ထိကရုံးပင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ထိကရုံးပင်
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Plantae
မျိုးစဉ် Fabales
မျိုးရင်း Fabaceae
မျိုးရင်းသေး Mimosoideae
မျိုးစု Mimosa
မျိုးစိတ် M. pudica
ဒွိနာမ
''Mimosa pudica''
လက်ဖြင့် ထိလိုက်ပြီးနောက် အရွက်များ ညှိုးလိပ်သွားပုံ

မြန်မာလူမျိုးကလေးများသည် ဆော့ကစားရင်း ပေါင်းပင် ၊ မြက်ပင်များအကြားတွင် သေးငယ်လုံးဝိုင်းသော ပန်းရောင်အဆင်းရှိ ပန်းပွင့်များပွင့်သည့် ထိကရုံးပင်များကို ထိတို့ကာ- ထိကရုံးပင်...အိပ်...အိပ် ...မောင်ရင်လာ တံခါးပိတ်...ဂျိတ်- ဟု ရွတ်ဆိုကာ ကလေးသဘာဝဆော့ကစားတတ်လေ့ရှိကြပါသည်။

ထိကရုံးပင်၏ ရုက္ခဗေဒအမည်မှာ Mimosa Pudica ဖြစ်ပြီး အင်္ဂလိပ်အမည် Sensitive Plant ၊ Sleeping Grass ဟုလည်းခေါ်ကြပါသည်။ အချို့တိုင်းပြည်များတွင်မူ အမွှေးစုတ်ဖွားပန်းရောင်အပွင့်လေးများ၏ အသွင်သဏ္ဌာန်ကို အစွဲပြုကာ powder puff ဟုခေါ်ကြပါသည်။

ပုံသဏ္ဌာန်[ပြင်​ဆင်​ရန်​]

ထိကရုံးပွင့်
Mimosa pudica

ထိကရုံးပင် ဟုခေါ်သော မီမိုဇာ (Mimosa Pudia) ပန်းပင်၏ အရွက်များသည် အစိမ်းရင့်ရောင်ရှိပြီး တစ်ခါတစ်ရံတွင် အနီရောင်ဘက် သန်းတတ်ပါသည်။ လုံးဝိုင်းကာ သေးငယ်သော ပန်းများသည် ပန်းရောင်ဖျော့ဖျော့ အဆင်းရှိပါသည်။ ထိကရုံး၏ ပင်စည်သည် နီညိုရောင် ရှိပြီး တောင့်မတ်ပါသည်။ ပင်စည်တွင် ဆူးသေးသေးလေးများ ပါရှိပါသည်။ အရွက်တစ်ရွက်ဟာ ၉ မီလီမီတာ မှ ၁၂ မီလီမီတာ အထိရှည်ပြီး ၁.၅ မီလီမီတာ ခန့် အကျယ်ရှိပါတယ်။ ကိုင်းတစ်ခုမှာ အရွက် အစုံ ၁၂ စုံ မှ ၂၅ စုံအထိ ရှိတတ်ပါသည်။

ပေါက်ရောက်ပုံ[ပြင်​ဆင်​ရန်​]

အပင်၏ အမြင့်မှာ ၂ပေ ခန့်ထိမြင့်တတ်ပြီး ပန်းပွင့်ပန်းရောင်လေးများသည် အချင်း ၁ စင်တီမီတာခန့်ရှိပြီး စက်လုံးပုံ လုံးဝိုင်းပါတယ်။ ပန်းပွင့်လေး ရဲ့ အမွေးစုတ်ဖွားထိပ်လေးမှာ မျိုးစေ့များရှိပြီး ထိုမျိုးစေ့များမှ မျိုးပွားပါတယ်။ အစေ့များဟာ အပူချိန် ၇၀ ဒီဂရီဖာရင်ဟိုက် ၌ ၁၄ ရက်မှ ၂၁ ရက်အတွင်း အပင်ပေါက်ပါသည်။

ထူးခြားချက်[ပြင်​ဆင်​ရန်​]

ထိကရုံးပင်၏ အရွက်စိမ်းစိမ်းများသည် မိုးရေစက်ထိလျှင်သော်လည်းကောင်း ၊ လေတိုက်လျှင်သော်လည်းကောင်း ၊ လက်ဖြင့် ထိတို့မိလျှင်သော်လည်းကောင်း အရွက်များသာ ညှိုးလိပ်သွားသောကြောင့် အထိမခံသော အပင်ဟု လူတွေက ပြောဆိုသတ်မှတ်ကြပါသည်။ အရွက်ကိုစပြီးထိလိုက်သည့်နေရာမှ အစပြုကာ chain reaction ဖြစ်ပြီး တစ်ပင်လုံးကို ပြန့်နှံ့ သွားကာ တစ်ပင်လုံးရှိအရွက်များ တခဏအတွင်းမှာပဲ ညှိုးလိပ်သွားပါသည်။ အပူချိန် ၇၅ ဒီဂရီဖာရင်ဟိုက် မှ ၈၀ ဒီဂရီဖာရင်ဟိုက် အတွင်းတွင် ထိုကဲ့သို့ chain reaction ဖြစ်ခြင်းသည် အမြန်ဆုံးဖြစ်ပါသည်။ သို့သော်လည်း တခဏအတွင်းမှာပင် အရွက်များသည် မုလပုံ အသွင်သဏ္ဌာန်ကို ပြန်လည်ရောက်ရှိလာပါသည်။ ညနေစောင်းနေဝင်ချိန်များမှာလည်း ထိကရုံးဇာပင်၏ အရွက်များသည် ညှိုးလိပ်သွားပြီး ညဘက်အချိန်တွင် အိပ်တတ်သည့် အပင်ဖြစ်ပါသည်။

မူလဇာတိ[ပြင်​ဆင်​ရန်​]

ထိကရုံးပန်းပင်များ၏ မူလဇာတိနေရာမှာ ဘရာဇီးနိုင်ငံ ဖြစ်ပါသည်။ မိုးခေါင်ခြောက်သွေ့ခြင်းကို သည်းခံနိုင်စွမ်းရှိသည့် အပင်ဖြစ်ပြီး မြေဆီလွှာ မြေဩဇာကောင်းမွန်ရန်မလိုအပ်သလို ရာသီဥတုအခြေအနေ ကိုလည်း သည်းခံနိုင်စွမ်းရှိသည့် အကြမ်းခံသည့် မြက်ရိုင်းပန်း အမျိုးအစားဖြစ်ပါသည်။ ဆူးပါရှိသော သဘာဝကြောင့် နေရောင်ခြည်ကို နှစ်သက်ပြီး မြေဆီလွှာ၌ ရေဝပ်နေသည်ကို မနှစ်သက်တတ်ပေ။ မြက်ရိုင်းပန်းဖြစ်သည့်အတွက် ဂရုပြုမိသူနည်းပါးလှပြီး ဥယာဉ်ခြံထဲမှာ အလှပန်းပင်အဖြစ် စိုက်ပျိုးသူ အနည်းငယ်မျှသာ ရှိပါသည်။ အထူးတလည် ဂရုစိုက်ရန် မလိုအပ်ခြင်းကြောင့် စိုက်ပျိုးသူကို အလုပ်ရှုပ် သက်သာစေပြီး အပွင့်ပန်းရောင် သေးသေးလေးများ များပြားစွာ ပွင့်ခြင်းကြောင့် ဥယျာဉ်မှူးကို ကျေနပ်နှစ်သက်စေသော ပန်းပင်ဖြစ်ပါသည်။

Sensitive plant (ထိကရုံးပင်)[ပြင်​ဆင်​ရန်​]

  • Botany Term : Mimosa pudica Linn
  • Species/Family : Mimosaceae


ပုံသဏ္ဌာန် : အပင် - ပင်ပျော့ ပင်ငယ်မျိုး ဖြစ်၏။ အရိုင်းပေါက်ပင် ဖြစ်၍ ဆူးရှိ၏။ အခက်အလက်များတွင် အမွေးကြမ်းများ ရှိ၏။ ရိုးတံ နီ၏။ အရွက် - ရှားရွက်ကဲ့သို့ သေးငယ်သည်။ ၃-၄ ခါ ငှက်မွေး ရွက်ပေါင်း ဖြစ်၍ ထိခဲ့သော် တွန့်ရှုံ့သွား၏။ ရွက်ညှာ မရှိသလောက် ဖြစ်၏။ ရွက်မြွာများသည် ကျဉ်းမြောင်း၍ ရှည်မျောမျော ပုံဖြစ်ပြီး ရွက်ပြား ပြောင်ချော၏။ အပွင့် - အပွင့်သေး၍ ပန်းရောင်ရှိသည်။ ပန်းခိုင်ထီးတည်း ထွက်၏။ ပန်းခိုင်ထိပ်တွင် ပန်းပွင့်များ ဘောလုံးသဏ္ဌာန် စုပြုံပွင့်၏။ နန်းလုံးကြိုင်ပွင့်နှင့် တူသည်။ ဝါခေါင်၊ တော်သလင်းလ တွင် ပွင့်သည်။ အသီး - ၁/၂ လက်မခန့် ရှည်၍ ပြား၏။ အနည်းငယ် အပေါ်သို့ ကွေး၏။ အသီးတွင် အစေ့ ၃-၄ စေ့ ပါ၏။ တန်ဆောင်မုန်း၊ နတ်တော်လ များတွင် သီးသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အရွက်၊ အမြစ်၊ ပဉ္စငါးပါး။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာဆေးကျမ်းများ အလိုအရ ထိကရုံးသည် ခါး ဖန်သော အရသာ ရှိ၏။ အေးသော သတ္တိရှိ၏။ သလိပ် သည်းခြေ တို့ကို ငြိမ်းစေ၏။

အသုံးပြုပုံ- အရွက် ၁။ အရွက်ကိုကြိတ်၍ ဆီးခုံ၌ အုံပေးလျှင် ဆီးလွန်ရောဂါ ပျောက်၏။ ၂။ မြင်းသရိုက် လိပ်ခေါင်းရောဂါ အတွက် အရွက်ကို အမှုန့်ပြု၍ နို့နှင့်သောက်လျှင် ပျောက်၏။ အမြစ် ၁။ အမြစ်ကို သွေး၍ လိမ်းသော် အနာမှ အမြစ်များ ထွက်လာစေသည်။ ၂။ အမြစ်ကို ပြုတ်သောက်သော် ဆီးအိမ်၌ တည်သော ကျောက်ကို ပျော်၍ ကွဲကျစေပြီး ဆီးကောင်းစေသည်။ ပဉ္စငါးပါး ၁။ ပဉ္စငါးပါး ကို ကြိတ်၍ ရေနှင့် ဖျော်လူးပါက ဖောရောင်ခြင်း ကို ကျစေသည်။ ၂။ ရောင်အမ်းသော အနာ ဖြစ်က ထိကရုံး ပဉ္စငါးပါး ကြိတ်၍ ရသော အရည်ကို ရောင်အမ်းသော နေရာတွင် ကြက်တောင်နှင့် သုတ်လိမ်းသော် ပျောက်၏။ ၃။ သွေးအန်၊ သွေးကျ၊ ဝမ်းရောဂါ ပျောက်ဆေး၊ ပန်းနာ ကာကွယ်ဆေး၊ အားတိုးဆေး အဖြစ် ဖော်စပ် အသုံးပြု၏။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. http://arogyamonline.com/commodity/materials/?raw=138