ထမနဲ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ထမနဲ
တပို့တွဲလ ထမနဲထိုးပွဲ

ထမနဲသည် ကောက်ညှင်းနှင့် စီမံပြုလုပ်သော မြန်မာတို့၏ ချိုဆိမ့်မွှေးသည့် စားစရာတစ်မျိုး ဖြစ်သည်။ ကောက်ညှင်းထမင်းကို ထပ်ပြန်တစ်လဲလဲ ကော်များပတ်စာများ နှဲဘိအလား နှဲရသောကြောင်း ထမင်းနှဲဟုခေါ်သည်။ ထမနဲကို အချို့ဒေသတွင် ယာဂုဟုလည်း ခေါ်သည်။ ယာဂုမှာ ပါဠိဘာသာဖြစ်၍ မြန်မာလို ဆန်ပြုတ်ဟု အဓိပ္ပာယ်ရသည်။ ကောက်ညှင်း၊ အုန်းသီး၊ မြေပဲ၊ ဂျင်း၊ နှမ်းဆီနှင့် နှမ်းနိုင်နိုင်ထည့်ရသောကြောင့် နှမ်းမနဲဟုလည်း ခေါ်ကြသည်။

ကောက်ဦးပေါ်ချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား ကျေးလက်တောရွာများအထိ၊ ထမနဲထိုးပွဲများ ဆင်ယင်ကျင်းပကြသည်။ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် တစ်ပွဲအပါအဝင် ဖြစ်သော ယင်းပွဲတော်ကို တပို့တွဲလဆန်းမှစ၍ လပြည့်နေ့အကြား ကာလအတွင်း၌ ရှေးမင်းအဆက်ဆက်မှ ဆင်းသက်၍ အမြို့မြို့ အရွာရွာတွင် ခြိမ့်ခြိမ့်သဲ ကျင်းပကြသည်။ ထို့ကြောင့် တပို့တွဲလ၊ ကုံသို့ကျ၊ မာဃထွန်းစမြဲ၊ ပေါက်လဲပွင့်တုံ၊ ဆူးပန်းငုံ၊ မီးပုံ ယာဂုပွဲဟု စပ်ဆိုကြသည်။

ထည့်သောပစ္စည်းများ အချိန်အဆမှန်၍ အထိုးနိုင်က ထမင်းနှဲသည် အလွန်စားကောင်းရုံမက ရက်ရှည်လည်း အထားခံသော အစာဖြစ်သည်။ ထမင်းနှဲထိုးသည့်အခါ ထည့်သည့်အချိန်အဆများကို အောက်ပါတေး ထပ်မျိုးဖြင့် စပ်ဆိုထားခဲ့ကြသည်။

ကုံရာသီ မာသ၊ သဘာဝရွှင်စွာ။ ထာဝရစဉ်လာ၊ များသူ ငါချိမ့်သဲ။
ညာဇမ္ဗုသာဓုခေါ်အောင်၊ ယာဂုတော် ကြိုဆောင်သည့်ပွဲ။
စားတော်ရ ဆန်ပေါက်ဝါ၊ လေးပြည်သာထည့်မြဲ။
ချိန်ပိဿာ လျှံကြည်ရွှဲအောင်လို့၊ နှမ်း ဆီလဲထည့်ပြန်။
မြေပဲဆန် အဋ္ဌသုညငယ်နှင့် ဒွတ္တိံသတိလဗီဇံ။
အုန်းသီးစိပ် ကျပ်ဝီသံငယ်၊ လောနတံ ချိန်သတ်နှင့်။
ဂျင်းနုဖတ် သိင်္ဂီမျှင်ရွှေ၊ သုံးကျပ် မသွေ၊ နည်းစဉ်ဆက် သမုဆွေငယ်၊ ဥပဒေ မော်ကွန်းပလေး။

အထက်ပါတေးထပ်အရ ထမင်းနှဲထိုးလိုမူ၊ ကောက်ညှင်းဆန် လေးပြည်ကို ရေစင်အောင်ဆေး၍၊ ဆီ တစ်ပိဿာကို ဒယ်တွင် ထည့်ကာ၊ ဂျင်းသုံးကျပ်သားနှင့် ဆီသတ်၍ ကောက်ညှင်းထည့်နှပ်ရသည်။ ကောက်ညှင်းနပ်၍ ဆီပြန်သော်၊ ဖိုမှချ၍ကြေအောင်နှဲရသည်။ ယင်းသို့နှဲရာတွင် ယောက်မနှစ်လက်နှင့် ပွတ်ခြေသဖြင့် ကြေသွားသော ကောက်ညှင်းတွင် မြေပဲ ၈၀ ကျပ်သား၊ နှမ်း ၃၂ ကျပ်သား၊ အုန်းသီးစိပ် ၂၀ ကျပ်သား၊ ဆား ၇ ကျပ်သား နှံ့အောင် ထည့်၍မွှေလျှင် ထမင်းနှဲဖြစ်သည်။

ထမင်းနှဲသည် အပူစာချည့်ပါ၍ ဆီနိုင်သောအစာဖြစ်သဖြင့် အလွန်ချမ်းသည့် တပို့တွဲလမျိုးတါင် ထိုးပွဲကျင်းပ၍ စားကြသည်ဟု ဆိုကြသည်။ အလွန်အေး၍ အဆီခြောက်ခန်းချိန်ဖြစ်သဖြင့်၊ ဆီနိုင်သော ဤထမင်းနှဲကိုစားသုံးလျှင် စိုပြေလာ၍၊ အပူဓာတ်ရလာသည်ဟု အယူရှိကြသည်။ မဟာနရီကွန်ချာဆေးကျမ်း၌မူ ပထဝီပျက်သူများ ထမင်းနှဲစားသင့်သည်ဟုလာသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)