ဒိုင်ယာလက်တစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ရာဖဲလ်၏ အေသင်ကျောင်းတော်

ဒိုင်ယာလက်တစ် (Dialectic) ဆိုသည်မှာ သဘောထား ကွဲပြားမှုများကို ဖြေရှင်းရာတွင် အသုံးပြုသော နည်းလမ်း တစ်ခုဖြစ်ပြီး ရှေးခေတ်အခါကပင် အိန္ဒိယနှင့် ဥရောပရှိ အတွေးအခေါ် ကဏ္ဍတွင် ထင်ရှားခဲ့သည်။ ဒိုင်ယာလက်တစ် ဆိုသော စကားလုံးသည် ရှေးခေတ် ဂရိတို့မှ ဆင်းသင်လာပြီး ပလေတို ရေးသားသော ဆိုကရေးတီး၏ ဒိုင်ယာလော့ များကြောင့် လူသိများလာခဲ့သည်။ ဒိုင်ယာလက်တစ် နည်းလမ်း ဆိုသည်မှာ ပြဿနာတစ်ခုအား အမြင်ကွဲပြားသည့် လူနှစ်ယောက် သို့ နှစ်ယောက်ထက် ပိုသော လူများ အနေနှင့် အမှန်တရားသို့ ရောက်အောင် အကျိုးအကြောင်း ခိုင်လုံသော ငြင်းဆိုချက်များဖြင့် အပြန်အလှန် ပြောဆို ဖြေရှင်းသော နည်းလမ်းဖြစ်သည်။ ဒိုင်ယာလက်တစ် နည်းလမ်းသည် သာမန် ငြင်းခုံမှုနှင့် ကွဲပြားခြားနားသည်။ သာမာန် ငြင်းခုံမှုများတွင် ငြင်းခုံသူများ အနေနှင့် မိမိတို့၏ ငြင်းဆိုချက်ကို မှန်ကန်သည်ဟု အသေစွဲကိုင်ထားကြပြီး ပြိုင်ဘက်ကို ဆွဲဆောင်ခြင်းဖြင့် လည်းကောင်း၊ သူတို့၏ ငြင်းဆိုချက် မှန်ကန်ကြောင်းကို သက်သေပြခြင်းဖြင့် လည်းကောင်း၊ ပြိုင်ဘက်၏ငြင်းဆိုချက်ကို မှားကြောင်း ပြနိုင်ရန် ကြိုးစားခြင်းဖြင့် လည်းကောင်း မည်သို့သော နည်းလမ်းနှင့် ဖြစ်စေ ငြင်းခုံမှုကို နိုင်အောင် ကြိုးစားကြသည်။ ထို့အတွက်ကြောင့် ငြင်းခုံမှုတွင်မူ မည်သူ နိုင်သည်ကို ဆုံးဖြတ်ရန် ဒိုင်လူကြီး လိုအပ်ပေသည်။ ဒိုင်ယာလက်တစ်သည် အာဝဇ္ဇာန်းရွှင်ခြင်းလည်း မဟုတ်ပေ။ အာဝဇ္ဇာန်းရွှင်ခြင်းတွင် စကားပြောသူသည် နားထောင်သူများကို သူတို့ဖက်သို့ ပါလာရန် စကားပြောသည့် နည်းလမ်း မျိုးစုံသုံး၍ ဆွဲဆောင်ကြသည်။