက်ခိုက်ပြီး သေနတ်၏အစွမ်းဖြင့် နိုင်ပွဲများရယူကာ အိုကေဟာဇာမာတိုက်ပွဲ(battle of Okehazana) အားအောင်နိုင်အပြီးတွင် အထွပ်အထိပ်ရောက်ပြီဖြစ်သည်။ သို့သော် တစ်ဖက်မှလည်း ပုန်ကန်မှုများ၊ ဘုန်းကြီးတပ်များနှင့် ဆက်လက်ရင်ဆိုင်နေရသည်။

တိုက်ပွဲ[ပြင်​ဆင်​ရန်​]

၁၅၇၅ခုနှစ်တွင် နိုဘုနာဂါအားပိုင်ဆိုင်သော မီကာဝါနာဂါရှိနိုရဲတိုက်အား ရန်သူများက တိုက်ခိုက်ခြင်းဖြင့် ပုန်ကန်ကြသည်။ ခေါင်းဆောင်မှာ တာကေဒါ ကတ်ဆုယိုရီ(tekeda katsuyori)အမည်ရှိ ဆာမူရိုင်းတစ်ဦးဖြစ်သည်။ ပုန်ကန်သူများက ရေကြောင်း၊ကြည်းကြောင်းတို့မှ လှေများ၊မြို့သိမ်းရထားများဖြင့် အကြီးအကျယ်တိုက်ခိုက်ကြသော်လည်း မြို့တွင်းမှ ခုခံသူများကလည်း ရွပ်ရွပ်ချွံချွံခုခံကြသဖြင့် ရဲတိုက်ကိုမသိမ်းပိုက်နိုင်ဘဲ အပြင်မှသာ ဝန်းရံထားရသည်။ သို့သော် ခုခံသူများဖက်မှ ပြဿနာမှ ရိက္ခအခက်အခဲဖြစ်သည်။ သို့ဖြင့် အရှင်သခင်ဖြစ်သည့် နိုဘုနာဂါထံသို့ စစ်ကူနှင့် ရိက္ခာများပို့ပေးရန် တောင်းခံကြသည်။ ဆက်သားအများစုမှာ ဝန်းရံထားသော ရန်သူများအားကျော်လွှားသွားနိုင်ခြင်းမရှိသဖြင့် အသက်သေဆုံးကြရသော်ငြား တစ်ယောက်သော ဆက်သားမှာမူ အရှင်သခင်ထံသို့ အကြောင်းကြားရန် အရောက်သွားနိုင်ခဲ့သည်။ နိုဘုနာဂါလည်း အဆိုပါဆက်သားဖြင့် ပြန်စာပေးကာ သုံးရက်အတွင်း စစ်ကူလာမည့်အကြောင်းကိုလည်း နှုတ်ဖြင့်မှာကြားသည်။ တာကေဒါက ဆက်သားအားဖမ်းမိကာ တိုင်တွင်ချည်၍ လက်နက်ချရန်၊ စစ်ကူမလာတော့ကြောင်း ပြောရန် ညဉ်းဆဲကာမြို့တွင်းသို့ပြောစေသည်။ ဆက်သားက သုံးရက်အတွင်းစစ်ကူလာမည့်အကြောင်း၊ စိတ်ဓါတ်မကျရန်လိုကြောင်း ပြောကြားကာ အသတ်ခံလိုက်သည်။

သို့ဖြင့် နိုဘုနာဂါနှင့် သူ၏စစ်သည် ၄၀၀၀၀တို့သည် ရဲတိုက်ကြီးထံသို့ဦးတည်ကာ ချီတက်လာကြပြီး တာကေဒါ၏ အမာခံတပ်ဖြစ်သည့် သံချပ်ကာဝတ် မြင်းစီးဆာမူရိုင်းတပ်ကို ရင်ဆိုင်ရန် စစ်ပြင်သည်။ စစ်မြေပြင်အနေအထားရွေးချယ်ရာတွင် ရဲတိုက်မှ ၁မိုင်အကွာတွင်ရှိသည့် ရေချောင်းနောက်ဖက်မှ ကုန်းမြင့်ကို သတ်မှတ်သည်။ ထိုစစ်မြေပြင်တွင် ကြိုးများတန်းထားပြီး ခလုပ်၊ငြှောင့်တို့ကိုလည်း ထောင်စေသည်။ မိမိဖက်ခြမ်းခံစစ်တွင် နေရာလွတ်အနည်းငယ်ချန်စေသည်။

နိုဘုနာဂါသည် မိမိ၏ သေနတ်ကိုင်တပ်သား ၃၀၀၀ကို စနစ်တကျဖြင့်အလှည့်ကျပစ်ခတ်သည့် နည်းအားသုံး၍ ရန်သူကိုခြေမှုန်းရန် အမိန့်ပေးသည်။ ၂၉ရက်၊ဇွန်လ၊ ၁၅၇၅ခုနှစ်၏ နံနက်ခင်းတွင် နိုဘုနာဂါဖက်မှ တပ်သားအနည်းငယ်ကို မြေကွက်လပ်တွင် နေရာယူစေကာ စစ်မြူသည်။ ဆာမူရိုင်းတို့ကလည်း အသုတ်၃သုတ်ဖြင့် တစ်သုတ်ပြီးတစ်သုတ် ဝင်ရောက်တိုက်ခိုက်သည်။ သို့သော် တိုက်ပွဲမတိုင်မီညက မိုးရွာသွန်းထားသောကြောင့် မြေမှာ ရွှံ့များ၊ဗွက်များဖြင့် ပြည့်နက်နေသဖြင့် ကောင်းစွာချီတက်မရဖြစ်နေသဖြင့် နိုဘုနာဂါတပ်များက ခံစစ်အနေအထားမှ တစ်လှည့်ပြီးတစ်လှည့် ပစ်ခတ်ကာ ရန်သူများကို ခြေမှုန်းတော့သည်။ ထိုအချိန်တွင်ပင် ရဲတိုက်အတွင်းရှိ စစ်သည်များကလည်း ပုန်ကန်သူများ၏ နောက်မှတိုက်ခိုက်သဖြင့် အတုံးအရုံးကျရှုံးကာ နိုဘုနာဂါအောင်ပွဲဆင်သည်။ ၁၅၈၂ခုနှစ် နိုဘုနာဂါကွယ်လွန်ချိန်တွင် ဂျပန်တဝန်းလုံးရှိ စစ်တပ်များ၏ ၃ပုံ ၁ပုံမှာ သေနတ်ကို ကိုင်တွယ်တိုက်ခိုက်နေကြပြီဖြစ်ပေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. စစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ဂန္ထဝင်တိုက်ပွဲများ - သောင်းထိုက်