ထိုင်ဝမ်

Wikipedia မှ
(ထိုင်ဝမ်ပြည်နယ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို တိုင်းဝမ်ကျွန်း နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို တရုတ်သမ္မတနိုင်ငံ နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
ထိုင်ဝမ်
ထိုင်ဝမ်ကျွန်း၏ အရှေ့ပိုင်းသည် တောင်တန်းဒေသ ဖြစ်ပြီး အနောက်ဖက်သို့ ပြေပြစ်သွားကာ တောင်ကုန်းများ လွင်ပြင်များ ရှိသည်။
LocationTaiwan.png
ဘာသာစကား မင်နန်(ဖူကျန့်)
ရုံးသုံးတရုတ်စကား
ဟတ်ကား
တိုင်းရင်းသား ဘာသာစကား
မြေဧရိယာ ၃၆,၁၈၉ km²
(ကမ္ဘာတွင် နံပတ် ၁၃၆)
ရေဧရိယာ % ၁၀.၃၄ %
ကမ်းရိုးတန်း ၁,၅၆၆.၃ ကီလိုမီတာ
လူဦးရေ ၂၃ သန်းခန့် (၂၀၀၉ မေ)[၁]
နိုင်ငံ တရုတ်သမ္မတနိုင်ငံ၏ အလံတော် တရုတ်သမ္မတနိုင်ငံ
အကြီးဆုံးမြို့ ထိုင်ပေမြို့
အမြင့်ဆုံးတောင် ယွိစန်း (မြစိမ်းတောင်)
အမြင့်ဆုံးတိုက် ထိုင်ပေ ၁၀၁
အကြီးဆုံးဆိပ်ကမ်း ကောင်းရှုံဆိပ်ကမ်း
(ကမ္ဘာတွင် နံပတ် ၁၂)[၂]
လူဦးရေအဆင့် ကမ္ဘာတွင် ၄၆
GDP ၁၈,၀၄၂ ဒေါ်လာ
လူဦးရေထူထပ်မှု ၆၃၇.၂၉ km²
(ကမ္ဘာတွင် နံပတ် ၉)
လူမျိုး ဟန့်တရုတ်လူမျိုး
တိုင်းရင်းသား လူမျိုးများ
ငွေကြေး ထိုင်ဝမ်ဒေါ်လာ(TWD)
  • NT$ သို့ NTD ဟု
    ရေးသားလေ့ရှိသည်။
အချိန်ဇုန် UTC+8
ဗို့အား AC110V 60 Hz
AC220V 60 Hz (အသုံးနည်း)
ဝက်ဘ်ဆိုက်သင်္ကေတ .tw
နိုင်ငံကုဒ်နံပတ် +886

ထိုင်ဝမ်သည် အာရှတိုက်၏ အရှေ့ဘက် ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဘက်တွင် တည်ရှိသည့် ကျွန်းတကျွန်းဖြစ်ပြီး ဧရိယာမှာ 36,188 စတုရန်းကီလိုမီတာကျယ်ဝန်းသည်။ လက်ရှိတွင် တရုတ်သမ္မတနိုင်ငံ (အာအိုစီ) (ထိုင်ဝမ်၏ တရားဝင်နိုင်ငံတော်အမည်) (Republic of China, ROC) အစိုးရမှ အုပ်ချုပ်လျက်ရှိသည့် နိုင်ငံဖြစ်ပါသည်။

ထိုင်ဝမ်သည် ယူရိုအေးရှားကျောက်လွှာနှင့် ဖိလစ်ပိုင်ပင်လယ်ရေအောက် ကျောက်လွှာတို့ တွန်းထိုးမှုမှ ပေါ်ထွက်လာသည့် ကျွန်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်မြောမြော ကန်စွန်းဥပုံရှိသည်။ မြောက်ယဉ်စွန်းတန်းသည် ထိုင်ဝမ်၏ အလယ်ပိုင်းဒေသကို ဖြတ်သန်သွားသည်။ ထိုင်ဝမ် တလွှားရှိ မြေအနေအထားမှာ တောင်တန်းများဖြစ်ပြီး မြင့်မားမတ်ဆောက်သည်။ တောင်တန်းများသည် များသောအားဖြင့် အရှေ့မြောက်မြောက်အရပ်မှ အနောက်တောင်တောင်အရပ်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ လွင်ပြင်များမှာ ကျဉ်းမျောင်းသည်။ မကြာခဏ မြေငလျင်လှုပ်လေ့ရှိပြီး ရေပူစန်းနှင့် မီးသေတောင်များ ပေါများသည်။

ထိုင်ဝမ်၏ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုမျိုးဖြစ်သည်။ နွေဦးနှင့် နွေရာသီ စပ်ကူးမတ်ကူးကာလတွင် မက်မန်းမိုး ရွာသွန်းလေ့ရှိသည်။ နွေရာသီတွင်မူ ထိုင်ဖုန်းမုန်တိုင်းဝင်တတ်ပြီး ဆောင်းရာသီတွင် အရှေ့မြောက်လေ တိုက်ခတ်လေ့ရှိသည်။ အအေးဆုံးလ၏ ပျမ်းမျှအပူချိန်မှာ 14℃ လောက်သာရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်မှာ 2510 mm အထက်တွင်ရှိသည်။ မြောက်ပိုင်းဒေသတွင် တနှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသော်လည်း တောင်ပိုင်းဒေသတွင်မူ နွေဥတုတွင်သာ မိုးရွာတတ်သည်။ နွေနှင့် ဆောင်းဦးရာသီများတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ရာသီဥတုနှင့် မြေမျက်နှာ အသွင်အပြင်တို့ကြောင့် ထိုင်ဝမ်တွင် အပူပိုင်းရာသီ၊ အပူလျော့ပိုင်းရာသီ၊ သမပိုင်းရာသီနှင့် အအေးပိုင်းရာသီများကို တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ထိုင်ဝမ်တွင် အမျိုးအမယ် စုံလင်ပြောကြွယ်သည့် သဘာဝရှုခင်းနှင့် သဘာဝလောကကို တွေ့မြင်နိုင်သည်။

ထိုင်ဝမ်တွင် လူဦးရေ ၂၃ သန်းခန့် ရှိသည့်အနက် ဟော်လော့လူမျိုး အများစုနေထိုင်ကြပြီး ဟတ်ကားလူမျိုးတိုင်းရင်းသားလူမျိုးနှင့် တရုတ်နိုင်ငံ အခြားပြည်နယ်မှ လူမျိုးနွယ်စုများကိုလည်း တွေ့ရှိနိုင်သည်။ အစိုးရရုံးသုံးစာမှာ တရုတ်စာ အခက်ရေးနည်းဖြစ်ပြီး အဓိက သုံးစွဲသည့် ဘာသာစကားများမှာ ထိုင်ဝမ်စကားမင်နန်စကား)၊ ကော်ယွီတရုတ်စကားရုံးသုံးတရုတ်စကား)၊ ဟတ်ကားစကားနှင့် တိုင်းရင်းသား ဘာသာစကားများ ဖြစ်ကြသည်။

အရေးပါသည့် စီးပွားရေးလုပ်ငန်းမှာ အဆင့်မြင့်နည်းပညာလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ြပီး လက်ရှိတွင် နာနိုနည်းပညာအလင်းနှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေး လုပ်ငန်းများသို့ ဦးတည် ဆောင်ရွက်လျက်ရှိသည်။ သွင်းကုန်အပိုင်းတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ အပါအဝင် စွမ်းအင်အရင်းအမြစ်များကို အဓိကတင်သွင်းပါသည်။ လက်ရှိတွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိသည်။

အမည်ပေါ်ပေါက်လာပုံ[ပြင်​ဆင်​ရန်​]

ထိုင်ဝမ်၏အမည် ပေါက်ပေါက်လာပုံနှင့် စပ်လျဉ်း၍ အဆို အမျိုးမျိုးရှိသည်။ အဆိုတမျိုးမှာ ထိုင်ဝမ်တောင်ပိုင်းဒေသမှ ရှီးလားယာ တိုင်းရင်းသား ဘာသာစကား Taian (ထိုင်အန်) သို့ Tayan (တာယန်)မှ ဆင်းသက်လာသည်ဟု ဆိုသည်။ “ရပ်ဝေးမှလာသူ” ဟု အဓိပ္ပာယ်ရသည်။[၃] ဒပ်ခ်ျကိုလိုနီခေတ်တွင် ထိုင်ဝမ်အား ဒပ်ချပ်ဘာသာဖြင့် Taioan ဟုခေါ်ဆိုခဲ့ကြသည်။ ယင်းကို အစွဲပြု၍ တရုတ်စာဖြင့် 「大員」(တာ့ယွမ်)၊ 「台員」(ထိုင်ယွမ်)၊ 「大灣」(တာ့ဝမ်း) သို့「台窩灣」(ထိုင်ဝေါဝမ်း) ဟု ရေးသားကြသည်။ ယင်းအမည်နာမများသည် မူလက ယခုခေတ် ထိုင်နန်ဒေသကို ညွှန်းဆိုခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ထိုင်ဝမ်တကျွန်းလုံး၏ အမည်ဖြစ်လာသည်။ ရှေးခေတ် ဂျပန်တို့က ထိုင်ဝမ်အား 高砂 (တာကဆကို့) 高砂國 (တာကစကို့ပြည်) ဟု ခေါ်ဝေါ်ကြသည်။[၄]

ထိုင်ဝမ်၏ အခြားအမည်တခုမှာ “ဖော်မိုဆာ” ဖြစ်သည်။ ၁၆ ရာစုက ပေါ်တူဂီသင်္ဘော ထိုင်ဝမ်အနီး ဖြတ်သန်းသွားခိုက် ပင်လယ်ပြင်မှ မျှော်ကြည့်ရတွင် ထိုင်ဝမ်သည် လှပသည့် ကျွန်းတကျွန်းဖြစ်ကြောင်း တွေ့ရှိကာ Ilha Formosa!ဟု ဟစ်အော်ကြသည်။ ပေါ်တူဂီ ဘာသာတွင် ဖော်မိုဆာသည် လှပသောဟု အဓိပ္ပာယ်ရပြီး အီဟာမှာ ကျွန်းကို ဆိုလိုသည်။ ၁၉၅၀ ပြည့်လွန်နှစ် မတိုင်မှီ ဥရောပ နိုင်ငံများက အဓိက အသုံးပြုသည့် အမည်ဖြစ်သည်။[၅]

သမိုင်း[ပြင်​ဆင်​ရန်​]

ပူယူမာ တိုင်းရင်းသား လူမျိုး၏ လမင်းပုံ ကျောက်တိုင်။ (၁၈၉၆ ခုနှစ်တွင် ရိုက်ကူးသည်။)

၁၇ ရာစု မတိုင်မှီ[ပြင်​ဆင်​ရန်​]

ကျောက်ခေတ်ဟောင်း နှောင်းပိုင်းကာလ (ဘီစီ ၅၀၀၀၀ - ၁၀၀၀၀) ထိုင်ဝမ်ကျွန်းပေါ်တွင် လူသားများ နေထိုင်ကျက်စားလျက် ရှိပြီဖြစ်သည်။ တိကျသည့် သက်သေအထောက်အထားမှာ ကျောက်ခေတ်သစ် (ဘီစီ ၅၀၀၀) နောက်ပိုင်း သမိုင်းမတင်မှီ ယဉ်ကျေးမှုသည် ဩစထြိုနေးရှား ဘာသာစကားပြော လူမျိုးများချန်ရစ်ခဲ့ခြင်း ဆိုသည့် အချက်ဖြစ်သည်။ [၆] “သုံးပြည်ထောင်မှတ်တမ်း”တွင် သုံးပြည်ထောင်ခေတ် ဝူပြည်မှ စစ်တပ်စေလွတ်ကာ ထိုင်ဝမ်ကျွန်ပေါ်သို့ တက်ရောက်ခဲ့ဖူးကြောင်း၊ “ဆွေကျမ်း”တွင် ဆွေရန်ဧကရာဇ်က “လျိုချိုပြည်”အား စစ်ထိုးခဲ့ဖူးကြောင်း ရေးသားထားသည်။ သို့သော်လည်း ရှေးခေတ် တရုတ်ကျမ်းကန်များတွင် ရေးမှတ်ထားသည့် ဒေသမှာ ထိုင်ဝမ်ဖြစ်ကြောင်း သက်သေမပြနိုင်ပါ။

၁၂၈၁ ခုနှစ်တွင် မွန်ဂိုဘုရင်က ဂျပန်အား သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း မုန်တိုင်းကြောင့် မအောင်မြင်ခဲ့ပေ။ ထို့ကြောင့် ဂျပန်ကို တိုက်ရန် ထိုင်ဝမ်ကျွန်းတွင် ခြေကုတ်ယူကာ ဖုန်ဟူကျွန်းတွင် ပတ္တရောင်ဌာနကို ဖွင့်လှစ်ခဲ့သည်။ ထိုဌာနသည်လည်း ဖုန်ဟူကျွန်း၏ ပထမဦးဆုံးသော အုပ်ချုပ်ရေးဌာနဖြစ်သည်။ မင်မင်းဆက်ကာလတွင် ဆက်လက်အသုံးပြုခဲ့ပြီး ၁၃၈၄ ခုနှစ်တွင် ပင်လယ်ပိတ်ဆို့ရေး မူဝါဒကြောင့် ယင်းပတ္တရောင်ဌာနအား ပိတ်ခဲ့သည်။ ၁၅၆၃ ခုနှစ်တွင် ကမ်းရိုးတန်း လုံခြုံရေးအတွက် ပြန်လည်ဖွင့်လှစ်ခဲ့သည်မှာ ၁၆၂၂ ခုနှစ် ဒပ်ချပ်တို့ ဖုန်ဟူအား သိမ်းပိုက်ခဲ့သည်အထိ ဖြစ်သည်။

၁၆ ရာစုမှ ထိုင်ဝမ်ရှေးမြေပုံ

မလေးပေါ်လီနေးရှား လူမျိုးများသည်လည်း ၁၆ ရာစုမတိုင်မှီကတည်းက ထိုင်ဝမ်ကျွန်းပေါ်တွင် နေထိုင်ကြသူများဖြစ်သည်။ ယင်းထိုင်ဝမ် တိုင်းရင်းသား လူမျိုးများသည် ထိုင်ဝမ်တကျွန်းလုံးတွင် ဖြန့်ကျက်နေထိုင်ကြပြီး ၎င်းတို့၏ ဘာသာစကားမှာ ဩစထြိုနေးရှား ဘာသာစကားအနွယ်ဝင်ဖြစ်သည်။ ထိုင်ဝမ်တိုင်းရင်းသားများ၏ သွားမစုံခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း၊ အမည်နာမတွင် ဖခင်အမည်ပါ ထည့်မည့်ခြင်း၊ အသက်အရွယ်အလိုက် မျိုးဆက်ခွဲခြားခြင်း၊ လူကြီးသူမများက အုပ်ချုပ်ြခင်း၊ ရန်သူ၏ ဦးခေါင်းကို ဖြတ်ယူခြင်း၊ ဝိညာဉ်များအား ပူဇော်ခြင်း၊ ကွယ်လွန်သူအား အိမ်တွင်း၌ သင်္ဂြိုဟ်ခြင်း စသည့် အလေ့အထများသည် အင်ဒိုနီးရှားရှိ ရှေးခေတ်ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိသည်။[၇]

၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများအကြား မိဒတိုင်း (Kingdom of Middag) ပေါ်ထွန်းလာသည်။ ကျေးရွာပေါင်း ၁၅ ရွာမှ ၁၈ ရွာရှိ ပါပိုရားနှင့် ဘဘူဇာလူမျိုး၊ ပါဇိလူမျိုးနှင့် ဟွန်ယာလူမျိုး တစိတ်တပိုင်းတို့ ပူးပေါင်း ထူထောင်ထားသည့် တိုင်းပြည် ဖြစ်သည်။ ဘုံအကြီးအကဲအား Quataong ဟု ခေါ်သည်။ နယ်နမိတ်မှာ လက်ရှိ တာ့တုချောင်း ချိုင့်ဝှမ်းဒေသ တလျှောက် ဖြစ်သည်။ ယင်းတိုင်းပြည်သည် ၁၆၄၄ ခုနှစ် ဒပ်ချ်လူမျိုးများ ကျူးကျော်တိုက်ခိုက်လာပြီးနောက်တွင် ဒပ်ချ်တို့ထံ ဩဇာခံခဲ့သည်။ မင်းမင်းဆက်ကာလနှင့် ကျိန့်ချိန်ကုန်း (ကိုဆင်ဂါ) အုပ်စိုးသည့်ခေတ်တွင် အဖိနှိပ်ခံရ၍ ပျက်သုဉ်းလုနီး ဖြစ်ခဲ့သည်။ ချင်းမင်းဆက်ခေတ်တွင် ချင်းမင်းဆက်အား ခုခံတော်လှန်ရာတွင် အရေးမလှ၍ လူမျိုးသုဉ်းခဲ့ရသည်။

၁၆ ရာစု ခေတ်လယ်ပိုင်းတွင် တရုတ်နိုင်ငံ အရှေ့တောင်ကမ်းရိုးတန်းတလျှောက် ပင်လယ်ဓားပြများ ဆိုးသွမ်းကြသည်။ ပင်လယ်ဓားပြများသည် ထိုင်ဝမ်အား ပုံးခိုရာ နေရာအဖြစ် အသုံးချခဲ့သည်။ တရုတ်ကမ်းရိုးတန်းတလျှောက် လုယက်ကြချိန် စစ်သားများနှင့် ဝင်တိုးလျှင် ဖုန်ဟူသို့ ထွက်ပြေးကြပြီး ထိုမှတဆင့် ထိုင်ဝမ်သို့ ရောက်လာကြသည်။ ၎င်းတို့သည် ဟန့်တရုတ် အနည်းအကျဉ်းမှအပ ထိုင်ဝမ်တွင် အခြေချလာသူများ ဖြစ်သည်။ တချိန်တည်းတွင် ပေါ်တူဂီလူမျိုးများသည် အရှေ့အာရှနှင့် ထိုင်ဝမ်သို့ ပထမဦးဆုံး ရောက်လာသည့် ဥရောပသား စူးစမ်းရှာဖွေရေးသမားများ ဖြစ်ကြသည်။ သို့သော်လည်း ဘိန်းနှင့် တိုင်းရင်းသားများထံမှာ ရိက္ခာပစ္စည်းများ ဖလှယ်ယူခြင်းသာ ရှိပြီး ထိုင်ဝမ်အား ကိုလိုနီနယ်အဖြစ် သိမ်းပိုက်ခဲ့ခြင်းမရှိပါ။

ဒပ်ချ်နှင့် စပိန် ကိုလိုနီခေတ်[ပြင်​ဆင်​ရန်​]

ဇီလန်ဒီယာရဲတိုက် (၁၈၇၅)

၁၆၂၄ ခုနှစ်တွင် ဖုန်ဟူကျွန်းကို သိမ်းပိုက်ထားသည့် ဒပ်ချ်နှင့် မင်မင်းဆက် အစိုးရနှင့် လက်မှတ်ရေးထိုးကား ထိုင်ဝမ်တောင်ပိုင်းဒေသတွင် စတင် အခြေစိုက်လေသည်။ ဒပ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီမှ ဒပ်ချ်လူမျိုးတို့သည် ထိုင်နန်မြို့အနီးတွင် စီးပွားရေးရာ ရုံးခန်းတစ်ခုကို ထူထောင်ခဲ့ပြီး ၁၆၂၅ ခုနှစ်တွင်မူ ထိုင်ဝမ်ရှိ ဒပ်ချ်တို့၏ နိုင်ငံရေး အချက်အချာအဖြစ် ထိုင်နန်မြို့တွင် ဇီလန်ဒီယာ ရဲတိုက် (ယနေ့အန်းဖိန်ရှေးဟောင်းရဲတိုက်) ကို တည်ဆောက်ခဲ့သည်။ ထိုစဉ်မှစကာ ဆန်စပါးနှင့် သကြားထွက်နှုန်း တိုးမြှင့်ရန်အတွက် တရုတ်ပြည် ဖူကျန့်ဒေသတလျှောက်မှ လုပ်သားများကို ငှားရန်းကာ ထိုင်ဝမ်တွင် စိုက်ပျိုးလုပ်ကိုင်လာစေသည်။ ၁၆၂၆ မှ ၁၆၄၂ ခုနှစ်ကြား ကာလတွင် စပိန်လူမျိုးတို့သည် ထိုင်ဝမ်မြောက်ပိုင်းဒေသကို သိမ်းပိုက်ကြီးစိုးခဲ့ကြသည်။ [၈] စပိန်တို့သည် ကြီးလုံဒေသတွင် မြို့တည်ကာ စိန့်ဆာဗေဒေါမြို့ဟု အမည်ပေးခဲ့သည်။ ထို့နောက်တွင် ယနေ့ တန့်ဆွေဒေသတွင် စိန့်ဒိုမင်ဂိုမြို့ကို တည်ထောင်ခဲ့ပြန်သည်။

ဒီ့နောက်တွင် ဒပ်ချ်နှင့် စပိန်တို့သည် အရှေ့အာရှဒေသတွင် အားပြိုင်လာသည်။ ဒပ်ချ်တို့သည် ဂျပန်အစိုးရအား စပိန်တို့က တွန်းလှန်ဖို့ ကြံစီနေကြောင်း သတင်းဖြန့်သောကြောင့် ဂျပန်တို့သည် တရုတ်နှင့် ဒပ်ချပ်မှလွဲ၍ အခြားနိုင်ငံများနှင့် ဆက်ဆံရေးတွင် တံခါးပိတ်ဝါဒကို ကျင့်သုံးလာစေသည်။ ဒပ်ချ်တို့သည် ၁၆၄၂ ခုနှစ်တွင် စပိန်တို့ ကြီးစိုးနေသည့် ကြီးလုံဒေသကို ဝင်ရောက်စီးနင်းကာ စပိန်တို့ကို မောင်းထုတ် ခဲ့သည်။

ဒပ်ချ်တို့ တည်ထောင်ခဲ့သည့် ကိုလိုနီအစိုးရသည် ထိုင်ဝမ်သမိုင်းတွင် ပထမဦးဆုံးသော စနစ်ကျသည့် အုပ်ချုပ်ရေး အစိုးရဖြစ်သည်။ ဒပ်ချ်တို့ ထိုင်ဝမ်ကို သိမ်းပိုက်ရသည့် အဓိက ရည်ရွယ်ချက်မှာ တရုတ်၊ ဂျပန်၊ ကိုရီးယားကျွန်းဆွယ်၊ အရှေ့တောင်အာရှ ဒေသများနှင့် ကုန်သွယ်ရာတွင် အချက်အချာ ဒေသအဖြစ် အသုံးချရန်ဖြစ်သည်။ ထိုစဉ်က ထိုင်ဝမ်သည် ဒပ်ချ်အရှေ့အိန္ဒိယ ကုမ္ပဏီ၏ အာရှဒေသတွင်း ဒုတိယအရေးပါသည့် ခြေကုတ်စခန်း ဖြစ်လာသည်။

ဒပ်ချ်တို့၏ ကန့်သတ်ချုပ်ချယ်မှုကြောင့် ထိုင်ဝမ်တိုင်းရင်းသားများသည် ၁၆၃၅ နှင့် ၁၆၃၆ ခုနှစ်တို့တွင် ဒပ်ချ်တို့အား တော်လှန် တိုက်ခိုက်ခဲ့သည်။ ကျိန့်ကျိလုန်နှင့် ကောဟွိုင်ယိဦးဆောင်သည့် တရုတ်ပြည်မကြီးမှ ပြောင်းရွှေ့လာသူများသည်လည်း ဒပ်ချ်တို့ကို တော်လှန်တိုက်ခိုက်မှုများ ရှိခဲ့သည်။ ဤသို့ တော်လှန်မှုများကို ကာကွယ်နိုင်ရန် ဒပ်ချ်တို့သည် ဖရိုဗင်ရှား ရဲတိုက် (ယခု ချစ်ခန်ရှေးဟောင်းရဲတိုက်) ကို တည်ဆောက်ပြန်သည်။ ၁၆၆၁ ခုနှစ်တွင် ကျိန့်ချိန်ကုန်း (ကိုဆင်ဂါ)ဦးဆောင်သည့် တပ်ဖွဲ့သည် ဇီလန်ဒီယာ ရဲတိုက်ကို ဝန်းရံတိုက်ခိုက်ခဲ့ရာ ဒပ်ချ်တို့သည် ၁၆၆၂ ခုနှစ် ဖေဖော်ဝါရီလတွင် အညံ့ခံကာ ထိုင်ဝမ်မှ ထွက်ခွားသွားခဲ့ရပြီး ဒပ်ချ်အုပ်စိုးမှုလည်း တပါတည်း အဆုံးသတ်သွားလေသည်။

ကိုဆင်ဂါခေတ်[ပြင်​ဆင်​ရန်​]

ကိုဆင်ဂါခေတ်သည် ၁၆၆၂ ခုနှစ် ဒပ်ချ်တို့အား အနိုင်ရခဲ့ချိန်မှ စတင်ကာ မျိုးဆက် ၃ ဆက် ၂၃ နှစ်တာ အုပ်ချုပ်ခဲ့ပြီး ၁၆၈၃ ခုနှစ်တွင် မန်ချူး ချင်းမင်းဆက်ထံ ဩဇာခံလိုက်ချိန်တွင် အဆုံးသတ်ခဲ့သည်။ တရုတ်ပြည်တွင် မင်မင်းဆက် ပျက်သုဉ်းပြီးနောက် မင်မင်းဆက်၏ သစ္စာခံဟု မိမိကိုယ်ကို ခံယူထားသည့် ကိုဆင်ကာသည် ထိုင်ဝမ်သို့ ရောက်ရှိလာကာ ထိုင်ဝမ်တောင်ပိုင်းရှိ ယခု ထိုင်နန်ဒေသတွင် တုန်းနင်တိုင်းကို ထူထောင်ခဲ့သည်။ ၁၆၆၂ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ကိုဆင်ဂါသည် နာမကျန်းဖြစ်ကာ ကွယ်လွန်ပြီးနောက် သားဖြစ်သူ ကျိန့်ကျင်းက အရိုက်အရာ ဆက်ခံခဲ့ကာ ၁၆၈၂ ခုနှစ်အထိ စိုးစံခဲ့သည်။ ကျိန့်ကျင်း ကွယ်လွန်ပြီးနောက် ကိုဆင်ဂါ၏မြေး ကျိန့်ခဲ့ဆွမ် အာဏာရလာကာ တရုတ်ပြည် အရှေ့တောင် ကမ်းရိုးတန်းဒေသကို ဝင်ရောက်စီးနင်းပြီး မန်ချူးကိုတော်လှန်ဖို့ ကြိုးစားခဲ့သော်လည်း အရေးမလှခဲ့ပေ။ ထိုအချိန်မှစ၍ ထိုင်ဝမ်သည် မန်ချူးအုပ်ချုပ်မှုအောက် ကျရောက်ခဲ့သည်။

ချင်းမင်းဆက်ခေတ်[ပြင်​ဆင်​ရန်​]

ထိုင်ဝမ်အား ချင်းမင်းဆက် အုပ်ချုပ်သည့် ကာလမှာ ၁၆၈၃ ခုနှစ်မှ ၁၈၉၅ ခုနှစ် ကျာဝူစစ်ပွဲ (ပထမတရုတ်ဂျပန်စစ်ပွဲ)အပြီး ထိုင်ဝမ်အား ဂျပန်တို့အား စစ်လျော်ကြေးအဖြစ် ပေးအပ်ခဲ့ချိန်အထိဖြစ်ပြီး အုပ်ချုပ်သည့်ကာလ ၂၁၂ နှစ်တာ ကြာမြင့်သည်။

၁၆၈၄ ခုနှစ် ဧပြီလတွင် ထိုင်ဝမ်အား ချင်းအင်ပါယာ၏ နယ်မြေအဖြစ် တရားဝင် ရေးဆွဲခဲ့သည်။ ၁၇ ရာစုနှစ်ဦးပိုင်းတွင် မန်ချူးအစိုးရသည် ထိုင်ဝမ်အုပ်ချုပ်ရေး အပိုင်းတွင် တက်ကြွမှု မရှိလှပေ။ ကနဦးတွင် ဒပ်ချ်နှင့် ကိုဆင်ဂါခေတ်၌ ထိုင်ဝမ်သို့သွားရောက် အခြေချသည့် ဟန့်တရုတ်လူမျိုးများအား တရုတ်ပြည်သို့ အဓမ္မပြန်ခေါ်ကာ ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်သူများအား တင်းတင်းကျပ်ကျပ် ကန့်သတ်ခဲ့၍ မိသားစုဝင်များကို မခေါ်ဆောင်သွားရဟု တားမြစ်ခဲ့သည်။ သို့သော်လည်း အရှေ့တောင် ကမ်းရိုးတန်းတလျှောက်တွင် နေထိုင်ကြသူများသည် အသက်စွန့်ကာ ထိုင်ဝမ်သို့ သွားရောက်ပြီး အနောက်ပိုင်းဒေသတွင် အခြေချကြသည်။ နောင်တွင် ထိုင်ဝမ်အရှေ့ပိုင်းဒေသသို့ တဖြည်းဖြည်း တိုးချဲ့လာသည်။ သို့သော်လည်း အလယ်တွင် ဗဟိုရိုးမ တောင်တန်းကြီး ကာဆီးနေသောကြောင့် အရှေ့ပိုင်းဒေသသို့ သွားရောက်သူ နည်းပါးလှသည်။[၉] အစောပိုင်းကာလ၌ မန်ချူးအစိုးရ စေလွှတ်လာသည့် အရာရှိများ ညံ့ဖျင်းခြင်း၊ စကားမပေါက်ခြင်းနှင့် ဖိနှိပ်ခြင်းတို့ကြောင့် ဆူပူပုန်ကန်မှုများ မကြာမကြာ ဖြစ်ပွားလေ့ရှိသည်။

၁၈ ရာစုနှစ် ချဲန်လုန်ဧကရာဇ် လက်ထက်နှောင်းပိုင်းတွင် အလုံးအရင်းလိုက် ပြောင်းရွှေ့လာမှုများ ရှိခဲ့သည်။ ရှေ့လူ နောက်လူများအကြား နယ်မြေ အဝေမတဲ့ခြင်းကြောင့် သွေးထွက်သံယိုမှုများ ရှိခဲ့သည်။ မန်ချူးအရာရှိများ၏ ညံ့ဖျင်းမှုကြောင့် အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ပေ။ ဤသို့ အုပ်စုများအကြား ပဋိပက္ခများကြောင့် ကုန်သွယ်မှု၊ ယဉ်ကျေးမှု ဖလှယ်ရာတွင် ပိုမို ခဲယဉ်းစေသည်။ ၁၉ ရာစု နောက်ပိုင်းမှသာ အဘက်ဘက်မှ လူကြီးများ၏ ကြိုးပမ်းမှုကြောင့် ဆက်ဆံရေး ကောင်းမွန်လာစေသည်။

၁၉ ရာစု ခေတ်လယ် နောက်ပိုင်းတွင် အနောက်တိုင်း အင်အားကြီး နိုင်ငံများသည် တရုတ်နှင့် ကူးသန်းရောင်းဝယ်ရေး ဖောက်ကားရန် ရေကြောင်းလမ်းမှတဆင့် ကြိုးပမ်းလာခြင်းကြောင့် ၁၈၆၀ ခုနှစ်မှစ၍ ထိုင်ဝမ်ရှိ ဆိပ်ကမ်းအချို့ကို ဖွင့်လှစ် ပေးခဲ့သည်။ ဘိန်းစစ်ပွဲအတွင်း ၁၈၄၁ ခုနှစ် စက်တင်ဘာမှစ ဗြိတိသျှ စစ်သင်္ဘောများ ထိုင်ဝမ်ကမ်းလွန် ပင်လယ်ပိုင်နက်အတွင်း ဝင်ရောက်ကာ မြောက်ပိုင်းရှိ ကြီးလုန်ဆိပ်ကမ်းနှင့် အနောက်ကမ်းရိုးတန်းရှိ ဝူချည်းဆိပ်ကမ်းကို သိမ်းပိုက်ရန် ကြိုးစားခဲ့သော်လည်း အချည်းအနှီးသာ ဖြစ်ခဲ့သည်။

၁၈၆၇ ခုနှစ်က တာကိုလှေဆိပ် (ယခု ကောင်းရှုံဆိပ်ကမ်း)

၁၈၇၄ ခုနှစ်တွင် ထိုင်ဝမ်တောင်ပိုင်းဒေသ၌ တိုင်းရင်းသားများက ဂျပန်တံငှာသည်များအား သတ်ဖြတ်ခဲ့ခြင်းကြောင့် ဟိန်ချွန်းဒေသကို ဝင်ရောက် တိုက်ခိုက်ခဲ့သည်။ ဤအဖြစ်အပျက်ကို ထိုင်ဝမ်သမိုင်းတွင် မူတန်းအရေးအခင်းဟု မှတ်တမ်းတင်ထားသည်။ [၁၀] ဤအဖြစ်အပျက်ကြောင့်လည်း ချင်းမင်းဆက်သည် ထိုင်ဝမ်အုပ်ချုပ်ရေးအပေါ် သတိပြုလာသည်။ ၁၈၇၄ ခုနှစ် မေလ ၂၇ ရက်နေ့တွင် စစ်တပ်စေလွှတ်၍ ထိုင်ဝမ်၏ ကာကွယ်ရေးကို ဖြည့်တင်းပေးသည်။ ၁၈၈၄ ခုနှစ်တွင်ဖြစ်ပွားသည့် တရုတ် ပြင်သစ်စစ်ပွဲ (၁၈၈၄ ဩဂုတ် - ၁၈၈၅ ဧပြီ) တွင် ပြင်သစ်တို့က ဖုန်ဟူကျွန်းစုနှင့် ထိုင်ဝမ်မြောက်ပိုင်း ကြီးလုန်ကို တိုက်ခိုက်ခဲ့သည်။[၁၁]

ထိုနောက်တွင် မန်ချူးအစိုးရသည် ရေပိုင်နက် ကာကွယ်ရေးအပိုင်း၌ ထိုင်ဝမ်၏ အရေးပါပုံကို အလေးထားလာသည်။ ၁၈၈၅ ခုနှစ်တွင် ထိုင်ဝမ်အား ဖူကျန့်ပြည်နယ်၏ ခရိုင်အဆင့်မှ ပြည်နယ်အဖြစ် အဆင့်တိုးမြှင့်ခဲ့သည်။[၁၂] ထိုင်ပေမြို့ကို ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ကာ ခေတ်မှီတိုးတက်ရေး လုပ်ငန်းများကို စတင် ဆောင်ရွက်လာသည်။ မန်ချူးအစိုးရသည် ထိုင်ဝမ်တွင် ပထမဦးဆုံးသော ရထားလမ်း၊ ကြေးနန်းရုံးနှင့် စာတိုက်ကို တည်ဆောက်ခဲ့သည်။ ထိုင်ဝမ်နှင့် ဖူကျန့်အကြား လျှပ်စစ်ဓာတ်မီးကြိုးများ ဆက်သွယ်ပေးခဲ့သောကြောင့် ထိုစဉ်အခါက အခြေခံ အဆောက်အဦး အတိုးတက်ဆုံး ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။

၁၈၉၄ ခုနှစ်မှ ၁၈၉၅ ခုနှစ်အတွင်း ပထမတရုတ်ဂျပန်စစ်ပွဲ (ကျာဝူစစ်ပွဲ) ဖြစ်ပွားရာ တရုတ်က စစ်ရှုံးခဲ့သည်။ ဂျပန်နှင့် စစ်ပြေငြိမ်းရေးအတွက် မာကွမ်းစာချုပ်ကို ချုပ်ဆိုခဲ့ပြီး စစ်လျော်ကြေးအဖြစ် ထိုင်ဝမ်နှင့် ဖုန်ဟူကျွန်းတို့အား ပေးအပ်ခဲ့သည်။

ဂျပန်ခေတ်[ပြင်​ဆင်​ရန်​]

၁၈၉၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ ဂျပန်ဘုရင်ခံက ထိုင်ပေမြို့တွင် (ဂျပန်) အုပ်ချုပ်ရေး စတင်ချင်း အခမ်းအနားကို ကျင်းပခဲ့ချိန်မှစ၍ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့ ဂျပန်တို့ ဒုတိယကမ္ဘာစစ်တွင် စစ်ရှုံးပြီးနောက် တရုတ်သမ္မတနိုင်ငံက ထိုင်ဝမ်အား ပြန်လည်သိမ်းယူခဲ့ချိန်အထိ ဂျပန်တို့သည် ထိုင်ဝမ်အား နှစ် ၅၀ နီးပါး အုပ်ချုပ်ခဲ့သည်။

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

Wikiletterk.png ဆောင်းပါးအတိုအား ပိုမိုပြီးပြည့်စုံစေရန် ဆက်လက်ရေးသား ဖြည့်စွက်နိုင်ပါသည်။ သင်က ထပ်မံဖြည့်စွက် ရေးသားပြီး ဝီကီပီးဒီးယားကို ကူညီပေးပါ။ ကျေးဇူးတင်ပါသည်။