ဒစ်ဂျစ်တယ်နိုင်ငံသား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဒစ်ဂျစ်တယ်နိုင်ငံသား (Digital Citizen)[ပြင်​ဆင်​ရန်​]

အိုင်တီဖြင့် အသက်မွေးသူဖြစ်စေ၊ အိုင်တီကို သုံးစွဲနေသူများ ဖြစ်စေ ဒစ်ဂျစ်တယ်နိုင်ငံသား (Digital Citizen) ဟုခေါ်သည်။ ဒစ်ဂျစ်တယ်နိုင်ငံသားခံယူရန် မည်သည့်သတ်မှတ်ချက်မျှမလို။ သို့သော် ကွန်ပျူတာ၊ မိုဘိုင်းဖုန်းတစ်ခုခုတော့ သုံးတတ်ရန်လိုပါသည်။ ဒစ်ဂျစ်တယ်နိုင်ငံသားအဖြစ် အဆင့်မြှင့်ချင်လျှင် ဘလော့ဂ် (Blog) တွေကိုဖန်တီးနိုင်ရမည်။ လူမှုရေးကွန်ရက် (Social Networking) များတွင် ပူးပေါင်းပါဝင်လှုပ်ရှားနိုင်ရမည်။ ဆိုလိုသည်မှာ ခေတ်သစ်အိုင်တီနှင့် မီဒီယာကို အပြည့်အဝအသုံးပြုရမည် ဖြစ်သည်။ ဒစ်ဂျစ်တယ်နိုင်ငံသားအဖြစ် စတင်အသိအမှတ်ပြုချိန် သည် ကလေးဘဝကတည်းက ကွန်ပျူတာ၊ အီးမေးလ်၊ ဖုန်းများကို ပြောတတ် သုံးတတ်ချိန်မှစသည်။ အဆင့်မြင့်လာလျှင် ပုံတွေကို ပို့တတ်ယူတတ်လာမည်။ E-Commerce ကိုကောင်းကောင်း အသုံးချလာနိုင်မည်။ အွန်လိုင်းမှ ဈေးဝယ်တတ်လာမည်။ B2C နှင့် B2B အကြောင်းတွေကောင်းကောင်းသိလာမည်။ အဆင့်မြင့်ဒစ်ဂျစ်တယ်နိုင်ငံသားများအဖြစ် e-Government ကို သတ်မှတ်နိုင်သည်။ အီလက်ထရောနစ်နည်းပညာကို အုပ်ချုပ်ရေးနှင့် နိုင်ငံအတွက် အကျိုးရှိစွာ အသုံးပြုတတ်သောကြောင့်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် e-Government ကို အကောင်အထည် ဖော်နိုင်ပြီဆိုခြင်းကလည်း ဂုဏ်တစ်ခုဖြစ်လာသည်။ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးတွင် ဒစ်ဂျစ်တယ်နိုင်ငံသားများ မရှိလျှင် ခေတ်နောက်ပြန်ကျသွားပြီဟုဆိုရမည်။ ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်ရေးအတွက် ဒစ်ဂျစ်တယ်သုံးစွဲခွင့် အပြည့်အဝပေးထားနိုင်ရန် အရေးကြီးသည်။ အွန်လိုင်းမှ အခွန်ငွေများပေးဆောင်နိုင်မည်၊ အွန်လိုင်းမှ လက်မှတ်များထုတ်ယူမည်။ မလိုလားအပ်သည့် ကြိုးနီစနစ်နှင့် ဗြူရိုကရေစီစနစ်များ ပပျောက်သွားပါလိမ့်မည်။ မလိုအပ်ဘဲ ဝန်ထမ်းဦးရေဖောင်းပွမှုကို လျှော့ချနိုင်သဖြင့် နိုင်ငံကုန်ကျ စရိတ်များလည်း သက်သာနိုင်သည်။

ယခုအခါ အင်တာနက်အွန်လိုင်းပေါ်ရှိ web site များတွင် e-Democracy အနေဖြင့် လှုပ်ရှားမှုများကိုလည်း တွေ့မြင်လာရသည်။ လူတိုင်းအတွက် ဒီမိုကရေစီဆိုင်ရာသဘောတရားများ ပြန့်ပွားရေးကို လုပ်ဆောင်လာကြခြင်းဖြစ်သည်။ နိုင်ငံတိုင်း အင်တာနက်ဖြင့် စီးပွားရေးလုပ်ဆောင်ရာတွင် ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်မှုများရရှိခဲ့ကြောင်း သက်သေအထောက်အထားများ ပြသနိုင်ခဲ့ပါသည်။ သို့သော် ဒစ်ဂျစ်တယ်ကွာဟချက်များ (Digital Divided) ကတော့ ရှိနေဆဲဖြစ်သည်။ ဒစ်ဂျစ်တယ်ကွာဟချက်များ ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းကို ပြန်ဆန်းစစ်လျှင် ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုခွင့်နည်းပါးခြင်း၊ ဒစ်ဂျစ်တယ်နိုင်ငံသားများ နည်းပါးခြင်းဆိုသည့် အချက်များပေါ်တွင် အခြေခံနေကြောင်းတွေ့ရသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒစ်ဂျစ်တယ်နိုင်ငံသားများသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးဆောင်သည့် ရှေ့ပြေးများဖြစ်ကြသည်။ အာဖရိကတိုက်တွင် တယ်လီဖုန်းလိုင်းများ တွေ့မြင်ရနည်းသော်လည်း ကြိုးမဲ့ဖုန်းများသုံးစွဲပြီး ဒစ်ဂျစ်တယ်နိုင်ငံသားအဖြစ် ခံယူသူဦးရေ တိုးတက်များပြားလာမှုဖြင့် သက်သေပြနိုင်ပါသည်။

Mike Ribble ဆိုသူ ပညာရှင်တစ်ယောက်က ဒစ်ဂျစ်တယ် နိုင်ငံသားဖြစ်မှုတွင် အချက် ၉ ချက်ဖြင့်တိုင်းတာနိုင်သည်ဟု ဆိုပါသည်။ ထိုအချက်များမှာ

  1. ဒစ်ဂျစ်တယ်ကို ရယူသုံးစွဲနိုင်သည့် အခွင့်အလမ်းရှိရမည်၊
  2. ကုန်သွယ်ရာတွင် သုံးနိုင်ရမည်၊
  3. ဆက်သွယ်ရေးအတွက် သုံးစွဲနိုင်ရမည်၊
  4. စာတတ်မြောက်ရေးနှင့် အသိပညာ ဗဟုသုတရရှိရေးအတွက် အသုံးပြုနိုင်ရမည်၊
  5. လူမှုဆက်ဆံရေး တိုးတက်စေရမည်၊
  6. ဥပဒေကိုသိရမည်၊
  7. လူ့အခွင့်အရေးနှင့် တာဝန်ယူတတ်မှုများကို နားလည်သဘောပေါက်ရမည်၊
  8. ကျန်းမာရေးနှင့် ချမ်းသာရေးအတွက် ဆောင်ရွက်နိုင်ရမည်၊
  9. ဘဝလုံခြုံရေးအတွက် အသုံးပြုနိုင်ရမည်ဟူ၍ဖြစ်ပါသည်။

ဒစ်ဂျစ်တယ် တတ်မြောက်ရေးလှုပ်ရှားမှု[ပြင်​ဆင်​ရန်​]

နိုင်ငံတကာတွင် စာတတ်မြောက်ရေးလှုပ်ရှားမှုများကို အမျိုးသား ရေးအသွင်တစ်ရပ်အနေဖြင့် လှုပ်ရှားလေ့ရှိကြသည်။ "ဒစ်ဂျစ်ဖြစ်ရေး သို့မဟုတ် ဒစ်ဂျစ်တယ်အကြောင်း တတ်သိနားလည်ရေး"ကိုလည်း (Digital Literacy) အနေဖြင့် လှုပ်ရှားရမည်မည့်ခေတ် ရောက်လာပြီ ဖြစ်သဖြင့် "ဒစ်ဂျစ်တယ်တတ်မြောက်ရေး" ဟုခေါ်ဆိုလိုက်ရ ခြင်းဖြစ် သည်။


ဒစ်ဂျစ်တယ်နားလည်ရေး၊ တတ်မြောက်အကျွမ်းဝင်ရေးဆို သည်မှာ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ရှာဖွေခြင်း၊ စုစည်းခြင်း၊ သဘော ပေါက်စေခြင်း၊ ပိုင်းဖြတ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းကိုလည်း ခေါ်ဆို သည်။ လက်ရှိပေါ်ထွန်းနေသည့် အဆင့်မြင့်နည်းပညာများဖြင့် လုပ်ငန်းမှန်သမျှလုပ်ဆောင်နိုင်ခြင်း၊ ထိုနည်းပညာကို မည်သို့ အသုံးပြုရမည်ကို သိရှိခြင်းကလည်း ဒစ်ဂျစ်တယ်တတ်မြောက်ခြင်း ဖြစ်သည်။ ဒစ်ဂျစ်တယ်အကြောင်းကောင်းကောင်းသိသူများသည် လုပ်ငန်းကို ထိရောက်စွာအသုံးချနိုင်သည်။ အသိပညာက ကျွမ်းကျင်မှု ကိုဖြစ်စေသည့်အတွက် ဒစ်ဂျစ်တယ်တတ်မြောက်ရေးကို ဆောင်ရွက် ရခြင်းဖြစ်သည်။


ဒစ်ဂျစ်တယ်ကို မည်သို့အသုံးပြုရမည်ကို သုတေသနပြုခြင်း ဖြင့် သိလိုသည့်အရာကို ရှာဖွေနိုင်မည်၊ အကျိုးရှိစွာ အသုံးပြုနိုင် မည်၊ အကျယ်ကို အကျဉ်းချုံ့နိုင်မည်၊ အကဲဖြတ်နိုင်မည်၊ ဖန်တီး နိုင်မည်ဖြစ်သည်။ ထိုအချက်များသည် ကွန်ပျူတာအသုံးပြုတတ် ခြင်း၊ အသုံးမပြုတတ်ခြင်းနှင့် မဆိုင်သည့်ကိစ္စဖြစ်သည်။


ဒစ်ဂျစ်တယ်တတ်မြောက်ရေးသည် ကွန်ပျူတာ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ၊ အင်တာနက်၊ ဆဲလ်ဖုန်း၊ PDA နှင့် အခြား ဒစ်ဂျစ်တယ် ပစ္စည်းများနှင့်လည်း ဆက်စပ်နေပါသည်။ အထူးသဖြင့် လုပ်ငန်း အတွက် အကျိုးရှိစွာအသုံးပြုနေလျှင် ဒစ်ဂျစ်တယ်တတ်မြောက်ရေး သည် ပိုပြီးပိုင်းဖြတ်ရလွယ်ကူမည်ဖြစ်သည်။ အထူးသဖြင့် ဒစ်ဂျစ်တယ်နိုင်ငံသားဖြစ်မှု (Digital Citizen) သည် ဒစ်ဂျစ်တယ် တတ်မြောက်ရေး (Digital Literacy) နှင့် များစွာဆက်စပ်လျက်ရှိနေ ပါသည်။


ဒစ်ဂျစ်တယ်တတ်မြောက်မှုရှိခြင်းကို ဒစ်ဂျစ်တယ်မီဒီယာတွင် မည်မျှကျွမ်းကျင်မှုရှိကြောင်း ပြသနိုင်ခြင်းဖြင့် ပိုင်းဖြတ်နိုင်ပါသည်။နည်းပညာတိုးတက်ပြောင်းလဲမှုများသဖြင့် ဒစ်ဂျစ်တယ်တတ်မြောက်မှု စစ်ဆေးသည့်စံနှုန်းလည်း ပြောင်းလဲနိုင်ပါသည်။ သို့ဖြစ်ရာ တိုင်းတာ စံနှုန်းကို ပုံသေသတ်မှတ်ထား၍ မရနိုင်ပေ။

လုပ်ငန်းခွင်တွင်လိုအပ်လာခြင်း[ပြင်​ဆင်​ရန်​]

ယခင်က စာပေမတတ် ကြက်ခြေခတ်၊ လက်ဗွေအမှတ်ကြောင့် နိမ့်ကျသည်ဟု ပြောပါသည်။ ယခုအခါ ကွန်ပျူတာမသုံးတတ်လျှင် ခေတ်နောက်ကျသည်ဟုဆိုရမည်။ ဒစ်ဂျစ်တယ်တတ်မြောက်လျှင် စီးပွားရေးလုပ်ဆောင်ရာတွင်လည်း လုံခြုံစိတ်ချရမှုရှိလိမ့်မည်။ လုပ်ငန်းတွေအတွက်လူခေါ်လျှင်လည်း ကွန်ပျူတာတတ်မြောက် ရမည်၊ အင်တာနက်သုံးနိုင်ရမည်က အခြေခံလောက်ဖြစ်လာလိမ့် မည်။ ကြိုးမဲ့ခေတ်ကို ထူထောင်လာနိုင်သည့်အခါ ဆဲလ်ဖုန်းများ၊ PDA များသည် မသုံးမဖြစ် အနေအထားသို့ရောက်လာသဖြင့် သုံးနိုင်ရန် ပြင်ဆင်ကြရတော့မည်။


ကော်လာဖြူလုပ်ငန်းများ (White Collar) များသည် ကွန်ပျူတာ နှင့် ခရီးဆောင်ဒစ်ဂျစ်တယ်ပစ္စည်းများကို မသုံးမဖြစ်သုံးလာရလိမ့် မည်။ အလုပ်ခန့်ခြင်း၊ ရာထူးတိုးခြင်းတို့သည် ဒစ်ဂျစ်တယ်တတ် မြောက်ခြင်းနှင့် ဆက်စပ်လာလိမ့်မည်။ သို့ဖြစ်ရာ ကုမ္ပဏီများကိုယ် တိုင်က ဒစ်ဂျစ်တယ်အထောက်အထားလက်မှတ် (Digital Certification) တစ်ခုခုဖြင့် အသိအမှတ်ပြုမည်ဖြစ်သလို၊ ခိုင်မာသည့် အဖွဲ့အစည်းတစ်ခုခုက အသိအမှတ်ပြုပေးရန်လည်း လိုလာပါသည်။


နည်းပညာသည် ဈေးအသက်သာဆုံး၊ လူတိုင်းသုံးနိုင်သည့် အနေအထားသို့ရောက်လာသည်။ ကော်လာဖြူလုပ်သားများသာမက၊ ကော်လာပြာ (Blue Collar) များအတွက်ပါ အလုပ်ခန့်လျှင် လက်မှတ် တောင်းဆိုခြင်း ခံရပါလိမ့်မည်။ ထုတ်လုပ်သူများ၊ လက်လီအရောင်း ဆိုင်များ အပြိုင်အဆိုင်ခေတ်တွင် ဒစ်ဂျစ်တယ်ကို မကိုင်နိုင်ပါက နောက်ကျကျန်ခဲ့မည်သာဖြစ်သည်။ ဒစ်ဂျစ်တယ်ဖြင့် ဒေတာများ ကိုပြုစုနိုင်မည်၊ ကုန်ပစ္စည်းများကို မှာနိုင်မည်၊ အချိန်နှင့်တပြေးညီ သတင်းတွေသိရမည်။ ဆောက်လုပ်ရေးလုပ်သားတွေလည်း ကွန်ပျူတာ၊ ဒစ်ဂျစ်တယ်ပစ္စည်းများဖြင့် လုပ်ငန်းခွင် လုံခြုံစိတ်ချရေး ဖန်တီးနိုင် မည်။ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေခြင်းတို့ကိုလည်း အင်တာနက် Website ထဲမဝင်လျှင် အဆင်မပြေ ဖြစ်လာလိမ့်မည်။ ဒစ်ဂျစ်တယ် က လူမှုဘဝပြည့်ဝလုံခြုံစေပါလိမ့်မည်။

ပညာရေးတွင် အသုံးပြုလာခြင်း[ပြင်​ဆင်​ရန်​]

နည်းပညာဖွံ့ဖြိုးလာသောကြောင့် ဒစ်ဂျစ်တယ်ကိုပစ်ပယ်သော ကျောင်းနှင့် ပညာရေးဌာနများသည် ခေတ်နောက်ကျကျန်ခဲ့လိမ့်မည်။ ခေတ်မီသောသင်ရိုးညွှန်းတမ်းများဖြစ်ရန် ပြုပြင်ကြရမည်။ စာသင် ကျောင်းတွေထဲ ကွန်ပျူတာတွေထည့်သွင်းရမည်။ ကျောင်း သင်ခန်း စာကို အထောက်အကူပြုမည့် ဆော့ဖ်ဝဲတွေတီထွင်ရေးဆွဲ ကြရလိမ့် မည်။ ကျောင်းသားတွေကို အစဉ်အလာပညာရေးထက်၊ ဒစ်ဂျစ်တယ် ပညာရေးဖြင့် မိတ်ဆက်ပေးနိုင်ရမည်။ အွန်လိုင်းပညာရေးကို ကျောင်းသားများနှင့် ပေးတွေ့နိုင်စေရန် စီစဉ်ပေးရမည်။ ကျောင်းသင် ခန်းစာများတွင် မြေဖြူနှင့် ကျောက်သင်ပုန်း (Blackboard) အစား၊ စမတ်ဘုတ် (Smartboard) နှင့် ဆရာသင်စနစ်မှသည် ကျောင်းသား သိချင်သည်ကို တုံ့ပြန်ပေးမည့် အစီအစဉ် ARS (Audience Response Systems) ကို အသုံးပြုနိုင်စေရန် စီစဉ်ရလိမ့်မည်။ ထိုအစီအစဉ်များကို ဆောင်ရွက်နိုင်ရန် ဆရာကိုယ်တိုင် ဒစ်ဂျစ်တယ်တတ်မြောက်ရမည်။


ဒစ်ဂျစ်တယ်ကို ဆရာကကျွမ်းကျင်မှ တပည့်ကိုပြန်သင်နိုင် မည်။ ကွန်ပျူတာသုံးပြီး သုတေသနလုပ်ရခြင်းကို ဆရာကလမ်းညွှန် ပြသနိုင်ရမည်။ အွန်လိုင်းတွင် အချက်အလက် ထောင်နှင့်သိန်းနှင့် ချီပြီးရနိုင်ကြောင်း၊ ဘယ်လိုင်းတွင် ဘာတွေရပြီး၊ ဘယ်လိုသင်ယူနိုင် ကြောင်း ဆရာကပြောနိုင်ရမည်။ အနာဂတ်ပညာရေးသည် ဆရာ က သင်ကြားသူမဟုတ်တော့။ လမ်းညွှန်ပြသပေးနိုင်သူသာ ဖြစ်လိမ့်မည်။ Google နှင့် Wikipedia တို့သည် ကျောင်းသားတို့ အတွက် တန်ဖိုးမဖြတ်နိုင်သည့် ရတနာသိုက်ကြီးဖြစ်ကြောင်း အနည်းဆုံး အခြေခံလောက်တော့ သိထားကြရပေလိမ့်မည်။


ဒစ်ဂျစ်တယ်တတ်မြောက်လာလျှင် အလွဲအသုံးချမှုရှိလာနိုင် သည်။ ကျမ်းကိုးတွေများလာသဖြင့် ကျမ်းခိုးတွေဖြစ်လာနိုင်သည်။ ကျမ်းကိုးသလား၊ ကျမ်းခိုးသလားသိနိုင်ရန်အတွက် ဆော့ဖ်ဝဲတွေ တီထွင်ကြရပေလိမ့်မည်။ စာကြည့်တိုက်များတွင် ဒစ်ဂျစ်တယ်တတ်မြောက်ရေးလှုပ်ရှားမှုအတွက် ပြိုင်ပွဲတွေလုပ်ပေးရလိမ့်မည်။

လူ့ဘောင်အတွင်း အသုံးပြုလာခြင်း[ပြင်​ဆင်​ရန်​]

ဒစ်ဂျစ်တယ်တတ်မြောက်ခြင်းက လူ့ဘောင်အတွင်း အထောက် အကူများစွာပြုနိုင်သည်။ လူမှုရေးကွန်ရက်ကို ကဏ္ဍသစ်တစ်ရပ် အနေဖြင့် Web 2.0 ဖြင့်ဖွင့်လှစ်နိုင်ခဲ့သည်။ အချင်းချင်းအပြန်အလှန် ဆက်သွယ်နိုင်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆက်သွယ် လာနိုင်သည်။ ဝန်ဆောင်မှုတွေကောင်းလာသည်။ အပေးအယူတွေ မြန်ဆန်လာသည်။ Linkkedln လို Site မျိုးတွေကြောင့် အသက်မွေး ဝမ်းကျောင်းနှင့် စီးပွားရေး အလှည့်အပြောင်းတွေကောင်းလာသည်။ ဒစ်ဂျစ်တယ်ကြောင့် လိမ်ညာမှုများရှိလာသလို၊ အလိမ်အညာ မခံရအောင်လည်း ကာကွယ်လာနိုင်သည်။ အကောင်းရှိသလို အဆိုး တွေကလည်းများလာသည်။ အဆိုးတွေကာကွယ်ရန်လည်း နည်းမျိုးစုံ ဖြင့် တားဆီးလာနိုင်ကြသည်။

Global သက်ရောက်ခြင်း[ပြင်​ဆင်​ရန်​]

နိုင်ငံတကာအစိုးရများသည် ဒစ်ဂျစ်တယ်ကြောင့် စီးပွားရေး အပေါ်သက်ရောက်မှုအား အလေးထားလာကြသည်။ ပညာရေး အတွက် အထောက်အကူပြုနေသည့် HotChalk လိုင်းတွင် "ပညာ ရေးကို အလေးအနက်ထားကာ ဗဟိုပြုသည့်နိုင်ငံများသည် ဒစ်ဂျစ် တယ်တတ်မြောက်နှုန်း အခြားနိုင်ငံများထက်မြန်သည်။ အထူး သဖြင့် တရုတ်နိုင်ငံတွင်ဖြစ်သည်။ ထိုနိုင်ငံများတွင် သတင်းအချက်အလက် စီးဆင်းမှုမြန်တတ်သည်" ဟုထောက်ပြထားသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ‘ဒစ်ဂျစ်တယ်တတ်မြောက်ရေးကို ကမ္ဘာ နှင့်အမီ ရင်ပေါင်တန်းနိုင်ရေးအတွက် ကြိုးပမ်းနေကြရသည်။ ဒစ်ဂျစ် တယ်တတ်မြောက်ရေးလှုပ်ရှားမှုကို NGO အဖွဲ့များကလည်း အလေး ပေးလုပ်ဆောင်နေကြသည်။ ကမ္ဘာ့အဆင့်အနေဖြင့် ECDL Foundation(European Computer Driving Licence) ၊ CEPIS (Council of European Professional Informatics Societies) နှင့် ICDL (International Computer Driving Licence) တို့သည့် ကမ္ဘာ့ အဆင့် ဒစ်ဂျစ်တယ်တတ်မြောက်မှုကို ပိုင်းဖြတ်ပေး သည့်အဖွဲ့များ အဖြစ် ထင်ရှားသည်။