ဒါန

ဝီကီပီးဒီးယား မှ

ဒါနဟူသည် ပါဠိစကားလုံးမှ ဆင်းသက်လာသည်။ တိပိဋကအဘိဓာန်၌ ဒါန၏ အဓိပ္ပါယ်များကို ဤသို့ တွေ့ရသည်။ [၁] (၁) ပေး-ပေးကမ်း–ခြင်း (ဒါနဥပါယ်-စသည်)၊[၂]

  • (က) လှူ-လှူဒါန်း-အလှူပေး-ခြင်း။ [၃]
  • (ခ) ပူဇော်ခြင်း။ [၄]
  • (ဂ) ချီးမြှောက်–ထောက်ပံ့ -ခြင်း။ [၅]
  • (ဃ) စွန့် ကြဲခြင်း။ [၆]

(၆) ကံ၏အကျိုးကို ယုံကြည်၍ တရိုတသေ–ပေး–လှူ–ပူဇော်-စွန့်ကြဲ-အပ်သော (ပစ္စည်းဝတ္ထု)။ [၇]

(၇) ပေး-ပေးကမ်း-လှူဒါန်း-စွန့်ကြဲ–ကြောင်းဖြစ်သော (စေတနာ-စသည်)။ [၈]

(၈) ဒါနပါရမီ (မြတ်သူတို့၏ ဥစ္စာဖြစ်သော အလှူပေးမှု)။ [၉]

[၁၀]

ဒါနဝတ္ထု ၁၀-ပါး[ပြင်ဆင်ရန်]

ယင်းဒါနသည် သုတ္တန်ဒေသနာ နည်းအားဖြင့်— (၁) အန္နဒါန = ထမင်းအလှူ (၂) ပါနဒါန = အဖျော်“ယမကာ” အလှူ, (၃) ဝတ္ထဒါန- အဝတ်သင်္ကန်း အလှူ (၄) ယာနဒါန = ဖိနပ်- စသော ယာဉ်အလှူ (၅) မာလာဒါန = ပန်းအလှူ (၆) ဂန္ဓဒါန = နံ့သာခဲ နံ့သာတုံး အလှူ, (၇) ဝိလေပနဒါန = နံသာပျောင်း, နံသာရည်အလှူ (၈) သေယျာဒါန = ညောင်စောင်း, အင်းပျဉ်, အိပ်ရာ, နေရာ အလှူ, (၉) အာဝသထ“ဃရ” ဒါန = ကျောင်း စရပ် အလှူ (၁၀) ပဒီပေယျဒါန = ဆီမီးထွန်းရန် ဆီ, ဆီမီးခွက်, ဆီမီးစာ ဖရောင်းတိုင် အလှူ-ဟူ၍ ၁၀-ပါး [၁၁] [၁၀]

ဝိနည်းအရ ဒါန, အဘိဓမ္မာအရ ဒါန[ပြင်ဆင်ရန်]

ဝိနည်းဒေသနာနည်းအားဖြင့်–(၁) စီဝရဒါန = သင်္ကန်းအလှူ(၂) ပိဏ္ဍပါတဒါန =ဆွမ်းအလှူ (၃) သေနာသနဒါန= ကျောင်း, အိပ်ရာ နေရာ အလှူ (၄) ဘေသဇ္ဇဒါန = ဆေးအလှူ-ဟူ၍ ပစ္စည်း ၄-ပါး,

အဘိဓမ္မာ ဒေသနာနည်းအားဖြင့်-(၁) ရူပဒါန = ရူပါရုံအလှူ (၂) သဒ္ဒဒါန = သဒ္ဒါရုံအလှူ (၃) ဂန္ဓဒါန = ဂန္ဓာရုံအလှူ (၄) ရသဒါန = ရသာရုံအလှူ (၅) ဖောဋ္ဌဗ္ဗဒါန = ဖောဋ္ဌဗ္ဗာရုံအလှူ (၆) ဓမ္မဒါန = ဓမ္မာရုံအလှူ ဟူ၍ အာရုံ ၆-ပါး [၁၂] [၁၀]

အကျိုးကြီးမားသော ဒါန[ပြင်ဆင်ရန်]

ယင်း-တွင် ဝိနည်းဒေသနာလာ ဒါန-သည် ကပ္ပိယဝေါဟာရ (ရဟန်းတော်တို့အားအပ်သော အခေါ်အဝေါ် အပြောအဆို အသုံးအနှုန်း)ဖြင့် သီလဝန္တပုဂ္ဂိုလ်အားသာ ရွေးချယ် လှူဖို့ရန် အထူး ခွင့်ပြုတော်မူသောကြောင့် ပုဂ္ဂိုလ်မရွေး အလှူပေးဖို့ရန် သာမန် ခွင့်ပြုတော်မူသော သုတ္တန်နည်းလာ ဒါနထက် အကျိုးကြီးမား၏။ အဘိဓမ္မာနည်းလာ ဒါန-သည် အာရုံ ၆-ပါး၌ ပညတ်အားဖြင့် နှလုံးမသွင်းပဲ ပရမတ်အားဖြင့်သာ နှလုံးသွင်း လှူဒါန်းရသဖြင့် လွန်ကဲမွန်မြတ်သော ဒါန ဖြစ်သောကြောင့် သုတ္တန်, ဝိနည်းလာ ဒါန တို့ထက် အကျိုးကြီးမားသည်ဟု ဆရာတို့ ဆိုကြ၏။ (၁) အလှူခံပုဂ္ဂိုလ်, (၂) လှူဖွယ်ဝတ္ထု (၃) စေတနာ ဤ ၃-ဖြာ စင်ကြယ် ပြည့်စုံလျှင် သုတ္တန်, ဝိနည်း, အဘိဓမ္မာ မည်သည့် ဒေသနာနည်းလာ အလှူဒါနမဆို ကြီးမားသော အကျိုးကို ပေးစွမ်းနိုင်၏ [၁၃] [၁၀]

ပါရမီ မြောက်သောဒါန[ပြင်ဆင်ရန်]

ကရုဏာ, ဥပါယကောသလ္လဉာဏ်ဖြင့် ခြံရံအပ်သော ဝိဝဋ္ဋဂါမိအလှူသည်သာ ပါရမီ မြောက်သော ဒါနဖြစ်၏။ ကရုဏာ, ဥပါယကောသလ္လဉာဏ် မခြံရံပဲ ပေးလှူအပ်သော ဝဋ္ဋဂါမိအလှူမျိုးသည် ပါရမီမြောက်သော ဒါနမဟုတ် [၁၄]

ဒါန၏ လက္ခဏာ, ရသစသည်[ပြင်ဆင်ရန်]

  • ယင်း သည်—အလှူဝတ္ထုပေးစွန့်ခြင်းလျှင် မှတ်ကြောင်း “လက္ခဏာ”ရှိ၏။
  • ပေးလှူအပ်သော အလှူဝတ္ထု၌ တပ်မက်လိုချင်ခြင်း “လောဘ”ကို ဖျက်ဆီးခြင်းလျှင် သာယာအပ်သော ကိစ္စ “ရသ”ရှိ၏။
  • ပေးလှူအပ်သော အလှူဝတ္ထု၌ မကပ်ငြိ မတွယ်တာခြင်းလျှင် ရှေးရှူ ထင်လာသော အခြင်းအရာ “အာကာရ ပစ္စ ပဋ္ဌာန်”ရှိ၏။ သို့မဟုတ် ဘဝစည်းစိမ်တို့၏ ပြည့်စုံရခြင်းလျှင် အကျိုး “ဖလပစ္စုပဋ္ဌာန်” ရှိ၏။
  • စွန့်လွှတ်ပေးလှူအပ်သော အလှူဝတ္ထု ပစ္စည်းစုလျှင် နီးစွာသောအကြောင်း “ပဒဋ္ဌာန်” ရှိ၏ [၁၅] [၁၀]

ဒါန၏ အခြားအမည်များ[ပြင်ဆင်ရန်]

ဒါန-ဟူသည် အလှူခံပုဂ္ဂိုလ်၏ အစီးအပွါးကို အလိုရှိခြင်း, ပူဇော်သောအားဖြင့် မိမိ ပစ္စည်းဝတ္ထုကို ယင်း-အလှူခံပုဂ္ဂိုလ်တို့အား စွန့်ကြဲ ပေးကမ်း, လှူဒါန်းခြင်းပင် ဖြစ်၏ [၁၆]

သတ္တဝါတို့အား ဘေးမဲ့ပေးခြင်း, သတ္တဝါတို့၏ အသက်, စည်းစိမ် အိုးအိမ်ကို သတ်ဖြတ် လုယက် ဖျက်ဆီးခြင်းမှ ရှောင်ကြဉ်ခြင်း, ဘေးရန်အမျိုးမျိုးမှ ကာကွယ်စောင့်ရှောက်ခြင်းပင် ဖြစ်သည် [၁၇]

ယင်း-ဒါနသည်— ဆောက်တည်အပ်, ကျင့်အပ်သောကြောင့် “ဝတ”မည်၏ [၁၈]

ပညာရှိတို့ ပညတ်ထားအပ်သည်ဖြစ်၍ မြတ်သောအကျင့် ဖြစ်သောကြောင့်လည်းကောင်း, မြတ်သူတို့၏ အကျင့်ဖြစ်သော ကြာင့်၎င်း “ဗြဟ္မစရိယ”မည်၏ [၁၉]

သတ္တဝါတို့အား ဘေးမဲ့ပေးကြောင်း ဖြစ်သောကြောင့်၎င်း အကြွင်းမဲ့ သတ္တဝါ အပေါင်းကို စောင့်ရှောက်ကြောင်းဖြစ်သော ကြောင့်၎င်း “သီလ”လည်း မည်၏ [၂၀]

ပစ္စုပ္ပန် တမလွန် နှစ်တန်သော ဘဝတို့၌ လောကီစည်းစိမ် ချမ်းသာနှင့် ဈာန် ဝိပဿနာ, မဂ်, ဖိုလ်, နိဗ္ဗာန်ဟူသော လောကုတ္တရာချမ်းသာကို ပေးတတ်, ဆောင်နှင်း တတ်သောကြောင့် “နိဒါန”လည်း မည်၏။

လူစည်းစိမ်, နတ်စည်းစိမ်တို့၏ အခြေခံ အကြောင်းရင်း ဖြစ်သောကြောင့် “မူလ”လည်း မည်၏။

သုံးဆောင်ခံစားအပ်သော နှစ်သက်ဖွယ် အာရုံတို့ကိုမှီ၍ ဖြစ်ပေါ်လာသော ချမ်းသာတို့၏ တည်နေရာ ခိုင်မာသောဌာနဖြစ်သောကြောင့် “ပတိဋ္ဌာ”လည်း မည်၏။

တစ်စုံတရာ အခက်အခဲ အကြပ်အတည်းနှင့် တွေ့ကြုံ ဆုံစည်းနေသူတို့၏ အကာအကွယ် အစောင့်အရှောက် အထောက်အကူ ဖြစ်၍ မှီခိုရာ, ထောက်တည်ရာ, လားရာ, ကိုးကွယ်လည်းလျောင်းရာ ဖြစ်သောကြောင့် “တာဏ လေဏ, ဂတိ, ပရာယဏတို့လည်း မည်၏ [၂၁]

သတ္တဝါတို့၏ ပစ္စုပ္ပန်, တမလွန် နှစ်တန်သော ဘဝတို့၌ တိုးတက်ကြီးပွါးကြောင်း ဖြစ်သောကြောင့် “ဒက္ခိဏာ”လည်း မည်၏ [၂၂]

ပူဇော်အပ်, ပူဇော်ကြောင်း ဖြစ်သောကြောင့် “ယည, ယာဂ”တို့လည်း မည်၏ [၂၃] [၁၀]

ဒါနဥပမာ အဖြာဖြာ[ပြင်ဆင်ရန်]

  • ဒါန-သည် သတ္တဝါတို့၏ အားထားမှီခိုရာ ဖြစ်သောကြောင့် “သီဟာသနရာဇပလ္လင်ကြီး”နှင့်တူ၏။
  • ရောက်လေရာရာ ဖြစ်လေရာရာ ဘဝတိုင်းတို့၌ ထောက်တည်ရာကို ရစေတတ်သောကြောင့် “မဟာပထဝီ = မြေကြီး”နှင့်လည်း တူ၏။
  • သတ္တဝါတို့သည် မြဲမြံတင်းကြပ်စွာ စွဲကိုင်အပ်သော တရားဖြစ်၍ “အာလမ္ဗဏရဇ္ဇု = လက်ကသုံးကြိုးတန်း”နှင့်လည်း တူ၏။
  • ဒုဂ္ဂတိဘဝ ဆင်းရဲဒုက္ခအမျိုးမျိုးမှ ထုတ်ဆယ်ကယ်တင်တတ်သော တရားဖြစ်၍ “နာဝါ = လှေ သင်္ဘော”နှင့်လည်း တူ၏။
  • လိုချင်တပ်မက်မှု “လောဘ”, နှမြောဝန်တိုမှု “မစ္ဆရိယ”-စသော ဆန့်ကျင်ဖက် ရန်သူဘေးမှ သက်သာရာကို ရစေတတ်သော တရားဖြစ်၍ “သင်္ဂါမသူရ = စစ်မြေပြင်ရောက် စစ်သူရဲကောင်း”နှင့်လည်း တူ၏။
  • ဆင်းရဲနွမ်းပါး ဥစ္စာရှားပါးခြင်း၏ ဘေးရန်မှ စောင့်ရှောက်ကာကွယ်တတ်သည် ဖြစ်၍ “သုသင်္ခတနဂရ = ကောင်းစွာတည်ဆောက်အပ်သော မင်းနေပြည်မြို့တော်”နှင့်လည်း တူ၏။
  • နှမြောဝန်တိုမှု “မစ္ဆရိယ” ပစ္စည်းကို တပ်မက်မှု “လောဘ”, အလှူခံ ပုဂ္ဂိုလ်နှင့် သတ္တဝါသင်္ခါရတို့၌ အမျက်ထွက်မှု “ဒေါသ”, သူတစ်ပါးစည်းစိမ်ကို ငြူစူမှု “ဣဿာ”, အမြင်မှားမှု “မိစ္ဆာဒိဋ္ဌိ”, တွေးတော ယုံမှားမှု “ဝိစိကိစ္ဆာစသော စိတ်၏အညစ်အကြေးတို့ မလိမ်းကျံ မကပ်ငြိနိုင်သော တရားဖြစ်၍ “ပဒုမ = ပဒုမ္မာကြာပန်း”နှင့်လည်း တူ၏။
  • ကိလေသာ လောင်စာအမှိုက်တို့ကို လောင်မြိုက်တတ်သော တရားဖြစ်၍ “အဂ္ဂိ = မီး”နှင့်လည်း တူ၏။
  • သဒ္ဓါနည်းပါး၍ မစ္ဆရိယများ သူတို့ ချဉ်းကပ်နိုင်ခဲသော တရားဖြစ်၍ “အာသီဝီသ = အဆိပ်ထန်သော မြွေနှင့်လည်း တူ၏။
  • ယခု နောင်ခါ နှစ်ဖြာသော ဘဝတို့၌ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ကင်း ရဲတင်းသော တရားဖြစ်၍ “သီဟ = ခြင်္သေ့မင်း”နှင့်လည်း တူ၏။
  • ဒါနပြုသူကို ယခုဘဝ၌ ခြွေရံသင်းပင်းနှင့် ပြည့်စုံစေ၌ နောင်တမလွန်ဘဝ၌ သူတစ်ပါးတို့ထက် ခွန်အား သာလွန် ကောင်းမွန်စေတတ်သော တရားဖြစ်၍ “ဟတ္ထိ = ဆင်ပြောင်ကြီး”နှင့်လည်း တူ၏။
  • ယခု နောင်ခါ နှစ်ဖြာသော ဘဝတို့၌ တိုးတက်ကြီးပွါးကြောင်း ကောင်းမြတ်သော မင်္ဂလာဟု ဘုရားရှင်တို့ သမုတ်အပ်သော တရားဖြစ်၍ “သေတဥသဘ = ငွေတောင်အတူ ကိုယ်လုံးဖြူသော နွားလား ဥသဘ”နှင့်လည်း တူ၏။
  • ဘေးရန်ထူလှ ဒုဂ္ဂတိ ဘဝမှ ဘေးရန်ကုန်ခန်း ငြိမ်းချမ်းသာယာသော သုဂတိဘဝသို့ ပို့ဆောင်တတ်သော တရားဖြစ်၍ “ဝလာဟကအဿရာဇာ = မြင်း ပျံရတနာ”နှင့်လည်း တူ၏ [၂၄]
  • အလှူရှင်၏ သိုမှီးသိမ်းထားအပ်သော “နိဟိတဘဏ္ဍက = ဥစ္စာဘဏ္ဍာထုပ်”နှင့်လည်း တူ၏ [၂၅]
  • ပေးကမ်း, စွန့်ကြဲ လှူဒါန်းခြင်းသည် စစ်တိုက်ခြင်းနှင့် တူ၏။ လောက၌ အသက် သေရမှာကြောက်ရွံ့သောသူသည် စစ်မတိုက် ဝံ့သကဲ့သို့ မိမိပစ္စည်းဥစ္စာ ကုန်မှာ ကြောက်ရွံ့သော သူသည်လည်း မပေး မလှူနိုင်။ အသက်ကိုလည်း စောင့်ရှောက်မည်, စစ်ကို လည်းတိုက်မည်”ဟု ဆိုသောသူသည် မည်သည့်အချိန်အခါမှ စစ်မတိုက်ဖြစ်။ အသက်ကို မငဲ့ကွက်ပဲ “သေချင် သေပါလေစေ” ဟု ဆိုကာ စွန့်လွှတ်နိုင်မှသာ စစ်တိုက်နိုင်၏။ ယင်းနည်းတူ မိမိပစ္စည်း ဥစ္စာကိုလည်း စောင့်ရှောက် ထိန်းသိမ်းမည်, အလှူလည်း ပေးမည်”ဟု ဆိုသောသူသည် မည်သည့်အချိန်အခါမှ မပေးမလှူဖြစ်၊ “ပစ္စည်း ဥစ္စာကုန်သော်လည်း ကုန်ပါလေစေ”ဟု ဆိုကာ ပစ္စည်းဥစ္စာ၌ တွယ်တာကပ်ငြိမှု “အာလယ” ပြတ်မှသာ ပေးလှူနိုင်၏။ ထို့ပြင် စစ်တိုက်ရာ၌ စစ်သည် အနည်း-အများသည် လိုရင်း ပဓာန မဟုတ်ပဲ ရဲစွမ်းသတ္တိ ရှိ-မရှိသာ လိုရင်းပဓာနဖြစ်၏။ စစ်သည်အင်အား နည်းပါးသော်လည်း ရဲစွမ်းသတ္တိရှိလျှင် သူရဲဘော သတ္တိညံ့၍ ကြောက်ရွံ့တတ်သော ရန်သူ စစ်သည်အင်အားအများကို အနိုင်ရသကဲ့သို့ ယုံကြည်မှု “သဒ္ဓါ-စသည်တို့နှင့် ပြည့်စုံသူသည် အနည်းငယ်သော လှူဖွယ်ဝတ္ထုကို လှူသော်လည်း များစွာသော နှမြောဝန်တိုမူ “မစ္ဆရိယ” ရန်သူကို နင်းချေနိုင်၏၊ ယုံကြည်မှု “သဒ္ဓါ”-စသည်ကို အခြေခံ၍ လှူဒါန်းလျှင် ညောင်စေ့သဖွယ် အနည်းငယ် လှူသော်လည်း ညောင်ပင်ကြီးပမာ များစွာသော အကျိုးကို ရနိုင်၏၊ ထို့ကြောင့် ပေးလှူခြင်းနှင့် စစ်တိုက်ခြင်း တူသည်-ဟု ဆိုရ၏ [၂၆] [၁၀]

ညောင်စေ့လောက်လှူပြီး ညောင်ပင်လောက် အကျိုးရပုံများ[ပြင်ဆင်ရန်]

နည်းနည်း လှူသော်လည်း အကျိုး များစွာ ရရာ၌— ဇနီးမောင်နှံ နှစ်ဦးလုံးမှ အပေါ်ရုံ စုလျားတထည်သာ ရှိ၍ ယင်း အပေါ်ရုံစုလျားကို ဝိပဿီဘုရားရှင်အား လှူဖို့ရန် ညဉ့်ဦးယာမ်, သန်းကောင်ယာမ် ၂-ယာမ်တိုင်တိုင် မစ္ဆေရရန်သူကို တွန်းလှန် တိုက်ဖျက်လျက် မိုးသောက်ယာမ်ရောက်မှ အထမြောက် အောင်မြင်စွာ လှူဒါန်းနိုင်သဖြင့် မျက်မှောက်ဘဝ၌ပင် ဗန္ဓုမမင်း၏ ဝတ်စုံ ၃၂-စုံကို ချီးမြှောက် ပူဇော်ခြင်းခံရသော “ဧကသာဋက” ပုဏ္ဏားဝတ္ထု [၂၇],

ငါတို့ ဘုရားရှင်အား အပေါ် စုလျား တထည် လှူဒါန်းခြင်းကြောင့် ပသေနဒီကောသလမင်းကြီး၏ ဝတ်စုံ ၃၂-စုံကို ချီးမြှောက် ပူဇော်ခြင်းခံရသော “စူဠဧကသာဋက— ပုဏ္ဏားဝတ္ထု [၂၈],

ပစ္စေကဗုဒ္ဓါအရှင်မြတ် ၁-ပါးအား သင်္ကန်း အနားပတ် လှူဒါန်းခဲ့ခြင်းကြောင့် မင်းဖြစ်သောအခါ၌ နတ်၌ဖြစ်သော ပုဆိုးပဒေသာ ၃၂ (အံဋ္ဌ), ၆၄(ပေတ၊ ဋ္ဌ)ပင် ပေါက်လာရသော အရှင်မဟာကဿပအလောင်း နန္ဒမင်း၏ဝတ္ထု [၂၉],

အရှင်သာရိပုတြာအား ပုဆိုးကြမ်းတထည် နှင့် တစ်ယောက်စာ နို့ဃနာဆွမ်းကို လှူဒါန်း ခဲ့ခြင်းကြောင့် ၂-ရက်တည်းနှင့်ပင် ဆွမ်းအုပ်ပေါင်း ၁၀၀၀ ကမ္ဗလာပုဆိုးပေါင်း၁၀၀၀ ရရှိသော တိဿသာမဏေဝတ္ထု [၃၀],

ဘုရားရှင်အား ပန်းဂ-ဆုပ် လှူဒါန်း ပူဇော်ခဲ့ခြင်းကြောင့် ဆင်မြင်း-စသည် ၈-ခု စီသော ဆုလာဘ်တို့ကို ယခု မျက်မှောက် ဘဝမှာပင် ရရှိခံစားရသော “သုမန”ပန်းသည် ဝတ္ထု [၃၁],

ပဒုမုတ္တရဘုရားရှင်၏ သုဇာတာမည်သော တပည့်သာဝကအား ပုဆိုးတပိုင်း လှူဒါန်းခဲ့ခြင်းကြောင့် အကြိမ်ကြိမ် လူ့စည်းစိမ်, ခံစားရပြီးလျှင် နောက်ဆုံးဘဝ၌ အလိုရှိခဲ့ပါမူ တော, တောင် အရပ်မျက်နှာ ရှိသမျှကို ခေါမပုဆိုးတို့ဖြင့် ဖုံးလွှမ်းနိုင်သည်အထိ အကျိုးရရှိသော ဥပဍ္ဎဒုဿဒါယက(စူဠဝစ္ဆ)ထေရ် ဝတ္ထု[၃၂]တို့ကို သာဓကအဖြစ် မှတ်သားရာ၏။ [၁၀]

များများလှူပြီ နည်းနည်း အကျိုးရပုံ[ပြင်ဆင်ရန်]

များများလှူသော်လည်း အကျိုး နည်း နည်းရရာ၌—နှစ်ပေါင်းများစွာ ထမင်းရေချောင်းစီး လှူဒါန်းခဲ့သော်လည်း တာဝတိံသာနတ်ပြည်သို့ ရောက်သောအခါ ဆွမ်း ၁-ယောက်မမျှ လှူဒါန်းခဲ့သော ဣန္ဒကနတ်သားလောက် ကိုယ်ရောင်ကိုယ်ဝါ မတောက်ပ-ပဲ အသက်စည်းစိမ် အခြွေအရံ-စသည်ဖြင့် အောက်တန်း ကျရသော အင်္ကုရနတ်သားဝတ္ထု [၃၃]ကို သာဓကအဖြစ် မှတ်သားရာ၏။ [၁၀]

ဒါန ပါဝင်သော တရားစုများ[ပြင်ဆင်ရန်]

  • ဒါနသည်–ပုညကိရိယဝတ္ထုတရား ၃-ပါး [၃၄],
  • ပုညာဘိသင်္ခါရတရား ၃-ပါး [၃၅],
  • သင်္ဂဟဝတ္ထုတရား ၄-ပါး [၃၆],
  • ရာဇဥပါယ် တရား ၄-ပါး [၃၇],
  • ပုညကိရိယတရား ၁၀-ပါး [၃၈],
  • ရာဇဓမ္မ-မင်းကျင့်တရား ၁၀-ပါး [၃၉],
  • ပါရမီ အကျဉ်း ၁၀-ပါး, အကျယ် ၃၀ [၄၀],
  • မင်္ဂလာတရား ၃၈-ပါး[၄၁] အစုတွင် ၁-ပါး အပါအဝင် ဖြစ်၏။ [၁၀]

ဒါနအင်္ဂါနှင့်စေတနာ[ပြင်ဆင်ရန်]

အလှူပေးရာ၌—

(၁) မလှူမီ ရှေးအဖို့၌ လှူဖွယ်ဝတ္ထုတို့ကို စုဆောင်းရှာဖွေရာ အခါမှ စ၍ “ငါသည် လောကီ လောကုတ္တရာ များစွာသော စည်းစိမ်တို့၏ အကြောင်းဖြစ်သော အနုဂါမိက (ဘဝစဉ်ဆက် လိုက်တတ်သော) အလှူမျိုးကို လှူရတော့မည်”ဟု ဝမ်းမြောက်ခြင်း ဟူသော ပုဗ္ဗစေတနာ စင်ကြယ်မှု,

(၂) လှူဖွယ်ဝတ္ထု၊ ပစ္စည်းစုကို အလှူခံ ပုဂ္ဂိုလ်၏ လက်ထဲသို့ထည့်၍ စွန့်လွှတ်လှူဒါန်း ဆဲအခါ “အနှစ်သာရမရှိသော ပစ္စည်းဥစ္စာမှ အနှစ်သာရရှိသော ကုသိုလ်မျိုးစေ့ကို ထုတ် ယူနေပါတကား”ဟု စိတ်ကြည်လင် ရွှင်ပျ ခြင်းဟူသော မုဉ္စစေတနာ စင်ကြယ်မှု,

(၃) ပေးလှူပြီးနောက် “ငါသည် ပညာရှိတို့ ချီး မွမ်းအပ်သော လှူဒါန်းမှုကို အတုလိုက်၍ ပြုလုပ်ရပေပြီ, ကောင်းလေစွာ့”ဟု အဖန်ဖန် အထပ်ထပ် အောက်မေ့ အမှတ်ရကာ ဝမ်း မြောက်ဝမ်းသာ ဖြစ်ခြင်းဟူသော အပရ စေတနာ စင်ကြယ်မှုအားဖြင့် အလှူပေး ဟုပုဂ္ဂိုလ်၏ အင်္ဂါ ၃-ပါး,

  • (၁) ရာဂကင်းမှု သို့မဟုတ် ရာဂကင်းရန်ကျင့်မှု
  • (၂) ဒေါသ ကင်းမှု သို့မဟုတ် ဒေါသကင်းရန် ကျင့်မှု,
  • (၃) မောဟကင်းမှု သို့မဟုတ် မောဟကင်း ရန် ကျင့်မှုအားဖြင့် အလှူခံပုဂ္ဂိုလ်၏ အင်္ဂါ ၃-ပါး၊ ဤသို့အားဖြင့် အင်္ဂါ ၆-ပါးရှိ၏။ [၁၀]

အကျိုးပေးသော ဒါန[ပြင်ဆင်ရန်]

(၁) အလှူပေးသူ (၂) အလှူခံ (၃) လှူဖွယ် ဝတ္ထု (၄) လှူကြောင်းစေတနာ ဤ ၄-ပါး ပြည့်စုံလျှင် ပေးလှူမှု “ဒါန” မြောက်၏။ အကျိုးဖြစ်စေ၏[၄၂]

သမုဒ္ဒရာရေ အတိုင်းအရှည်ပမာဏကို “ကွမ်း စား တရာ, ကွမ်းစား တထောင်, ကွမ်းစား တသိန်း ရှိ၏”ဟု မရေတွက် မမှန်းဆနိုင်သကဲ့သို့ ပြဆိုခဲ့ပြီးသော အင်္ဂါ ၆-ပါးနှင့် ပြည့်စုံသော အလှူဒါန၏ အကျိုးအာနိသင်အတိုင်း အရှည်ပမာဏကိုလည်း “ဤရွှေ့ ဤမျှရှိ၏”ဟု မရေတွက် မမှန်းဆနိုင် [၄၃]

အလှူဒါန ပြုလုပ်ကြသူတို့ မည်သည် မလှူမီ, လှူဆဲ, လှူပြီး ၃-ဌာနတို့တွင် ၁-ပါး ပါး၌ စေတနာ ပျက်ကွက် လှုပ်ရှားတတ်ကြ၏။ ပုဗ္ဗ, မုဉ္စ, ပစ္ဆာသမနုဿရဏ(အပရ) စေတနာ ၃-ပါးလုံး မလှုပ်မယိုင် ကြံ့ခိုင်စွာ တည်တံ့ပါမှ အလှူဒါနသည် အကျိုးများ၏ [၄၄][၁၀]

ဒါန မပြုဖြစ်သော တရားများ[ပြင်ဆင်ရန်]

ထို့ပြင်... ဒါနကောင်းမှု မပြုဖြစ်အောင် ပိတ်ဆို့နှောင့်ယှက် ကန့်ကွက်တတ်သော “ဒါန ဝိနိဗဒ္ဓ” တရားတို့လည်း ရှိသည်။ ယင်း-တို့ကား

  • (၁) ရှေးဘဝက ပေးလှူမှု၌ အလေ့အကျင့် မပြုလုပ်ခဲ့ခြင်း
  • (၂) လှူဖွယ် ဝတ္ထု ချို့တဲ့နည်းပါးနေခြင်း = မပြည့်စုံခြင်း
  • (၃) လှူဖွယ်ဝတ္ထု ပစ္စည်းစုက မလှူရက် လောက်အောင် အလွန်ကောင်းမွန်နေခြင်း,
  • (၄) လှူဖွယ်ဝတ္ထု ပစ္စည်းစုတို့ ကုန်ခန်းသွားမည်ကို ကြံတွေး စိုးရိမ်ခြင်း-တို့ ဖြစ်၏။ ယင်း ၄-ပါးတွင် ၁-ပါးပါးရှိလျှင် ပေးလှူမှု၌ စိတ်မညွတ်တတ် [၄၅][၁၀]

ဒါနပြုဖြစ်ရန် အကြောင်းများ[ပြင်ဆင်ရန်]

  • (၁) မိမိ ထံမှောက်သို့ အလှူခံပုဂ္ဂိုလ် ဆိုက်ရောက်လာခြင်း,
  • (၂) ကဲ့ရဲ့ပြစ်တင်မှု အပါယ်ကျမှုမှ ကြောက်ခြင်း
  • (၃) “ရှေးက ငါ့အား ဤ မည်သော ပစ္စည်းဝတ္ထုကို ပေးလှူဘူးပြီ၊ ယခုအခါ ငါက မပေးလှူလျှင် မသင့်လျော် ဟု နှလုံးသွင်း ဆင်ခြင်မိခြင်း
  • (၄) “ယခုအခါ ငါကပေးလှူလိုက်လျှင် ငါ့အား နောင် အခါ ပေးလှူလိမ့်မည်”ဟု နှလုံးသွင်းဆင်ခြင်မိခြင်း
  • (၅) “ပေးလှူမှုမည်သည် ဘုရား စသော ပညာရှိတို့ ချီးမွမ်းအပ်သည်ဖြစ်၍ ကောင်းမွန်သော အလုပ်ပေတည်း”ဟု နှလုံးသွင်း ဆင်ခြင်မိခြင်း
  • (၆) “ငါက ထမင်း, ဟင်း ချက်သောသူ ဖြစ်သည်၊ ဤရဟန်းတော်တို့ကား ထမင်း, ဟင်း ချက်သောသူတို့ မဟုတ်ကြ၊ ထမင်း, ဟင်း ချက်သော သူက ထမင်း ဟင်း မချက်သော အလှူခံတို့အား ပေးလှူထိုက်၏၊ မပေးလှူလျှင် မကောင်းပါတကား”ဟု အောက်မေ့ဆင်ခြင် မိခြင်း
  • (၇) ဂုဏ်သတင်း ကျော်စောခြင်းကို လိုလား မျှော်လင့်ခြင်း,
  • (၈) သမထ ဝိပဿနာစိတ်ကို တင့်တယ်စေသော အဆင်း တန်ဆာ အခြံအရံ ဖြစ်စေလိုခြင်းအားဖြင့် ၈-ပါးရှိ၏ [၄၆]

ထို့ပြင်-

  • (၁) ချစ်ခင်မြတ်နိုးခြင်း,
  • (၂) မုန်းတီးစိတ်ဆိုးခြင်း,
  • (၃) တွေဝေမိုက်မဲခြင်း,
  • (၄) ကဲ့ရဲ့ပြစ်တင်မှု, အပါယ်ကျုမှု, ရိုက်နှက် ပုတ်ခတ်သတ်ဖြတ်မှုမှ ကြောက်ခြင်း,
  • (၅) မိရိုးဖလာ လှူရိုးလှူစဉ် မပျက်ကွက် မယုတ် လျော့စေလိုခြင်း,
  • (၆) “ပေးလှူလိုက်လျှင် နတ်ပြည်ရောက်လိမ့်မည်”ဟု နတ်စည်းစိမ်ကို မြှော်ကိုးတောင့်တခြင်း,
  • (၇) “ပေးလှူနေ ရလျှင် ငါ၏စိတ်ဟာ ကြည်လင်ရွှင်ပျနေသည်”ဟု မိမိ၏စိတ် ကြည်လင်ရွှင်ပျမှုကို လိုလားခြင်း,
  • (၈) လှူသူ, အလှူခံသူ ၂-ဦးတို့၏ စိတ်ကို နူးညံ့စေသည်ဖြစ်၍ စိတ်၏ အဆင်းတန်ဆာ ဖြစ်စေလိုခြင်းအားဖြင့် ၈-ပါးပင်ရှိ၏ [၄၇]


  • (၁) ကံ, ကံ၏အကျိုးကို ယုံကြည်ခြင်း
  • (၂) လှူဖွယ်ဝတ္ထု ပစ္စည်းစု ထင်ရှားရှိခြင်း
  • (၃) အလှူခံပုဂ္ဂိုလ် ထင်ရှားရှိခြင်းကြောင်း ၃-ပါးကြောင့် ပေးလှူမှု “ဒါန” ပြုဖြစ်၏ (ဣတိဝုတ်၊ဋ္ဌ၊၂၉၆)။ [၁၀]

လက်တွေ့လှူဒါန်းမှသာ ဒါနကုသိုလ်ဖြစ်နိုင်[ပြင်ဆင်ရန်]

ယုံကြည်မှုသဒ္ဓါပါး၍ မာယာများသူတို့က “လှူဖွယ်ဝတ္ထုကို မလှူဒါန်းပဲ လှူလိုစိတ် ဖြစ်ရုံမျှဖြင့် ဒါနကုသိုလ် ရနိုင်သည်”ဟု ယူဆကြ၏။ အမှန်မှာ ယင်းသို့မဟုတ်၊ “ယုံယုံ ကြည်ကြည် ပေးလှူမည်”ဟူသော စိတ်ဖြင့် လှူဖွယ်ဝတ္ထုကို လက်တွေ့ လှူဒါန်းမှသာ ဒါနကုသိုလ် ရနိုင်သည် [၄၈]

ဆက်စပ်ဖတ်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒါန (န) [ဒါ+ ယု။ ရူ၊ ၅၉၇။ နီတိ၊ ဓာ၊ ၇၄၊ ၂၂၆။ ဓာတုတ္ထ။ ၁၈၇။ ဒေ+ယု။ နီတိ၊ဓာ၊၈၃။ ဓာတွတ္ထ။ ၁၉၈။ ဒါ+အန။ မောဂ်။ ပဉ္စိကာ၊၅၊၄၈။ ဒီယတေ ဒါနံ၊ ဒိယျတိ ဧတေနာတိ ဝါ ဒါနံ။ နိရုတ္တိ၊၇၈၈။ (ဒါနမ်-သံ, ဒါဏ အဒ္ဓမာဂမီ)]
  2. (၁) ပေး-ပေးကမ်း-ခြင်း(ဒါနဥပါယ်-စသည်)။ ဣတ္ထန္နာမဿ ဘိက္ခုနော တိစီဝရေန အဝိပ္ပဝါသသမ္မုတိယာ ဒါနံ။ ဝိ၊၁၊၂၉၈။ ဆာရတ္တံ မာနတ္တဿ ဒါနံ။ ဝိ၊၄၊၁၀၅။ ဇိနေ ကဒရိယံ ဒါနေန။ ဓမ္မ၊၄၆။ ဇာ၊၁၊၃၆။ အံ၊ဋ္ဌ၊၁၊၃၄၇။ ဓမ္မ၊ဋ္ဌ၊၂၊၂၀၂။ ဇာ၊ဋ္ဌ၊၂၊၄။ အတ္တနော ဘဏ္ဍဿ ဒါနံ။ သာရတ္ထ၊၂၊၄၂၅။ ဒါနတောတိ အညဿ ဒါနေန။ ဝိ၊နိစ္ဆယ၊ဋီ၊၁၊၇၄၇-၈။ ဘေဒေါ ဒဏ္ဍော သာမဒါနာနျူပါယာ စတုရော ဣမေ။ ဓာန်၊၃၄၈။ (ဝိ၊၄၊၂၂၉။ ဝိ၊ဋ္ဌ၊၄၊၂၅၁။ သံ၊ဋီ၊၂၊၅၄၉။ အံ၊ဋီ၊၂၊၇၃။)
  3. (က) လှူ-လှူဒါန်း-အလှူပေး-လှူခြင်း။ သာဓု ခေါ် မာရိသ ဒါနံ။ သံ၊၁၊ဝ၉။ ဒွေမာနိ ဘိက္ခဝေ ဒါနာနိ။ အံ၊၁၊၉၀။ ဒါနဉ္စ ဓမ္မစရိယာ စ (သမစရိယဉ္စ)။ ခုဒ္ဒက၊၄။ ဣတိဝုတ်၊၂၀၅။ သုတ္တနိ၊၃၁၉။ (ဒီ၊၂၊၁၅၂။ ပေတ၊၁၅၁။ ဣတိဝုတ်၊ဋ္ဌ၊၁၂၊ ၇၄၊ ၂၂၆။ ပေတ၊ဋ္ဌ၊၉၇၊ ၁၁၆။ သာရတ္ထ၊၃၊၁၂၄။ ဝိမတိ၊၂၊၇၇။)
  4. (ခ) ပူဇော်ခြင်း။ ဒါနေ ယညဿ ဝါဝဋာ-(ပေတ၊၁၅၉) တိ မဟာယာဂသညိတဿ ယညဿ ဒါနေ ယဇနေ ဝါဝဋာ ဥဿုက္ကံ အာပန္နော။ ပေတ၊ဋ္ဌ၊၁၂၆။ (၆) အနက်လည်း ဆက်ကြည့်။
  5. (ဂ) ချီးမြှောက်-ထောက်ပံ့-ခြင်း။ (၆) အနက်ကြည့်။
  6. (ဃ) စွန့်ကြဲခြင်း။ ဒါနဿာ(ဒီ၊၂၊၁၅၂) တိ သမ္ပတ္တိပရိစ္စာဂဿ။ ဒီ၊ဋ္ဌ၊၂၊၂၂၃။ ဒါနဿာ (ဣတိဝုတ်၊၂၀၅)တိ အန္နာဒိဒေယျဓမ္မပရိစ္စာဂဿ။ ဣတိဝုတ်၊ဋ္ဌ၊၇၄။ (၁၅) (၁၆) (၁၇) အနက်တို့လည်း ကြည့်။
  7. (၆) ကံ၏ အကျိုးကို ယုံကြည်၍ တရိုတသေ–ပေး–လှူ “ပူဇော်–စွန့်ကြဲ–အပ်-သော(ပစ္စည်း ဝတ္ထု)။ ဒါန(ဣတိဝုတ်၊၂၆၁)န္တိ ဒါတဗ္ဗံ၊ သဝတ္ထုကာ ဝါ စေတနာ ဒါနံ၊ သမ္ပတ္တိပရိစ္စာဂဿေတံ အဓိဝစနံ။ ဣတိဝုတ်၊ဋ္ဌ၊၂၉၄။ ဒါန(သံ၊၁၊၅၇။ သံ၊ဋ္ဌ၊၁၊၁၀၆)န္တိ ယိဋ္ဌံ။ သံ၊ဋီ၊၁၊၁၅၆။ ဒါန(ဇာ၊ဋ္ဌ၊၃၊၂၅၈) န္တိ ကမ္မဖလံ သဒ္ဒဟိတွာ ဒိန္နဒါနံ။ အထ ဝါ ဒါနံ နာမ ပူဇာနုဂ္ဂဟပုဗ္ဗင်္ဂမံ။ ဇာ၊ဋီ၊၆၊၃၈၅။ (စရိယာ၊၃၉၆။ အံ၊ဋ္ဌ၊၂၊၆၀။ အံ၊ဋ္ဌ၊၃၊၂၀။ စရိယာ၊ဋ္ဌ၊၁၀၅-၆၊ ၂၆၃။ အံ၊ဋီ၊၂၊၅၈။ အံ၊ဋီ၊၃၊၁၆၊ ၂၈၈။)
  8. (၇) ပေး-ပေးကမ်း-လှူဒါန်း-စွန့်ကြဲကြောင်းဖြစ်သော (စေတနာ-စသည်)။ ဒါနေနာ(သံ၊၁၊၂၉)တိ ဒါနစေတနာယ။ သံ၊ဋ္ဌ၊၁၊၇၇။ ဒါနာနီ (အံ၊၃၊၇၆)တိ စေတနာဒါနာနိ။ အံ၊ဋ္ဌ၊၃၊၂၃၂။ ဒါနံ နာမ တိဝိဓံ စာဂစေတနာပိ ဝိရတိပိ ဒေယျဓမ္မောပိ။ ... တတ္ထ စာဂစေတနာ “ဒေတိ ဝါ ဒေယျဓမ္မံ ဒေန္တိ ဝါ ဧတာယ ဒေယျဓမ္မ”န္တိ ဒါနံ။ ဝိရတိ အဝခဏ္ဍနဋ္ဌေန လဝနဋ္ဌေန ဝါ ဒါနံ။ သာ ဟိ ဥပ္ပဇ္ဇမာနာ ဘယဘေရဝါဒိသင်္ခါတံ ဒုဿီလျစေတနံ ဒါတိ ခဏ္ဍေတိ လုနာတိ ဝါတိ ဒါနံ။ ဒေယျဓမ္မော ဒိယျတီတိ ဒါနံ။ အဘိ၊ဋ္ဌ၊၃၊၁၉၇။ ဒါနံ နာမ ပရံ ဥဒ္ဒိဿ သုဗုဒ္ဓိပုဗ္ဗိကာ အန္နာဒိဒသဒါနဝတ္ထုပရိစ္စာဂစေတနာ, တံသမ္ပယုတ္တော ဝါ အလောဘော။ ခုဒ္ဒက၊ဋ္ဌ၊၁၁၈။ သုတ္တနိ၊ဋ္ဌ၊၂၊၂၃။ (အံ၊ဋ္ဌ၊၂၊၆၀။ ဒီ၊ဋီ၊၃၊၁၀၃၊ ၂၀၅။ အံ၊ဋီ၊၂၊၅၈။ အံ၊ဋီ၊၃၊၂၈၈။ မူလဋီ၊၂၊၉၄။ ဝိသုဒ္ဓိ၊ဋီ၊၁၊၂၈၂။
  9. (၈) ဒါနပါရမီ (မြတ်သူတို့၏ ဥစ္စာဖြစ်သော အလှူ ပေးမှု)။ ဒါနံ သီလဉ္စ နိက္ခမံ။ ဗုဒ္ဓဝံ၊၃၀၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၇၉။ စရိယာ၊ဋ္ဌ၊၇။ ဒီ၊ဋီ၊၁၊၆၈။ (စရိယာ၊ဋ္ဌ၊၃၄။ ၂၀၇။)
  10. ၁၀.၀၀ ၁၀.၀၁ ၁၀.၀၂ ၁၀.၀၃ ၁၀.၀၄ ၁၀.၀၅ ၁၀.၀၆ ၁၀.၀၇ ၁၀.၀၈ ၁၀.၀၉ ၁၀.၁၀ ၁၀.၁၁ ၁၀.၁၂ ၁၀.၁၃ တိပိဋကအဘိဓာန် အတွဲ-၁၀
  11. (သံ၊၂၊၂၀၅-၆။ ဣတိဝုတ်၊၂၄၀။ ဝိ၊ဋ္ဌ၊၄၊၁၈၂။ ဒီ၊ဋ္ဌ၊၃၊၁၀၆၊ ၁၈၀။ သံ၊ဋ္ဌ၊၂၊၃၂၀-၁။ အဘိ၊ဋ္ဌ၊၁၊၂၀၁။ ဣတိဝုတ်၊ဋ္ဌ၊၂၂၆။ အံ၊ဋီ၊၃၊၂၃၇-၈။ ဓာန်။ ဓာန်၊ဋီ၊၄၂၂။ သီဟိုဠ်၊ ဇာ၊ဋ္ဌ၊ဂဏ္ဌိ၊၂၊၁၇။)
  12. (ဒီ၊ဋ္ဌ၊၃၊၁၀၀။ အဘိ၊ဋ္ဌ၊၁၊၂၀၁။ အံ၊ဋီ၊၃၊၂၃၇၈)။
  13. (ဓာန်၊ဋီ၊၄၂၂)။
  14. (သီ၊ဋီ၊သစ်၊၁၊၂၅၂)။
  15. (စရိယာ၊ဋ္ဌ၊၂၇၃)။
  16. (သာရတ္ထ၊၃၊၁၉၃။ ဒီ၊ဋီ၊၂၊၆၈။ မ၊ဋီ၊၃၊၃၇။ အံ၊ဋီ၊၃၊၂၂၁)
  17. (စရိယာ၊ဋ္ဌ၊၂၉၇)
  18. (ဇာ၊၁၊၃၀၄။ ဒီ၊ဋ္ဌ၊၁၊၁၆၀။ ဒီ၊ဋီ၊၁၊၂၃၉။ သီ၊ဋီ၊သစ်၊၂၊၇၃)
  19. (ဒီ၊ဋ္ဌ၊၁၊၁၆၀-၁။ မ၊ဋ္ဌ၊၁၊၃၄၆-၈။ ခုဒ္ဒက၊ဋ္ဌ၊၁၂၈။ ဣတိဝုတ်၊ဋ္ဌ၊၁၀၂။ သုတ္တနိ၊ဋ္ဌ၊၂၊၃၃။ သာရတ္ထ၊၁၊၃၃၂။ အံ၊ဋီ၊၂၊၂၅၅။ နီတိ၊ဓာ၊၁၄၇)
  20. (ဒီ၊ဋီ၊၁၊၃၃၄။ သီ၊ဋီ၊သစ်၊၂၊၃၂၄)
  21. (ဒီ၊ဋ္ဌ၊၂၊၆၂။ မ၊ဋ္ဌ၊၃၊၆၄။ အံ၊ဋ္ဌ၊၃၊၂၁၃။ ဥဒါန၊ဋ္ဌ၊၂၅၅။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄၄။ သာရတ္ထ၊၃၊၁၉၂။ ဒီ၊ဋီ၊၂၊၆၇။ မ၊ဋီ၊၃၊၃၆။ အံ၊ဋီ၊၃၊၂၂၁-၂)
  22. (အံ၊ဋ္ဌ၊၂၊၂၉)
  23. (သုတ္တနိ၊၃၄၆။ သုတ္တနိ၊ဋ္ဌ၊၂၊၁၃၂)။
  24. (ဒီ၊ဋ္ဌ၊၂၊၆၂။ မ၊ဋ္ဌ၊၃၊၆၄။ အံ၊ဋ္ဌ၊၃၊၂၁၃။ ဥဒါန၊ဋ္ဌ၊၂၅၅-၆။ ဗုဒ္ဓဝံ၊ဋ္ဌ၊၁၄၄-၅။ သာရတ္ထ၊၃၊၁၉၂-၃။ ဒီ၊ဋီ၊၂၊၆၇-၈။ မ၊ဋီ၊၃၊၃၆-၇။ အံ၊ဋီ၊၃၊၂၂၁-၂)
  25. (သံ၊ဋ္ဌ၊၁၊၇၇။ သံ၊ဋီ၊၁၊၁၁၈)
  26. (သံ၊၁၊၂၀။ ဇာ၊၁၊၁၈၃။ သံ၊ဋ္ဌ၊၁၊၅၈။ ဇာ၊ဋ္ဌ၊၃၊၄၄၈-၉။ သံ၊ဋီ၊၁၊၁၀၄)၊
  27. (အံ၊ဋ္ဌ၊၁၊၁၃၀-၁)
  28. (ဓမ္မ၊ဋ္ဌ၊၂၊၂)
  29. (အံ၊ဋ္ဌ၊၁၊၁၃၁-၅။ ပေတ၊ဋ္ဌ၊၆၈-၉)
  30. (ဓမ္မ၊ဋ္ဌ၊၁၊၃၃၃-၆)
  31. (ဓမ္မ၊ဋ္ဌ၊၁၊၃၀၆၊ ၃၁၀)
  32. (အပ၊၂၊၇၆-၇။ ထေရ၊ဋ္ဌ၊၁၊၈-၉)
  33. (ပေတ၊၁၅၉၊ ၁၆၀။ သံ၊ဋ္ဌ၊၁၊၅၉။ ပေတ၊ဋ္ဌ၊၁၂၅-၈)
  34. (အံ၊၃၊၇၂။၃။ ဒီ၊ဋ္ဌ၊၃၊၁၈၁။ အဘိ၊ဋ္ဌ၊၁၊၂၀၁-၂။ ဣတိဝုတ်၊ဋ္ဌ၊၁၉၄-၅။ ဒီ၊ဋီ၊၃၊၂၀၆။ အံ၊ဋီ၊၃၊၂၃၇-၉)
  35. (အဘိ၊ဝိ၊၁၄၃။ ဒီ၊ဋ္ဌ၊၃၊၁၈၀)
  36. (ဒီ၊၃၊၁၂၅၊ ၁၅၅-၆၊ ၁၉၃။ အံ၊၁၊၃၄၁။ ဇာ၊ ၂၊၈၁။ ဒီ၊ဋ္ဌ၊၃၊၁၁၀။ အံ၊ဋ္ဌ၊၂၊၂၉၀။ ပဋိသံ၊ဋ္ဌ၊၁၊၂၇၁။ ဥဒါန၊ဋ္ဌ၊၉၂။ အပ၊ဋ္ဌ၊၂၊၁၇၅။ စရိယာ၊ဋ္ဌ၊၁၈၁၊ ၂၅၅၊ ၃၁၉။ နေတ္တိ၊ဋ္ဌ၊၂၃၆။ သံ၊ဋီ၊၂၊၄၂၉)
  37. (ဓာန်။ ဓာန်၊ဋီ၊၃၄၈)
  38. (သင်္ဂဟ၊၃၄။ ဝိဘာဝိနီ၊၁၇၅)
  39. (ဇာ၊၂၊၉၇။ ဇာ၊ဋ္ဌ၊၃၊၂၅၈၊ ၃၀၀၊ ၃၉၁။ ဇာ၊ဋ္ဌ၊၅၊၄၀၃)
  40. (အပ၊၂၊၃၀၆။ ဒီ၊ဋ္ဌ၊၂၊၂၄၄။ ဗုဒ္ဓဝံ၊ဋ္ဌ၊၇၉။ စရိယာ၊ဋ္ဌ၊၇၊ ၂၇၀။ ဒီ၊ဋီ၊၁၊၆၈။ သီ၊ဋီ၊သစ်၊၁၊၂၄၉၊ မ၊ဋီ၊၁၊၃၈။ သံ၊ဋီ၊၁၊၃၅)
  41. (ခုဒ္ဒက၊၃၊၄၊သုတ္တနိ၊၃၁၈-၉။ ခုဒ္ဒက၊ဋ္ဌ၊၁၀၄၊ ၁၃၀။ သုတ္တနိ၊ဋ္ဌ၊၂၊၁၀၊ ၃၇)
  42. (ပေတ၊၁၂၇။ ပေတ၊ဋ္ဌ၊၇)
  43. (အံ၊၂၊၂၉၅-၆။ ပေတ၊၁၅၉)
  44. (ဒီ၊ဋ္ဌ၊၁၊၂၆၇-၈)
  45. (စရိယာ၊ဋ္ဌ၊၃၁၈။ သီ၊ဋီ၊သစ်၊၁၊၂၉၅)၊
  46. (ဒီ၊၃၊၂၁၄။ အံ၊၃၊၆၈)
  47. (အံ၊၃၊၆၉)
  48. (ဒီ၊ဋ္ဌ၊၂၊၃၇၇။ သံ၊ဋ္ဌ၊၃၊၁၉၄။ အံ၊ဋ္ဌ၊၁၊၃၉၁။ အဘိ၊ဋ္ဌ၊၂၊၂၆၄။ ဒီ၊ဋီ၊၂၊၃၂၈။ သံ၊ဋီ၊၂၊၄၃၄။ အံ၊ဋီ၊၁၊၂၅၅)