လျှပ်တာပြောင်း

ဝီကီပီးဒီးယား မှ
(ထရန်စဖော်မာ မှ ပြန်ညွှန်းထားသည်)

လျှပ်စစ်ဓာတ်အားပေးရုံမှ လွှတ်လိုက်သော လျှပ်စစ်ဓာတ် စီးကို ကြေးနန်းကြိုးများဖြင့် မိုင်ပေါင်းများစွာ ဝေးကွာသော မြို့ကြီးပြကြီးများသို့ ဖြန့်ပေးရာ၌ လျှပ်စစ်ဖိအား ကောင်းဖို့လို လေသည်။ ခရီးဝေးလေလေ၊ လျှပ်စစ်ဖိအားများရန် လိုလေလေ ဖြစ်သည်။ လျှပ်စစ်ဖိအားများမှသာ လမ်း၌ လျှပ်စစ်စွမ်းအင် ဆုံးပါးခြင်းနည်းမည်။

ဓာတ်အားပေးစက်ရုံရှိ ဒိုင်နမိုမှ ထုတ် လိုက်သော လျှပ်စစ်ဗို့အားသည် မကြီးမားလှချေ။ ထိုကြောင့် လျှပ်စစ်အင်ဂျင်နီယာကြီးများသည် လျှပ်စစ်ဗို့အားကို တိုးမြှင့် ပေးနိုင်မည့်ကရိယာကို ကြံစည်ခဲ့ကြ ရလေသည်။

လျှပ်စစ်ဗို့အားဖြင့် ကရိယာပြုလုပ်ပုံမှာ သံစိမ်းတစ်ခုတွင် ဓာတ်မကူးနိုင်သည့် ပစ္စည်းဖြင့် ပတ်ထားသော ကြေးနန်းကြိုး နှစ်ခုကို တခြားစီရစ်ပတ်ထားသည်။ ကြေးနန်းကြိုးခွေတစ်ခုသို့ အစုန်အဆန်စီး ဓာတ်စီးကြောင်း (အေ၊ စီ)လျှပ်စစ်ဓာတ်ကို သွင်းပေးလိုက်သောအခါ အခြားကြေးနန်းကြိုးခွေ၌ ယင်းလျှပ် စစ်ဓာတ်စီးတစ်ခု ဓာတ်ကူးသွားသည်။ လျှပ်စစ်ဓာတ်စီး သွင်း ပေးသောကြိုးခွေကို မူလနန်းခွေ (ပရိုင်မရီကွိုင်)ဟုခေါ်၍၊ ဓာတ်ကူးသွားသည့်ကြိုးခွေကို ဒုတိယနန်းခွေ (စက်ကင် ဒရီကွိုင်)ဟုခေါ်သည်။

ဤနေရာ၌ တွေ့ရသောအချက်မှာ မူလနန်းခွေ၏ ကြိုး အပတ်ပေါင်းနှင့် ဒုတိယနန်းခွေ၏ ကြိုးအပတ်ပေါင်းတို့ တူညီ လျှင် မူလနန်းခွေသို့ သွင်းပေးသော လျှပ်စစ်ဓာတ်စီး၏ ဗို့အား နှင့် ဒုတိယနန်းခွေ၌ဓာတ်ကူးသော လျှပ်စစ်ဓာတ်စီး ဗို့အားတို့ သည်တူညီကြသည်။ မူလနန်းခွေ၌ ကြိုးတပတ်ရှိ၍ ဒုတိယ နန်းခွေ၌ ကြိုး ၁ဝ ပတ်ရှိလျှင် ဒုတိယနန်းခွေ၏ လျှပ်စစ်ဗို့ အားသည် မူလနန်းခွေထက် ၁ဝ ကြီးသည်။ ဒုတိယနန်းခွေ၌ ကြိုးတပတ်ရှိ၍၊ မူလနန်းခွေ၌ ကြိုး ၁ဝ ပတ်ရှိလျှင် ဒုတိယ နန်းခွေ၏ဗို့အားသည် မူလနန်းခွေ၏ ၁ဝ ပုံ ၁ ပုံသာရှိသော အချက်ပင်ဖြစ်သည်။ အင်ဒပ်ရှင်းကွိုင်၏ သဘောသည် ဤ အချက်ကို အခြေခံထားလေသည်။ ( အင်ဒပ်ရှင်းကွိုင်။)

ဓာတ်အားပေးရုံမှလာသော လျှပ်စစ်ဓာတ်စီး၏ ဖိအားကို မြှင့်ပေးလိုသည့်အခါ ထရန်စဖောမားကို အသုံးပြုရသည်။ ထရန်စဖောမားမှာ သံစိမ်းတစ်ခု၌ အထက်ပါနည်းအရ ကြေး နန်းကြိုးများကို ရစ်ပတ်ထားသော ကရိယာဖြစ်သည်။ မြို့ကြီး ပြကြီးများ၌ ဗို့အားများသော လျှပ်စစ်ဓာတ်သည် ဘေး အန္တရာယ်ဖြစ်လွယ်သဖြင့် လျှပ်စစ်ဓာတ်နှိမ့် ထရန်စဖောမားဖြင့် ကြိုးပတ်နည်းသော ဒုတိယနန်းခွေသို့ လျှပ်စစ်ဓာတ်စီးကူးစေ ရသည်။

ဗို့အားနှိမ့် လျှပ်စစ်ဓာတ်စီးကို လမ်း၌သွယ်ယူပြီးလျှင် အိမ်ထဲသို့သွယ်ယူသောအခါ ထပ်မံ၍ဗို့အားကို နှိမ့်ချပြန်သည်။ ထိုနှိမ့်ပြီး လျှပ်စစ်ဗို့အားဖြင့်သာ အိမ်တွင်းနေသူတို့သည် လျှပ် စစ်ဓာတ်ကို ဘေးကင်းစွာအသုံးချ နိုင်ကြပေသည်။

ထရန်စဖောမားသည် အပြန်အလှန်စီး ဓာတ်စီးကြောင်း(အေ၊ စီ) လျှပ်စစ်ဓာတ်ဖြင့်သာလျှင် အသုံးပြုနိုင်၍ အစုန်စီး ဓာတ်စီး ကြောင်း (ဒီ၊ စီ) လျှပ်စစ်ဓာတ်ဖြင့် အသုံးမပြုနိုင်ပေ။ ဤ အချက်ကြောင့်ပင်လျှင် အေ၊ စီ လျှပ်စစ်ဓာတ်စီးကို အသုံးများ ကြခြင်းဖြစ်သည်။ ဒီ၊ စီ လျှပ်စစ်ဓာတ်စီးကို ထရန်စဖောမား ဖြင့် အသုံးပြုလို သောအခါ ဒီ၊ စီ လျှပ်စစ်ဓာတ်စီးကို အေ၊ စီ လျှပ်စစ်ဓာတ်စီးအဖြစ်သို့ ပြောင်းလဲပေးသည့် ကရိယာတစ်မျိုး ကို အသုံးပြုရသည်။

ထရန်စဖောမား၌ လျှပ်စစ်စွမ်းအင် ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းမျှသာ အပူအဖြစ် ဆုံးရှုံး၏။ အပူ ဒဏ်ကိုခံနိုင်စေရန် ထိုကရိယာကို သေတ္တာတစ်ခုထဲ၌ထည့်၍၊ အထူးစီမံထားသည့် ဆီဖြင့်စိမ်ထားရသည်။ ဝိုင်ယာလက်စက် များ၊ မော်တော်ကားစက်များ၌ ဤကရိယာ၏သဘောကိုယူ၍ အသုံးချသည်ကို တွေ့ရပေသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)