ဓမ္မဒိန္နာထေရီ

ဝီကီပီးဒီးယား မှ

ဓမ္မဒိန္နာထေရီ[ပြင်ဆင်ရန်]

ဓမ္မဒိန္နာထေရီသည် ဂေါတမမြတ်စွာဘုရား လက်ထက် တော်တွင် တရားဟောကြားရာ၌၊ တရားကျအောင် ရှင်းလင်း ပြတ်သားစွာ ဟောကြားနိုင်စွမ်းရည်ကြောင့်၊ ဓမ္မကထိကအရာ၌ ဧတဒဂ်ရသော ထေရီတစ်ပါးဖြစ်သည်။ ထိုထေရီသည် ပဒုမ္မုတ္တ ရ မြတ်စွာဘုရားလက်ထက်ကစ၍ ပါရမီဆည်းပူးခဲ့ရာ၊ ဘဝများစွာ ကျင်လည်ပြီးနောက်၊ ကဿပမြတ်စွာဘုရားလက်ထက်တွင် ကိကီမင်း၏ သမီးတော် သုဓမ္မာမင်းသမီး ဖြစ်လေသည်။

တဖန် ဂေါတမမြတ်စွာဘုရားလက်ထက်တော်၌ ရာဇဂြိုဟ်ပြည် သူဌေးကြီးတစ်ဦး၏ သမီး ဓမ္မဒိန္နာဟူ၍ ဖြစ်လာသည်။ အရွယ် ရောက်သောအခါ၊ ပညာသင်ဘက် မိတ်ဆွေ ဝိသာခ သူဌေး နှင့် ဗိမ္ဗိသာရမင်းကြီးက လက်ထပ်ပေးသည်။ ဝိသာခါသူဌေးကား သောတာပန်တည်ပြီးသော ပုဂ္ဂိုလ်ဖြစ်သည်။ ဝိသာခါ သူဌေးသည် အမြဲသဖြင့် မြတ်စွာဘုရားထံသို့ သွားရောက်၍ တရားနာလေ့ရှိသော်လည်း၊ ဓမ္မဒိန္နာသည် မြတ်စွာဘုရားထံသို့ တစ်ကြိမ်တခါမျှ မလိုက်ပါဘဲ နေခဲ့သည်။

တစ်နေ့သ၌ ဝိသာခ သဌေးသည် သောတာပန်စခန်းမှ အနာဂါမ်စခန်းသို့ ဆိုက်ရောက်ပြီး၍၊ အိမ်သို့ပြန်သောအခါ၊ ဓမ္မဒိန္နာအား ရွှင်ပြကြည်ဖြူစွာ မဆက်ဆံဘဲ နေလေ၏။ ဓမ္မဒိန္နာသည် လင်သူဌေး၏ အမူအရာကို မေးသည့်အခါဝယ်၊ သူဌေးက မိမိသည် မြတ်စွာဘုရားထံတွင် တရားနာယင်း၊ အနာဂါမ်အဖြစ်ကို ရရှိပြီးဖြစ်ကြောင်းကို ပြောပြ၏။ ထိုမျှမက မိမိကို မောင်ဖွားကဲ့သို့ အောက်မေ့၍ နောက်ထပ် အိမ်ထောင် ပြုလိုကလည်းပြုလေဟု ခွင့်ပေးသည်။ ထိုအခါ ဓမ္မဒိန္နာသည် လွန်စွာပူဆွေးလျက် ငိုယိုပြီးနောက်၊ မိမိလင်ယောက်ျားကပင် သံယောဇဉ်ကို ဖယ်ခွါနိုင်လျှင်၊ မိမိကလည်း အဘယ်ကြောင့် မခွာနိုင်အံ့နည်းဟု မာန်တက်ကာ၊ ဘိက္ခုနီမ ပြုခွင့်တောင်း၍၊ မြတ်စွာဘုရား၏ ကျောင်းတော်သို့ သွားလေသည်။

ကျောင်းတော် သို့ရောက်သောအခါ လူဝတ်ကိုပယ်၍ ရဟန်းပြုရာ၊ လူအများက ခြီးကျူးအံ့ဩကြရသည်။ များစွာသော အမျိုးသမီး တို့သည်လည်း အတုယူ၍ ရဟန်းပြုကြသည်။ ဓမ္မဒိန္နာသည် မကြာမီ တောသို့ထွက်၍ တရားအားထုတ်သဖြင့်၊ ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ရဟန္တာဖြစ်လေသည်။ လူအများက မေးမြန်း သော တရားပုစ္ဆာများကိုလည်း ဖြေဆိုနိုင်၏။ ထိုနောက် ဓမ္မ ဒိန္နာသည် ဝိသာခ သူဌေးအား မဇ္ဈိမနိကာယ်လာ စူဠဝေဒလ္လ သုတ်ကို ဟောကြားသည်။ မြတ်စွာဘုရားသည်လည်း ဓမ္မဒိန္နာ အား တရားဟောကြားရာတွင် တိကျပြတ်သား မှန်ကန်ခြင်း တို့ကြောင့် ဓမ္မကထိက ဧတဒဂ်ဘွဲ့ထူးဖြင့် ချီးမြှင့်တော်မူလေ သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၂)