တ​နိုင်း​ခ​မြစ်

ဝီကီပီးဒီးယား မှ

တနိုင်းခမြစ်သည် ကချင်ပြည်နယ်မြစ်ကြီးနားမြို့နယ် မိုးကောင်းမြို့နယ်စပ်ရှိ ခမုံဘွန်(ကူမွန်တောင်တန်း) ရှိ ရွှေတောင်ကြီးတောင်မှ ရေဝေခံခဲ့၏။ ထို့နောက် မြောက်သို့စီးဆင်း၏။ မြောက်မှတဖန် အကွေ့အကောက်ပေါင်းများစွာဖြင့် ဟူးကောင်းချိုင့်ဝှမ်း တောင်ကြားအတိုင်း အနောက်မြောက်သို့ ခရီးဆက်၏။ အနောက်မှတဖန် တောင်သို့စုန်၍ စီးဆင်းလျက်ရှိသည်။

တနိုင်းခမြစ်တွင် အထက်ဘက်မှ ချောင်းနှင့်မြစ်များလည်း စီးဝင်၏။ ထိုမြစ်ချောင်းများ အနက် တဗျိုခ(မိုင်၃၀)၊ လမုံခ၊ တဝမ်ခ(မိုင်၄၀)၊ မောနင်းခ၊ ဘရန်ဘရန်ခ၊ ဒွမ်ဖရော်ခ၊ဆက်ဆယ်ခ၊ဂျထုံခ၊ ဆနိပ်ခ ချောင်းတို့နှင့် တရုံခ(မိုင်၅၀)၊ တချက်ခနှင့် တရာခ စီးဝင်နေသည့် တဂါခတို့လည်းပါဝင်သည်။

အကွေ့အကောက်များလွန်းသည့် တနိုင်းခမြစ်သည် မြစ်ဖျားဦးမှ တနိုင်းမြို့အထိ မြစ်ကြောင်း အကောက်အကွေ့ အတွန့်အချိတ် အတိုင်း မိုင် ၁၀၀ ခန့်စုန်ဆင်း၏။ ထိုမှဒလူရွာမြစ်ကျဉ်းအထိ မိုင် ၅၀ခန့် စုန်ဆင်းပြန်၏။ ထို ဒလူမြစ်ကျဉ်းသည် တနိုင်းခ၏ ပထမမြစ်ကျဉ်းပင်ဖြစ်သည်။

ထို့နောက် ဒလူမြစ်ကျဉ်းမှ တဆင့် ခန္တီးမြို့နယ်မြောက်စွန်းရှိ ကျောက်ဆည်ဒေသအထိ မိုင်၂၀ ကျော် ဖြတ်သန်းရပြန်၏။ တနိုင်းခမြစ်စီးဆင်းရာ ထို ကျောက်ဆည်ဒေသသည် ဒုတိယမြစ်ကျဉ်း ဟုခေါ်ဆိုသည်။

တနိုင်းခခေါ် ချင်းတွင်းမြစ်သည် အကွေ့အကောက်များစွာဖြင့် မိုင် ၂၀၀ ကျော်စီးဆင်း၏။ ထိုမှ တောင်ဘက်သို့ ဆက်လက်စုန်၍ ဧရာဝတီမြစ်နှင့်ဆုံတွေ့ရာ ရေစကြိုမြို့အထိ မိုင်ပေါင်း ၅၀၀ ကျော် စီးဆင်း၏။ ထို့ကြောင့်ချင်းတွင်းမြစ်သည် စုစုပေါင်းမိုင် ၇၀၀ကျော် ရှည်လျားသည်။

အခေါ်အဝေါ်[ပြင်ဆင်ရန်]

တနိုင်းခ ခေါ် ချင်းတွင်းကို

  • ချင်းတွင်း= ချင်း= ချင်းအမျိုးသားများ နေထိုင်ရာတောင်၊
  • တွင်း= ရေ ဟူသော အဓိပ္ပာယ်ဖြင့် ချင်းတောင်တန်းမှ စီးဆင်းလာသည့်မြစ်ဟု ဆိုကြသည်။

ထို့အပြင် ချင်းတွင်းကို သလ္လာဝတီဟုလည်း ခေါ်ကြသေးသည်။

  • သလ္လာ = မြား၊
  • ဝတီ = ရေ၊ မြားကဲ့သို့ တဟုန်ထိုး စီးဆင်းသည့်ရေ (ရေစီးသန်သည့် မြစ်ကြီး)ဟု အဆိုရှိခဲ့သည်။

သို့ရာတွင် သလ္လာဝတီခေါ် ချင်းတွင်းခေါ် တနိုင်းခကို မြောက်ဖျားပိုင်း နာဂတို့က ဒီနဲ ဟုလည်းခေါ်ကြသေးသည်။

  • ဒီ = အဘိုး
  • နဲ = နားနေခြင်း၊ ဒီနဲ = အဘိုးအဘွားများ နားနေ တွေ့ဆုံနေရာ ဟု ဆိုကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ၊ ဗဟိုကော်မတီ ဌာနချုပ်မှ ထုတ်ဝေသော သိင်္ဂါနဒီ မြန်ပြည်မြောက်ဖျားသို့ စာအုပ်မှ