ထီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ထီ[ပြင်​ဆင်​ရန်​]

ထီဆိုသည်မှာ ကံစမ်းမဲရွေးပွဲတစ်မျိုးဖြစ်သည်။ စင်စစ်အားဖြင့် အစိုးရကခွင့်ပြုမှ ဖွင့်ရသောကြောင့် အစိုးရအသိအမှတ်ပြု လောင်းကစားပွဲတစ်မျိုးဖြစ်သည်။ ထီလက်မှတ်ဖြတ်ပိုင်းများကို တန်ဖိုးသတ်မှတ်ရောင်းချ၍ ရောင်းရငွေမှ သင့်လျော်ရာအချိုးအဆကို ဆုအဖြစ်ခွဲဝေကာ လက်မှတ်အပေါ်ရှိ အမှတ်အသားဂဏန်းများကို မဲဖွင့်ပြီးနောက် ကျရာဂဏန်းပါရှိသည့် လက် မှတ်ပိုင်ရှင်အား ဆုငွေချီးမြှင့်သော စံနစ်ဖြစ်သည်။


ထီဟူသော စကားရပ်မှာ မြန်မာစကားသက်သက် ဟုတ်ဟန်မတူချေ။ အင်္ဂလိပ်စကား၏ အရင်းအမြစ် သို့မဟုတ် တရုတ်စကား၏ အရင်းအမြစ်မှဖြစ်သည်ဟုဆိုကြသည်။ အင်္ဂလိပ် ဘာသာဖြင့် ထီကို လော်ထရီဟုခေါ်ရာမှ လော်ထီ သို့မဟုတ် ထီဟူ၍ ရွေ့လျောလာသည်ဟု အယူရှိကြသည်။ များစွာသောနိုင်ငံတို့တွင် အခွန်တော် ပိုမိုရရှိရေးအတွက် ထီဖွင့်ခြင်း အလေ့ကို ပြုလျက်ရှိကြသေးသည်။ ဆေးရုံ၊ လူအိုရုံ၊ ကျောင်း စသည့် များစွာသောပြည်သူ့ အဆောက်အဦများနှင့် ဘုရားရှိခိုးကျောင်းများကိုလည်း ယင်းသို့ ထီဖွင့်ရာမှရရှိသော အခွန်ဖြင့် တည်ထောင် ဖွင့်လှစ်ကြသည်။


မြန်မာနိုင်ငံတွင် သီပေါမင်းလက်ထက်တော် မတိုင်မီက ထီ ဟူသောအမည်ဖြင့် ဖွင့်ခြင်းအလေ့အထရှိခဲ့သော်လည်း ထီနှင့်အလားတူ မဲချသောစံနစ်မျိုးဖြစ်သည့် စာရေးတံမဲပွဲမှာ ရှေးနှစ် ပေါင်းများစွာက ပေါ်ထွန်းခဲ့သဖြင့် ဝါခေါင်လ၏ ရာသီပွဲအဖြစ်ပင် ထင်ရှားခဲ့လေသည်။ ပင်လယ်ခရီး မြစ်ကြောင်းခရီးများ၌ လှေသင်္ဘောတို့ဖြင့် သွားလာရာဝယ် လှေသင်္ဘောတို့ မရွေ့မလျား တန့်နေပါက၊ စာရေးတံမဲချ၍ မဲကျသူအား ရေသို့ ချရသောအလေ့ရှိကြောင်းကို ဦးရှင်ကြီးသမိုင်း၊ ပေါင်းလောင်းရှင် မဟာကဿပ၏သမိုင်း စသည်တို့အရ သိကြရသည်။


မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ်၌ နန်းတက်သော အမရပူရ ရွှေနန်းသခင် ဘိုးတော်မင်းတရားကြီး လက်ထက်တော်တွင် နိုင်ငံခြားသား ကုလားလူမျိုးတို့နှင့် ကုန်ကူးသန်းဆက်သွယ်ခဲ့ ရာမှ အင်္ဂလိပ်လူမျိုးတို့၏ ထီစံနစ်ကို မြန်မာတို့ သိရှိခဲ့ကြသည်။ ကုန်ရောင်းကုန်ဝယ်ကိစ္စများ၌ အငြင်းပွားသည့်အခါ မြန်မာခုံတော်များက ကုလားလူမျိုးတို့၏ အရောင်းအဝယ်ဆိုင် ရာထုံးစံဖြစ်သော ပြင်ကူ၊ ဇိတံဝတံ၊ ဖီမာ၊ လေလံ စသည့် ထုံးနှုန်းတို့ကိုဆင်ခြင်၍ အဆုံးအဖြတ်ပေးကြရကုန်ရာ ပြင်ကူ ဟူသော သဘောသည် ထီ၏သဘောနှင့် ဆင်တူသည်။ ကံစမ်း စက္ကူလိပ်များကို မဲနှိုက်စေ၍ အငြင်းပွားနေသော ကုန်၏တန်ဘိုးကိုဖြတ်ကာ ခွဲဝေပေးသောစံနစ်ကို ပြင်ကူဟု ခေါ်သည်။


သီပေါမင်းလက်ထက်တွင် အင်္ဂလိပ်အစိုးရပိုင်နက်ဖြစ်သော အောက်မြန်မာနိုင်ငံတွင် ထီဖွင့်မှုခေတ်စားနေလေသည်။ မန္တလေးနေပြည်တော်၌လည်း တရုတ်အမျိုးသားများ၏၃၆ ကောင်ထီ များ ပေါ်ပေါက်နေပြီးဖြစ်သည်။ အခွန်တော်တိုးစေရန် သဿမေဓအခွန်တော်ကို အတင်းအကြပ် ကောက်ခံခြင်းထက် အင်္ဂလိပ်အစိုးရကဲ့သို့ ထီဖွင့်၍ ခိုင်နှုန်းကောက်ခံခြင်းက ပို၍ အကျိုးများမည်ဟု ယူဆကာ သီပေါမင်းတရားသည် ထီရုံများ ဖွင့်လှစ်စေသည်။ နောက်ဆုံးတွင် အကျိုးမရှိဘဲ ဆင်းရဲသား ကျွန်တော်မျိုးတို့ မွဲတေခြင်း၊ ခိုးသားထားပြ အလွန်ဆူပူ သောင်းခြင်းတို့ ဖြစ်လာသဖြင့် ၁၂၄၃ ခု ပြာသိုလတွင် ထီရုံများပိတ်စေရသည်။


သီပေါမင်းလက်ထက် ထီဖွင့်ပုံဖွင့်နည်းမှာ အင်္ဂလိပ်တို့၏ ထီစံနစ်နှင့် အနည်းငယ်ကွာခြားသည်။ ၁၂၄ဝ ပြည့်နှစ် တပေါင်းလတွင် ထီသဘောပေါက်သော အကွက် ၆ဝ ခုံကို တီထွင်သည်။ ထိုခုံတွင် အမှတ် ၁ မှ ၆ဝ အထိ ဂဏန်း များပါဝင်ရာ ထီထိုးသူက ကြိုက်ရာအမှတ်ကို အကန့်အသတ် မရှိထိုးနိုင်သည်။ တစ်ဂဏန်းလျှင် တစ်ကျပ်ဖြစ်၍ ရောင်းရငွေမှ ၂ဝ ရာခိုင်နှုန်းကို နုတ်ယူပြီးလျှင် ကျန်ငွေကို အောင်ဘာလေ ဖွင့်သည်။ ပေသီးအလုံး ၆ဝ ပေါ်တွင် တစ်ဂဏန်းမှ ခြောက် ဆယ်ဂဏန်းတိုင်အောင်ရေးထိုး၍ ငွေအိုးတစ်လုံးတွင်ထည့်ကာ ဗလာပေသီး ၅၉ လုံးနှင့် ရွှေပေသီးတစ်လုံးကို အခြားငွေအိုး တစ်လုံးတွင်ထည့်ပြီးနောက် ကလေးနှစ်ယောက်အား အိုးတစ် လုံးစီမှ ပေသီးတစ်လုံးစီ နှိုက်ယူစေသည်။ ရွှေပေသီးနှင့်တွဲ၍ ထွက်သော ဂဏန်းသည် အောင်ဘာလေဂဏန်းဖြစ်၍ ထိုဂဏန်း ထိုးသူတို့အား သတ်မှတ်ထားသော ဆုငွေကို အညီအမျှ ခွဲဝေပေးသည်။


ယင်းအကွက် ၆ဝ ထီမျိုးကို လူကြိုက်နည်းလာသဖြင့် ၁၂၄၁ ခု သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့တွင် အောင် ဘာလေပေါက်ဂဏန်းကို တစ်ခုတည်းထား၍ လက်မှတ်ပေါင်း ၁၂ဝဝဝ ရိုက်သည်။ တစ်လက်မှတ်လျှင် ငါးကျပ်ကျနှင့် ရောင်း ချရာ၊ ငွေပေါင်း ၆ဝဝဝဝိ ရရှိလေသည်။ ယင်းခြောက်သောင်းမှ အခွန်တော်အတွက် ငွေတသောင်း နုတ်ယူပြီးနောက် ကျန်ငွေ ငါးသောင်းကို အောင်ဘာလေမဲဖွင့်သည်။ အောင်ဘာလေ ရွှေ ပေသီးနှင့် တိုက်ဆိုင်သူ လက်မှတ်ရှင်အား ငွေငါးသောင်း အပ်နှင်းပြီးလျှင် သူဌေးအရာခန့်ထား သူကောင်းပြုမည်ဟုပင် စည်လည်ထားသည်။ ထီပေါက်သူထံသို့ ငွေအိတ်ကို ဆင်ပေါ် တွင်တင်၍ အိမ်တိုင်ယာရောက် ပို့လေသည်။ ထိုနောက် ထိုထီ စံနစ်ကို ဘုရင်ကိုယ်တိုင် နှစ်သက်တော်မူသဖြင့် ထီရုံပေါင်း ၁ဝ ရုံဖွင့်စေတော်မူလျက် ထီရုံတရုံတွင် လက်မှတ်ပေါင်း ၆ဝဝဝ ထား၍ တစ်လက်မှတ်လျှင် နှစ်ကျပ်ကျနှင့် ရောင်းချရာ ထီတစ်ရုံလျှင် ငွေပေါင်း ၁၂ဝဝဝိ ရရှိသည်။ ယင်းငွေမှ ငွေ ၂ဝဝဝိ ကိုနုတ်၍ ကျန်ငွေ ၁ဝဝဝဝိ ကို အောင်ဘာလေဖွင့်စေ သည်။ ဤနည်းအတိုင်း ထီရုံ ၁ဝ ရုံထား၍ တစ်လလျှင် ၁ဝ ကြိမ်ထီဖွင့်စေရာ ထီတော်မှ အခွန်တော်ငွေပေါင်း တစ်လလျှင် ၂ သိန်းကျစီ ရလေသည်။


မြန်မာနိုင်ငံကို ဗြိတိသျှတို့ သိမ်းပိုက်ပြီးနောက် ၁၉၃၈ ခုနှစ်ကျမှ တစ်လက်မှတ်လျှင် ၂ ကျပ်ကျ နှင့်ရောင်း၍ ပထမ သိန်းဆုအပြင် အခြားဆုငယ်များကို အောင်ဘာလေမဲနှိုက်၍ ဖွင့်သည်။ တစ်နှစ်လျှင် ၄ ကြိမ်ဖွင့်လှစ်သည်။ ဒုတိယကမ္ဘာ စစ်အတွင်း မြန်မာနိုင်ငံကို ဂျပန်တို့သိမ်းပိုက်ထားစဉ်ကပင် ထီကို ဆက်လက်ဖွင့်လှစ်လေသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးနောက် ပြည်ထောင်စုအစိုးရ လက်ထက်တွင် ၁၄ ကြိမ် မြောက် အောင်ဘာလေသိန်းထီမှစ၍ ယနေ့တိုင်အောင် ၂ လ တကြိမ် ဖွင့်လှစ်လျက်ရှိရာ ၁၉၅၉ ခု နိုဝင်ဘာလတွင် အကြိမ် ၉ဝ မြောက်ခဲ့လေပြီ။


ထီကို မည်သူမဆို ဖွင့်ချင်သည့်အခါတွင် ဖွင့်၍မရချေ။ နိုင်ငံတော်အစိုးရက ခွင့်ပြုသော အဖွဲ့အစည်းနှင့် ခွင့်ပြုသူ တို့သာလျှင် ခွင့်ပြုသမျှကာလအတွင်း ဖွင့်နိုင်သည်။ ပုဂ္ဂလိက စီးပွားရေးအတွက်မှအပ အခြားမည်သည့်ကိစ္စအတွက်မဆို ထီဖွင့်ရန် အစိုးရထံလျှောက်ထားနိုင်သည်။[၁]


မြန်မာနိုင်ငံတွင် ထီကို ကုန်းဘောင်နောက်ဆုံးမင်းဆက် သီပေါမင်းနှင့် စုဖုရားလတ်တို့ လက်ထက်တွင် ရတနာပုံနေပြည်တော်(မန္တလေး)၌ စတင်ဖွင့်လှစ်ခဲ့သည်။

ထီ အစီအစဉ်[ပြင်​ဆင်​ရန်​]

ထီဖွင့်သည့် အစီအစဉ်ကို ဝန်ကြီးတစ်ပါးက အကြံပြုတိုက်တွန်းရာမှစပြီး ဘဏ္ဍာတော်ရရှိနိုင်သဖြင့် သီပေါဘုရင်မင်းမြတ်က ထီဖွင့်ခွင့် အမိန့်ပေးခဲ့သည်။ ထိုစဉ်က ထီကို နှစ်မျိုးခွဲ၍ ဖွင့်လှစ်သည်။ နေ့စဉ်ဖွင့်သောထီနှင့် လစဉ်ဖွင့်သောထီဟူ၍ ဖြစ်သည်။ နေ့စဉ်ဖွင့်သောထီမှာ ထီလက်မှတ်တစ်စောင်ကို တစ်ပဲဖြစ်သည်။ ထီလက်မှတ်များကို ထီကိုယ်စားလှယ်များ ထံတွင် ဝယ်ယူကံစမ်းနိုင်သည်။ မြို့တော်အတွင်း၌ ထီရုံးအများအပြား ထားရှိဖွင့်လှစ်ပြီး ထီလက်မှတ်များကို ရောင်းသည်။ နေ့စဉ်ဖွင့်သောထီအတွက် အောင်ဘာလေမဲကို မွန်းတည့်ချိန်တွင် ဖွင့်သည်။ ထီပေါက်သူအား တစ်ဆကို လေးဆယ့်ရှစ်ဆ လျော်သည်။ တစ်ပဲထိုးလျှင် သုံးကျပ်၊ တစ်ကျပ်ထိုးလျှင် လေးဆယ့်ရှစ်ကျပ်၊ တစ်ရာဖိုးထိုးလျှင် လေးရာ့ရှစ်ဆယ် ရ၏။ ထီရုံးဖွင့်ထားသူတို့သည် ထီပေါက်သူအား မလျော်နိုင်လျှင် အဖမ်းခံရသည်။ အများအားဖြင့် လျော်ငွေရကြသည်။

မွန်းတည့်ချိန် ထီဖွင့်တော့မည်ဆိုလျှင် ထီရုံကြီးမှ (ယခု ရုံတော်ကြီးဟု တွင်သည်။) မောင်းထုသံပေါ်လာသည်။ မောင်းထုသံကြားသောအခါ ထီရုံးသို့ ထီထိုးထားသူများ အပြေးအလွှားစုရုံး ရောက်ရှိကြသည်။ ထီဖွင့်ပွဲတွင် ဝန်ကြီးတစ်ဦးက ဦးစီးကာ စစ်သည်တော်များက စောင့်ကြပ်ပေးရသည်။ ထီဖွင်းနည်းမှာ ဘောလုံး (၆၀) ထည့်ထားသော စည်ကို တစ်ခါလှည့် ဘောလုံးတစ်လုံး ထွက်ကျလာအောင် လှည့်သည်။ တစ်ဖက်က ထီတစ်ခါလှည့်ရန် နံပါတ်စဉ်အော်ပေးရသည်။ စည်ထဲထည့်ထားသည့် ဘောလုံး (၆၀) အနက် တစ်လုံးမှာ ရွှေဘောလုံး ဖြစ်သည်။ နံပါတ်စဉ်အော်သူက နံပါတ်စဉ် တစ်မှ စအော်သည်။ စည်လှည့်သူက လှည့်လိုက်သောအခါ ဘောလုံးတစ်လုံး ထွက်ကျလာသည်။ ထိုထွက်ကျလာသော ဘောလုံးသည် ရွှေဘောလုံးဆိုလျှင် ထီပေါက်ပြီ။

လစဉ်ဖွင့်သောထီမှာ တစ်စောင်လျှင် ငါးကျပ်ဖြစ်ပြီး ပေါက်ဂဏန်း သုံးထောင်ကျပ်ရှိသည်။ ထီပေါက်လျှင် ပထမဆု တစ်သောင်းဖြစ်ပြီး ဆုအသေးများလည်းရှိသည်။ ထိုးသားသည် ထီတစ်စောင်ငါးကျပ်နှင့် ကြိုက်သလောက် ထိုးနိုင်သည်။ ပေါက်ပြီဆိုလျှင် ‘ဂုဏ်သရေရှိ သူဌေးမင်း’ ဘွဲ့ကိုရပြီး ဝတ်ကောင်းစားလှ ဝတ်ကာ ဆင်ပေါ်တင်၍ နေပြည်တော်အတွင်း လှည့်လည်ပြသသည်။

ထီနှစ်မျိုးစလုံးကို ဆင်းရဲသားလည်းထိုးသည်။ ကုန်သည်လည်းထိုးသည်။ ဘုန်းကြီးလည်းထိုးသည်။ နန်းတွင်းသူ၊ နန်းတွင်းသားများလည်း ထိုးသည်။ နေ့စဉ် နေပြည်တော်တွင် ထီထိုးသူများ ကြိတ်ကြိတ်တိုးနေ၏။ နေပြည်တော်တွင်းရှိသူများမှာ ထီမထိုးဘူးသူ မရှိသလောက်ရှားသည်။ သို့သော် ထီပေါက်သူကား နည်း၏။ နေပြည်တော်တွင် တစ်နေ့တစ်နေ့ ထီထိုးသည့်အလုပ်မှ လွဲ၍ အခြားအလုပ်ကို စိတ်မဝင်စားကြတော့ပေ။ တစ်နေ့တစ်နေ့ ထီပေါက်ဂဏန်းကို ရှာသည်။ တွေ့သမှျမြင်သမှျ အာရုံစိုက်မိ သမျှအပေါ် အတိတ်စိမ်း ကောက်ကြသည်။ ဗေဒင်ပေး၊ နတ်မေး၊ အိပ်မက်ကို ထီဂဏန်းအဖြစ် အဓိပ္ပါယ်ဖော်ကြသည်။

ဗေဒင်ဟူးရား ဆရာများက နေ့အလိုက်တွက်ချက်ပေးသော စိုးမိုးဂဏန်းများဖြင့် ထီထိုးကြသည်။ နတ်မေး၊ အတိတ်ကောင်း အိပ်မက်ကို အဓိပ္ပါယ်ဖော်ဖြင့် ထီထိုးကြရင်းမှ နေပြည်တော်တွင် နေထိုင်သောသူတို့၏ အခြေအနေမှာ တဖြည်းဖြည်းဆိုးဝါးလာသည်။ ဗေဒင်ဟူးရား ဆရာများထံတွင်၎င်း၊ နတ်ဝင်သည်များထံတွင်၎င်း လူများဝိုင်းနေကြသည်။ ဂဏန်းတောင်းကြသည်။ ယနေ့အတွက် ဂဏန်းရလျှင် အပြေးအလွှားထိုးကြပြီး နောက်နေ့လည်း ဂဏန်းတောင်း သံသရာလည်နေကြသည်။ အိပ်မက်ကို အားကိုးသူတို့မှာလည်း မက်လိုက်သည့် အိပ်မက်တွေကလည်း ပြီးဆုံးသည်မရှိ။ အိပ်မက်မှန်သမှျ ထီထိုးဖို့ ဂဏန်းတွေချည်း ဖြစ်သည်။ နေပြည်တော်၏ ဈေးများထဲတွင် ထီအကြောင်းပြောကြသည်။ ဥပုသ်ဆောင်မှာ၊ ဘုရားပေါ်မှာ၊ မြစ်ဆိပ်မှာ၊ နန်းတော်ထဲမှာ တစ်နေ့တစ်နေ့ ထီအကြောင်း ပေါက်ဂဏန်းအကြောင်းများသာ ပြောရင်း ထီကိုပြေးထိုးရင်း မောလာကြသည်။ ရဟန်းသံဃာတော်များထံသို့ တရားနာရန်မသွား၊ ပေါက်ဂဏန်းတောင်းရန် သွားကြသည်။ နေပြည်တော်ထီသည် ကလေးသူငယ်မှအစ ကျောင်းထိုင်ဘုန်းကြီး အဆုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူအားလုံးကို ဖမ်းစားနေသည်။

ရှိသမျှလူတို့သည် ထီနောက် ကောက်ကောက်ပါအောင် လိုက်နေကြရင်း မွဲသူမွဲ၊ မူးသူမူး၊ ရူးသူရူး၊ သေသူသေ၊ ခိုးဆိုးလုယက်သူများ လာသည်။ ထီကြောင့် နေပြည်တော်တွင် ဒုစရိုက်မှုများ ထူပြောလာသည်။ ထိုးသူက တစ်ထောင် တစ်သောင်း၊ ပေါက်သူက တစ်ယောက်နှင့် စီးပွားပျက်ကာ ချွတ်ခြုံကျလာသည်။ ထီဖွင့်ပွဲ ကျင်းပနေသည့် သုံးနှစ်အတွင်း နေပြည်တော်ရှိ သူတို့၏ အခြေအနေမှာ ဆယ်မရလောက်အောင် ပျက်စီးကုန်၏။ ထီကြောင့် လင်မယားကွဲကြသည်။ ထီကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြသည်။ ထီသည် ဘုရင့်ဘဏ္ဍာတိုက်အတွက် ဘဏ္ဍာငွေများ ပြည့်လျှံလာသော်လည်း ပြည်သူအများစု၏ ဘဝပျက်စေသည့် သတင်းက သီပေါမင်းနားသို့ ပေါက်ကြားလာသည်။ ထိုအခါ ပြည်သူပြည်သားအပေါ် ရင်ဝယ်သားသို့ အုပ်ချုပ်ရန် သစ္စာဆိုထားသည့် ဘုရင်အဖို့ စိတ်မရွှင်လန်နိုင်ဖြစ်ကာ သုံးနှစ်သုံးမိုးအကြာတွင် သီပေါဘုရင်က ထီကို ပိတ်ပစ်လိုက်တော့သည်။ ထီပိတ်လိုက်သည်တွင် ထီနောက်သို့ ကောက်ကောက်ပါအောင် လိုက်နေသူတို့မှာ ယောင်ချာချာဖြစ်ကုန်၏။ ထီပိတ်လိုက်ပြီးနောက်ပိုင်း ရက်အတော်ကြာကြာတွင် အခြေအနေများ ပြန်လည်တည်ငြိမ်လာသည်။ ထီပိတ်လိုက်ခြင်းကြောင့် တိုင်းပြည်တစ်ပြည်လုံး ပျက်စီးတော့မည့်ဘေးမှ ဝေးသွားခဲ့ရသည်။ [၂]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)
  2. ကောင်းထက်၏ စုဖုရားလတ်ရှင်းတမ်းနှင့် ပါတော်မူဖြစ်ရပ်များ(၂၀၀၄၊ ဩဂုတ်လ၊ပအကြိမ်)