တံခွန်တိုင်

ဝီကီပီးဒီးယား မှ
ကျောက်တန်းရေလယ်ဘုရားရှိ တံခွန်တိုင် အောက်ခြေ

တံခွန်တိုင် ဆိုသည်မှာ ဗုဒ္ဓဘာသာ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများအနီးတွင် မြင့်မားစွာ စိုက်ထူထားလေ့ရှိသော တိုင်လုံးကြီးများ ဖြစ်ပြီး ပေ ၆၀ မှ ၈၀ ခန့် အမြင့်ရှိသည်။[၁][၂]

ရန်ကုန်ဗိုလ်တစ်ထောင်စေတီတော်ဝင်းအတွင်းရှိ ပုံစံမတူသည့် တံခွန်တိုင်များပုံ

တံခွန် ဆိုသော စကားမှာ တံကွန်မှလာသည်။ “တံ”၏ အဓိပ္ပာယ်မှာ ဝါးဖြစ်ပြီး “ကွန်”ကိုမူ ပျံတက်နေသော အတံဟု ဆိုလိုသည်။ တံခွန်တိုင်ထိပ်တွင် စေတီတော်၊ ထီးတော်၊ သိကြား၊ နဂါး၊ ဂဠုန်၊ ဟင်္သာငှက် စသည့် အရုပ်များကို တွေ့ရတတ်သည်။

တံခွန်တိုင်၏ သဘော[ပြင်ဆင်ရန်]

၁။ဗုဒ္ဓဘာသာ အဆောက်အဦးဖြစ်ကြောင်း အထိမ်းအမှတ်တိုင်တစ်ခုအဖြစ်လည်းကောင်း၊

၂။ တိုင်ထိပ်တွင် ရိုးရိုးဟင်္သာရုပ် အထွတ်တင်ထားလျှင် အသောကကျောက်တိုင်ထိပ်များတွင် ခြင်္သေ့ရုပ်တုပါသကဲ့သို့ မြန်မာတို့၏ သင်္ကေတအရုပ်အဖြစ်လည်းကောင်း၊

၃။ တိုင်ထိပ်တွင် ဟင်္သာပန်းကိုက်ရုပ် အထွတ်တင်ထားလျှင် နက္ခတ်သဘောအရ မြန်မာပြည်၏ တိတ်စွဲတာရာကို ကိုယ်စားပြုတပ်ဆင်ထားခြင်းအဖြစ်လည်းကောင်း၊

၄။ ဟင်္သာရွဲကိုက်ရုပ်ဖြစ်လျှင် တေရသနိပါတ်တော်မှ ဇဝနဟံသဇာတ်တော်ကို မှီငြမ်းပြုပြီး သတ္တဝါတို့၏ မမြဲသော သခါင်္ရသဘောတရားကို ရည်ညွှန်ခြင်းအဖြစ်လည်းကောင်း၊

၅။ အကယ်၍ တိုင်ထိပ်တွင် ဟင်း၊ လင်း၊ ကြက်၊ ကျေး ဟူသော ငှက်မြတ်လေးကောင်ရုပ်များပါလာခဲ့လျှင် မင်္ဂလာ၏နိမိတ်သင်္ကေတအဖြစ်လည်းကောင်း၊

၆။ တိုင်ထိပ်တွင် သပိတ်ပိုက်ထားသော ရဟန္တာရုပ်ပါလာခဲ့လျှင် တိတ္ထိများနှင့်တံခိုးပြိုင်ပြီး စန္နကူးသပိတ်ကို ဈာန်ပျံကာရယူခဲ့သော ပိဏ္ဍောလမထေရ်ဇာတ်တော်ကို ကိုယ်စားပြုခြင်းသဘောအဖြစ်လည်းကောင်း၊

၇။ တိုင်ခြေတွင် နတ်မင်းကြီးလေးပါးရုပ်ထည့်ထားလျှင် မြင့်မိုရ်တောင်ကို ကိုယ်စားပြုခြင်းသဘောအဖြစ်လည်းကောင်း၊

၈။ တိုင်ခြေတွင် အာလိန်ငါးဆင့်ကိုယ်စားပြု နဂါး၊ ဂဠုန်၊ ဂုမ္ဘန်၊ ယက္ခ၊ ဂန္ဒဗ္ဗ ရုပ်များပါလာခဲ့လျှင် စင်္ကြာဝဠာကိုယ်စားပြုခြင်းသဘောအဖြစ်လည်းကောင်း မှတ်ယူကြသည်။

ကယားတိုင်းရင်းသားမျိုးနွယ်စုများနှင့်ဆက်စပ်နေသည့် တံခွန်တိုင်ပွဲ[ပြင်ဆင်ရန်]

ကယားတိုင်းရင်းသား မျိုးနွယ်စုများဖြစ်သော ကယား၊ ကယန်း(ကခေါင်း၊ ယင်းဘော်၊ လထာ၊ ကဲဒေါ့)၊ ယင်းတလဲစသည့် တိုင်းရင်းသားမျိုးနွယ်စုများသည်  နှစ်စဉ် တန်ခူးလဆန်း ၁ရက်မှ ၅ရက်အထိ  ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့်(တံခွန်တိုင်)ပွဲတော်ကို ကျင်းပကြသည်။ တံခွန်တိုင် ပွဲတော်ဟု အများသိကြသည်။ မြင့်မားသည့် ကျွန်းပင်၊အင်ပင်၊သပြေပင် တို့ကို တိုင်လုပ်ပြီး ထိပ်တွင် ထီးတော်တင်ကာ အခမ်းအနားပြု၍  မိုးလေဝသ၊ ဆန်ရေစပါး၊ ကောက်ပဲသီးနှံ မှန်ကန်ဖြစ်ထွန်းအောင်မြင်စေမှုအပါအဝင် ဘေးအန္တရာယ်ကင်းရှင်းစေရေး ဆုတောင်းမှု ရိုးရာဓလေ့ကလည်း ထင်ရှားလှသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. TagundaingBurma Collections။ Center for Burma Studies, Northern Illinois University။ 5 September 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2013 တွင် ပြန်စစ်ပြီး။
  2. Ferrars၊ Max; Bertha Ferrars (1900)။ Burma။ S. Low, Marston & Company။ pp. 37
  3. လှမ်းခဲ့စေချင် ကယားတိုင်းရင်းသားတို့၏ ကေ့ထျိုးဘိုး(ခ) ဂန်းခွမ့် (တံခွန်တိုင်) ပွဲတော်ဆီ

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]