စိုင်းထီးဆိုင်

ဝီကီပီးဒီးယား မှ
(ထီးဆိုင်၊ စိုင်း မှ ပြန်ညွှန်းထားသည်)
စိုင်းထီးဆိုင်
မွေးဖွား(၁၉၅၀-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၉"။-၂၃)စက်တင်ဘာ ၂၃၊ ၁၉၅၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့
ကွယ်လွန်မတ် ၁၀၊ ၂၀၀၈(၂၀၀၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၃"။-၁၀) (အသက် ၅၇)
နိုင်ငံလူမျိုး မြန်မာ
လူမျိုးရှမ်း
ပညာရေးB.A(Psychology)
အလုပ်အကိုင်အဆိုတော်၊ သရုပ်ဆောင်
မိဘ(များ)ဦးနန္ဒာ+ နန်းအိန်

စိုင်းထီးဆိုင်သည် မြန်မာပြည်တွင် ကျော်ကြားသော ရှမ်းလူမျိုး တေးရေးဆရာ၊ အဆိုတော်တစ်ဦးဖြစ်သည်။ သူ၏ ဂီတခရီးတစ်လျောက်လုံးတွင် ရှမ်းဘာသာဖြင့် သီဆိုသော တေးစု ၃ - ၄ ခု ခန့် နှင့် ဗမာဘာသာဖြင့်သီဆိုသော တေးစု တစ်ရာခန့် ထွက်ရှိခဲ့သည်။ သူသည် ကန်ထရီးဂီတကိုသာ အထူးအသားပေး ရေးသားခဲ့လေသည်။ စိုင်းထီးဆိုင်နှင့်အတူ တေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်နှင့် သဘာဝရင်သွေးငယ် The Wild Ones တေးဂီတအဖွဲ့သည်လည်း မန္တလေးအခြေပြုပြီး နိုင်ငံကျော်ဖြစ်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

စိုင်းထီးဆိုင်ကို အဖဦးနန္ဒာ၊ အမိ နန်းအိန်တို့မှ (၁၉၅၀) ပြည့်နှစ်၊ စက်တင်ဘာလ (၂၃) ရက်၊ မြန်မာသက္ကရာဇ် (၁၃၁၂) ခုနှစ်၊ တော်သလင်းလဆန်း (၁၂) ရက်၊ စနေနေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့တွင် ဖွားမြင်ခဲ့သည်။ မောင်နှမသားချင်းငါးဦးအနက် စိုင်းထီးဆိုင်မှာ သားအကြီးဆုံးဖြစ်ပြီး ညီမ နန်းဝင်းထိန်၊ နန်းမြင့်အုန်း၊ နန်းသိန်းထွေး (ခ) ယိင်းနှင့် ညီစိုင်းအောင်ထီးခမ်းတို့ ဖြစ်သည်။ စိုင်းထီးဆိုင် မွေးစက ပြာနှမ်းနှမ်း မည်းတူးတူးလေးဖြစ်၍ နာမည်ကို အိုက်တူးဟု အလွယ်တကူ မှည့်ခေါ်ခဲ့ကြပြီး လသား အရွယ် အမည်မှည့်ချိန်တွင် စိုင်းတင်ဦး ဟုမှည့်ခဲ့ကြသည်။ ကိုရင်ကြီး ဝတ်ချိန်တွင် ရှင်ဓမ္မရက ဘွဲ့အမည်ဖြင့် သင်္ကန်းစည်းခဲ့သည်။

ပညာရေး နှင့် ဂီတဘဝ အစ[ပြင်ဆင်ရန်]

အသက် ၅ နှစ်ကျော်အရွယ်၌ လင်ခေးရှိ အလယ်တန်းကျောင်းတွင် တက်သော်လည်း စာသင်နှစ်မပြီးခင် အချိန်မှာပဲ လင်းခေး ကျောင်းမှ ထွက်ပြီး လွယ်လင်ရှိ Sacred Heart Convent High School တွင် ကျောင်းအိပ်ကျောင်းစား သွားနေရသည်။ စိုင်းတင်ဦး အမည်မှသည် ရစ်ချတ်နန္ဒာဟု ခေါ်တွင်ခဲ့သည်။ ယင်းကျောင်းတွင် စစ္စတာပီးယား လက်ဆောင်ပေးသော နိုင်လွန်ကြိုး လေးချောင်းတပ်၊ ယူကလီးလီး တူရိယာကို တီးခွင့်ရခဲ့ပြီး အဆို၊ အတီးပညာနှင့် စတင်ရင်းနှီးခဲ့ခြင်းဖြစ်သည်။ စတုတ္ထတန်းအောင်၍ ပဉ္စမတန်းသို့ ရောက်သောအခါ တောင်ကြီး Christian High School တွင် ပြောင်းတက်ခဲ့သည်။ ယင်း ကျောင်းတွင် ဂစ်တာ သေသေချာချာ တီးတတ်အောင် သင်ပြပေးခဲ့သော သူငယ်ချင်း မောင်မောင်နှင့်တွေ့ဆုံပြီး တောင်ကြီး ယဉ်ကျေးမှုတီးဝိုင်းတွင် အဖွဲ့ဝင်တစ်ဦး ဖြစ်လာခဲ့သည်။ ကိုးတန်းနှစ်တွင် စာမေးပွဲကျသဖြင့် ဖခင်ဖြစ်သူက တောင်ကြီးတွင် မထားတော့ဘဲ လွယ်လင်တွင် ကျောင်းပြန်နေစေသည်။ ကိုးတန်းအောင်မှ တောင်ကြီးတွင် ပြန်နေခွင့်ပေးမည်ဟု ဆိုခဲ့သည်။ လွယ်လင် ပြန်ရောက်တော့ သွားလာ လည်ပတ်စရာသိပ်မရှိ၊ အပေါင်းအသင်းလည်း နည်းသွားသည့်အတွက် သီချင်းလေးတွေ ပိုစပ်ဖြစ်လာခဲ့သည်။ နွေရာသီ လူတိုင်းစာတတ်မြောက်ရေး လှုပ်ရှားမှုများ ပြုလုပ်ရာ ရှမ်းစာပေသင်ကြား တတ်မြောက်ရေးသည်လည်း အရေးကြီးသော အခန်းကဏ္ဍ တစ်ရပ်ဖြစ်လာသည်။ ယင်းသို့ သင်ကြားရာတွင် ရှမ်းစာရေးထုံး မူသစ်မူဟောင်းရှိရာ ဘယ်မူနှင့် သင်ကြားမလဲဆိုသည်ကို အတည်ပြုရန် ညီလာခံတစ်ခုအား တောင်ကြီးတွင် ကျင်းပခဲ့သည်။ ထိုညီလာခံ၌ စိုင်းခမ်းလိတ် နှင့် စတင်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ယောက်၏ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံတလွှား ကိုယ်ပိုင်သံစဉ် တေးလောကတွင် ခေတ်တစ်ခေတ်ဖြစ်စေမည့် အင်အားကြီးမားသည့် ရှေးရေစက် တစ်ခုပင်ဖြစ်ပါတော့သည်။

အမည်ပြောင်းခြင်း[ပြင်ဆင်ရန်]

ကျောင်းများ ပြည်သူပိုင်သိမ်းသည့်အခါ ရစ်ချတ် နန္ဒဆိုသည့် အမည်ကို ပြောင်းရန် စိတ်ကူးရလာသည်။ တောင်ကြီးမြို့တွင် နေထိုင်သော ရှမ်းစာဆိုတော်တစ်ဦးဖြစ်သည့် ဦးခွန်မဟာကား နက္ခတ္တဗေဒ၊ မဟာဘုတ်နှင့် ဗေဒင်ကိန်းခန်း တတ်ကျွမ်းသူဖြစ်၍ သွားရောက်တွက်ချက်ပြီး အမည်မှည့်ခိုင်းရာမှ “ စိုင်းထီးဆိုင် ” ဖြစ်လာသည်။ ထီးဆိုသည်မှာ ထိပ်ဖျား၊ ဆိုင်ကစိန်ဖြစ်၍ ထိပ်တက်ဖျားက စိန်ကျောက်မျက်ဟု အဓိပ္ပာယ်ရသည်။

စတင် အသံသွင်းခြင်း[ပြင်ဆင်ရန်]

လွယ်လင်မှာ ကိုးတန်းအောင်တော့ တောင်ကြီးသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် တစ်ဖက်နိုင်ငံ ချင်းမိုင်မြို့သို့ ရှမ်းဘာသာဖြင့် အသံလွှင့်နိုင်ဖို့ ကြိုးပမ်းခဲ့ရာမှ စာမေးပွဲဖြေဖို့ ဖောင်တင်ရက် နောက်ကျသွားခဲ့ရသည်။ ထို့ကြောင့် ဖခင်ဖြစ်သူကလည်း လင်ခေးမှာပဲ ဆယ်တန်းဖြေဖို့ ပြောခဲ့ရာ လင်းခေး ပြန်ရောက်လာခဲ့သည်။ စာမေးပွဲဖြေဆိုပြီးသောနေ့မှာ စိုင်းထီးဆိုင်အပါအဝင်ဖြစ်သော လင်ခေးဘောလုံးအဖွဲ့သားတွေ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲကြည့်ဖို့ ရန်ကုန်သွားကြသည်။ အားကစားပွဲကြည့်ရင်း သူငယ်ချင်း စိုးစိုးမြင့်နှင့် တွေ့ရသည်။ စိုးစိုးမြင့်မှ မြန်မာ့အသံ ရှမ်းအစီအစဉ်မှာ သီချင်းတွေအသံသွင်းဖို့ရှိတယ်။ ဒီရက်အတွင်း အသံသွင်းမယ်ဆိုရင် ဖြစ်မလားလို့ မေးလာခဲ့သည်။ စိုင်းထီးဆိုင်အတွက် ရေငတ်တုန်း ရေတွင်းထဲ ကျသွားခြင်းပင်ဖြစ်သည်။ ယင်းတွင်မှ “အဝေးကချစ်သူ”၊ “လှေငယ်ရှင်ဆုတောင်း”၊ “အကျည်းတန်ချစ်သူ”၊ “ကိုယ်သဘော ကျသူလေး”၊ “ပန်းချယ်ရီ” စသည့် ကိုယ်တိုင်ရေး ကိုယ်ပိုင်သံစဉ် ရှမ်းသီချင်းငါးပုဒ် အသံသွင်းဖြစ်ခဲ့သည်။ ယင်းသီချင်းများသည်လည်း လူကြိုက်များပြီး ဓာတ်ပြားရကာ အမြဲတမ်း အသံလွှင့်ပေးဖို့ ဖြစ်လာခဲ့သည်။

မန်းတက္ကသိုလ်ကျောင်းသားစိုင်းထီးဆိုင်[ပြင်ဆင်ရန်]

ဆယ်တန်း အောင်သောအခါ စိတ်ပညာမေဂျာဖြင့် မန္တလေးတက္ကသိုလ်သို့ တက်ခွင့်ရခဲ့သည်။ ဤတွင် စိုင်းခမ်းလိတ်နှင့် ပြန်တွေ့ဖြစ်သည်။ စိုင်းခမ်းလိတ်မှ စိုင်းထီးဆိုင်ကို သီချင်းဝါသနာပါသောကြောင့်သာမက ညီဖြစ်သူစိုင်းခမ်းသီ၏ သူငယ်ချင်းအဖြစ်လည်း သံယောဇဉ်ရှိသူဖြစ်သည်။ မန္တလေး ရောက်တော့ ဂီတမိတ်ဆွေများ တိုးပွားလာခဲ့ရာ တေးရေးဆရာကိုနေဝင်း အပါအဝင်ဖြစ်ပေသည်။ ကိုနေဝင်း၏ “မောင့်လပြည့်ဝန်း”သီချင်းမှာလည်း မကြာခဏကြားကြားနေ၍ရနေခဲ့ရာ ညဘက်အရှေ့ဆောင်မှာအမြဲလိုလိုသီချင်းဆိုဖြစ်ခဲ့သည်။

ပထမ တေးစု[ပြင်ဆင်ရန်]

ယင်းနောက်(၁၉၇၃)ခုနှစ်ခန့်တွင် စိုင်းခမ်းလိတ်၊ စိုင်းထီးဆိုင်၊ ခွန်မျိုးလွင်နှင့် စောသိမ်းဝင်းတို့ ပါဝင်သော The Out-siders တီးဝိုင်းဖွဲ့ခဲ့သည်။ မန္တလေးတက္ကသိုလ်နယ်မြေတွင် The Outsiders အဖွဲ့၏သီဆိုတီးခတ်မှုများ လူသိများလာခဲ့သည်။ ၎င်းအချိန်တွင် မန္တလေးစင်ထရယ် (ဗဟို) တေးသံသွင်းမှ ငွေကြေးအကုန်အကျခံပြီး အသံဖမ်း ကြည့်ကြသည်။ ပထမဆုံးရလဒ်ကတော့ စတီရီယို ဟိုင်ဖိုင်သံမထွက်၊ အတီးပိုင်းမသပ်ရပ်၊ အသံဖမ်း ကွာလတီလိုအပ်၊ အဆိုပိုင်းစကားသံများ ပီပီသသမရှိဘဲ သိပ်ဝဲနေသည့် အတွက် မအောင်မြင်ခဲ့ပါ။ ထို့ကြောင့် ရန်ကုန်မှာ အသံဖမ်းစနစ်ကောင်းကောင်း၊ စတူဒီယိုကောင်းကောင်းနှင့် အသံသွင်းမည်ဆိုပြီး ဦးဘသိန်းစတူဒီယိုတွင် အသံသွင်းခဲ့ကြသည်။ ပွဲဦးထွက် သဘာဝ တေးစု မာစတာခွေထွက်တော့ ရန်ကုန်ရှိတေးသံသွင်းတွေ လိုက်ပြရာဘယ်သူမှမယူသဖြင့် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် တစ်ပုဒ်နှစ်ကျပ်နှုန်းနှင့် ဖြန့်ရသည်။ တချို့ဆို ပစ်ပစ်ခါခါငြင်းဆိုသဖြင့် စိတ်ဓာတ်ကျကြရသည်။ တောင်ကြီးမှ “မောတေးသံသွင်း” တစ်ဆိုင်ပဲ လိုလိုလားလားရှိခဲ့သည်။ ဈေးမဖြတ်ဘဲ အတော်တော်များများ ယူထားလိုက်သည်။ ထိုအချိန် တွင်သူငယ်ချင်း အောင်ခိုင်မြင့် (ဂျေမောင်မောင်)နှင့် တွေ့သည်။ သူကရန်ကုန်မှာ လိုက်ဖြန့်ပေးမည်ဆိုပြီး အခွေကို သေသေချာချာလိုက်ဖြန့်ပေးရာ လူကြားထဲ အတော်ပျံ့နှံ့သွားခဲ့သည်။

ဒုတိယ နှင့် တတိယ တေးစု[ပြင်ဆင်ရန်]

(၁၉၇၃)ခုနှစ်မှာ The Outsiders နှင့် The Highlanders (စိုင်းခမ်းသီ၊ စောဂျက်ဆင်၊ စောဂျော်နီတို့ စုစည်းထားသောအဖွဲ့) ဝိုင်းတော်သား များပူးပေါင်းပြီး The Wild Ones (သဘာဝရဲ့ရင်သွေးငယ်များ) တေးဂီတအဖွဲ့စတင်ဖွဲ့ခဲ့သည်။ ပြီး ရန်ကုန်ရုပ်ရှင်ခြံမှာ ဒုတိယတေးစု နွေရာသီ ကို သွင်းဖြစ်ခဲ့သည်။ “နွေရာသီ”၊ “ချစ်တာတစ်ခုတည်းသိတယ်”၊ “စိုင်းပြန်ရဦးမယ်”၊ “ရွှေဟင်္သာနားခိုက်” တေးများ အပါအဝင်သီချင်း (၁၀) ပုဒ်ဖြစ်သည်။ ထိုတေးစုမှာ တေးသံသွင်းများမှ စီးရီးရောင်းရငွေ သိမ်းရတာ ညည အိပ်ရေးပင်ပျက်သည်ဟု ဆိုစမှတ်ပြုရအောင် ဝက်ဝက်ကွဲ အောင်မြင်ခဲ့လေသည်။ ထိုအခွေအား ညည်းညည်းညူညူ တဖျစ်တောက်တောက်နှင့် အသံသွင်း ပေးခဲ့သော ရွက်ဝါမောင်မောင် ပင်အံ့အားသင့်ခဲ့ရသည်အထိဖြစ်ခဲ့သည်။ ထို့နောက် တတိယ တေးစု ကို “ပန်းသာရုပ်ရှင်ခြံ” တွင် သွင်းဖြစ်ပြီး စီးရီးခေါင်းစဉ်မှာ “မန္တလေးရောက်ရှမ်းတစ်ယောက်” ဖြစ်သည်။ တတိယ တေးစု မှာ လည်း အောင်မြင် ခဲ့ပြီး တေးသံသွင်းများမှ လက်မလည်အောင် ကူးယူ ရောင်းချခဲ့ရသည်။

တေးစုများစွာ အောင်မြင်မှုများစွာ[ပြင်ဆင်ရန်]

နောက်ဆက်၍ “ခြင်္သေ့လည်ပြန် (သို့) ပြန်ညှိရမယ့်ကာရန်”၊ “စိတ္တဇအလွမ်း”၊ “ပျံသာပျံပါရွှေဟင်္သာ” ( ကျေနပ်ပါတော့ )၊ “ အိပ်စက်အနားယူပြီ” စသည့် တေးစုများ စီကာစဉ်ကာ ထွက်လာသည်။ မြန်မာ ဘာသာနှင့် ရှမ်းဘာသာများဖြင့် တေးသီချင်း စီးရီးခွေပေါင်းများစွာ ထွက်ရှိခဲ့သည်။ ဂီတဖျော်ဖြေပွဲ များစွာ သီဆို ဖျော်ဖြေခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှသည် ၂၁ ရာစု အစပိုင်း မကွယ်လွန်ချိန် အထိ ကာလ ရှည်ကြာစွာ အောင်မြင်ခဲ့သည့် ထူးထူးခြားခြား ဂီတပညာရှင်တဦးဖြစ်သည်။ တိပ်ခွေ ခေတ်၊ ရေဒီယို ခေတ် တွင် စတင်အောင်မြင်ခဲ့ရာမှ၊ ရုပ်မြင်သံကြားခေတ် တွင်လည်း တေးသီချင်းများစွာ ရိုက်ကူးထုတ်လွှင့်ခဲ့သလို၊ စီဒီ ဒီဗီဒီ ကာရာအိုကေ ဒစ်ဂျစ်တယ်ခေတ်တိုင် အောင်မြင်ခဲ့သူ ဖြစ်ပေ သည်။

နောက်ဆုံးတေးစု[ပြင်ဆင်ရန်]

စိုင်းထီးဆိုင်မဆုံးပါးခင် ဆုန်သင်းပါရ်ရတနာဦးတို့နှင့် အတူသီဆိုထားသော “ ဝတ်မှုန်ခရီး” တေးစုများ ထွက်ခဲ့ပြီးမကြာခင် စိုင်းခမ်းလိတ်၏သမီး “နန်းခမ်းနွဲ့လိတ်”နှင့် တွဲဖက်သီဆိုထားသော “တွဲဖက်ကောင်း” စီးရီးထွက်ဖို့ရှိသည်။ စိုင်းထီးဆိုင်၏ နောက်ဆုံးတေးစီးရီး ဖြစ်သည်။ ယင်းသို့အခက်အခဲများစွာနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း ဘဝကို ကြံ့ကြံ့ခံရင်ဆိုင်၍ တေးလောကသို့ တိုးဝင်လာခဲ့ရသော စိုင်းထီးဆိုင်သည် ယနေ့ဆိုလျှင် မြန်မာပြည်တနံတလျားတွင် မသိသူမရှိသလောက်အောင် ပရိတ်များထုနှင့် ထည်နှင့် အခိုင်အမာရှိခဲ့သူ ဖြစ်သည်။ မြန်မာပြည်တွင်သာမက ပြည်ပနိုင်ငံ အသီးသီးမှလည်း လေးစားစွာ ဖိတ်ကြားခြင်း ခံခဲ့ရသော တေးသံရှင်တစ်ဦး လည်းဖြစ်သည်။

သရုပ်ဆောင်ဘဝ[ပြင်ဆင်ရန်]

စိုင်းထီးဆိုင်မှာ တေးစီးရီး များသီဆိုရုံမက ဒါရိုက်တာ မောင်ငြိမ်းချမ်းစီစဉ်ပြီး ဗီဒီယိုဇာတ်ကား များဖြစ်သည့် “လေညာရပ်ကအချစ်” (မင်းသမီးမေသန်းနုနှင့်) “မစ္ဆရိယ” (မင်းသမီးမေသန်းနုနှင့်) “မန္တလေးရောက် ရှမ်းတစ်ယောက်” (မင်းသမီး မေသဉ္ဇာဦးနှင့်) ကားများ ရိုက်ကူးခဲ့ပါသေးသည်။

ထွက်ရှိခဲ့သော တေးစုများ[ပြင်ဆင်ရန်]

30em

ဘဝနိဂုံး[ပြင်ဆင်ရန်]

စိုင်းထီးဆိုင်သည် မကျန်းမမာဖြစ်လာသဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး အစာအိမ်နှင့်အူလမ်းကြောင်းဌာနတွင် တက်ရောက်ကုသခဲ့ရာမှ (၁၀၊၃၊၂၀၀၈) ရက်နေ့ နံနက် (၅:၄၅)နာရီတွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်သန်းစိုး၊ သားစိုင်းခိုင်ခမ်း၊ သမီးနန်းစံဟွမ်နှင့် နန်းယုခေါင်တို့ ကျန်ရစ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]