တျူဒါဘုရင်များ

ဝီကီပီးဒီးယား မှ

တျူဒါဘုရင်များ[ပြင်ဆင်ရန်]

တျူဒါဟူသောအမည်မှာ ဗြိတိန်နိုင်ငံသမိုင်းတွင် ခရစ် ၁၄၈၅ ခုနှစ်မှသည် ၁၆ဝ၃ ခုနှစ်အထိ စိုးစံခဲ့သော မင်းများ၏အမည်ဖြစ်သည်။ ထိုအမည်မှာ အိုင်ဝင် တျူဒါ အမည်ရှိ ဝေလနယ်သား မှူးမတ်တစ်ဦးကို အစွဲပြု၍ခေါ်သော မျိုးရိုးအမည်ဖြစ်လေသည်။ အိုဝင်တျူဒါနှင့် ကက်သရင်းမိဖုရားတို့၏သားတော်အား ဘွဲ့ရ ရစ်ချမွန်မြို့စား အက်ဒမန်သည် ဆန်းမားဆက်မြို့စားကြီး၏ သမီးတော်နှင့် ထိမ်းမြား၏။ ကတ်သရင်းမိဖုရားကြီးသည် ပြင်သစ်မင်း၏ သမီးတော်ဖြစ်ပြီး အင်္ဂလန်နှင့် ပြင်သစ်ကြား စစ်ပြေငြိမ်းရေး စာချုပ်အရ ပဉ္စမမြောက် ဟင်နရီဘုရင်နှင့် ထိန်းမြှားလက်ထပ်၏။ ဟင်နရီဘုရင် ကွယ်လွန်အနိစ္စရောက်သောအခါ ကတ်သရင်းသည် အိုဝင်တျူဒါနှင့် ရည်ငံချစ်ကြိုက်မိပြီးလျှင် သားသမီးများ ထွန်းကား၏။ အက်ဒမန်တျူဒါသည် ယင်းသားသမီးတို့အနက် အကြီးဆုံး ဖြစ်လေသည်။ လက်ထပ်ပွဲအပြီး အခါကာလသည်ကား အင်္ဂလိပ်ထီးနန်းကို လန်ကက်စတာ မင်းဆက်နှင့် ယော့မင့်ဆက်တို့ အပြိုင်လုနေကြသည့် နှင်းဆီစစ်ပွဲများ ဖြစ်ပွားနေသောအခါ ဖြစ်သည်။ မြို့စားကြီးသည် လန်ကတ်စတာ မင်းဆက်မှဖြစ်သဖြင့် အက်ဒမန်၏သားတော် ဟင်နရီမှာ လန်ကတ်စတာ မင်းဆက်အဖြစ်ဖြင့် ထီးနန်းကို ဆက်ခံစိုးစံခွင့် ရှိလေသည်။ ထို့ကြောင့် ဟင်နရီသည် 'နှင်းဆီစစ်ပွဲ'တွင် ဝင်ရောက်တိုက် ခိုက်၍ စစ်အောင်မြင်သောအခါ သျွှမဟင်နရီအမည်ဖြင့် ၁၄၈၅-ခုနှစ်တွင် နန်းတက်လေသည်။ ဤသို့ဖြင့် ဟင်နရီတျူဒါ မင်းဖြစ်လာ၏။ ထိုမင်းသည် ယော့မင်းဆက် စတုတ္ထမြောက် အက်ဒဝပ်၏ သမီးတော်ကို မိဖုရားမြှောက်လိုက်ခြင်းဖြင့် လန်ကတ်စတာ မင်းဆက်နှင့် ယော့မင်းဆက်တို့သည် ပူးပေါင်းမိ၍ 'နှင်းဆီ စစ်ပွဲ'ပြီးဆုံးသွားလေသည်။

သျွှမ ဟင်နရီ၏နောက် ဆက်ခံကြသော တျူဒါမင်းဆက်များမှာ ဟင်နရီ တျူဒါ၏ သားတော် အဋ္ဌမဟင်နရီ(ခရစ် ၁၅ဝ၉-၄၇ ခုနှစ်)၊ အဌမဟင်နရီနှင့် တတိယမြောက် မိဖုရား ဂျိန်းဆေးမိုးတို့၏ သားတော် ဆဋ္ဌမအက်ဒွပ် (ခရစ် ၁၅၄၇-၅၃)၊ ပထမမြောက်မိဖုရား ကတ်သရင်းအော့ဖ် အာရာဂွန်နှင့်ရသော မေရီ ဘုရင်မ (ခရစ် ၁၅၅၃-၅၈ ခုနှစ်) နှင့် ဒုတိယမြောက်မိဖုရား အန်းဗူလင်းနှင့်ရသော အယ်လစ်ဇဘက် ဘုရင်မ (ခရစ် ၁၅၅၈-၁၆ဝ၃ ခုနှစ်)တို့ ဖြစ်ကြသည်။ တျူဒါမင်း ငါးပါးရှိသည့်အနက် အဌမမြောက်ဟင်နရီနှင့် အယ်လစ်ဇဘက်ဘုရင်မတို့မှာ ထင်ရှားသည်။ အယ်လစ်ဇဘက် ဘုရင်မ ကံကုန်သောအခါ ထီးနန်းဆက်ခံမည့်သူ မရှိသဖြင့် တျူဒါမင်းဆက်ပြတ်၍ စတူးဝပ်မင်းဆက် စလေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)