မကွေးခရိုင် တောင်တွင်းကြီးနယ်ရုံးစိုက်ရာမြို့ဖြစ်သည်။ တောင်တွင်းကြီးနယ်တွင် တောင်တွင်းကြီးမြို့နယ်၊ မြို့သစ် မြို့နယ်နှင့် နတ်မောက်မြို့နယ်တို့ ပါဝင်ကြသည်။ တောင်တွင်းကြီးမြို့သည် မကွေးမြို့မှ အရှေ့ဘက် ၅၁ မိုင် ကွာဝေးသည်။ ပေလေးပင်၊ ရှင်လေးပါး ပေါ်ထွန်းသောမြို့ဟု မြန်မာစာပေလောကတွင် ထင်ရှားကျော်စောသည်။ တောင်တွင်း ကြီးမြို့နယ်သည် တြိဂံပုံသဏ္ဌာန်ရှိ၍ မြေဩဇာထက်သန်ကောင်း မွန်သော လွင်ပြင်ဒေသများရှိသောကြောင့် မကွေးခရိုင်တွင် စပါးအများဆုံး ထွက်သောမြို့နယ်ဖြစ်သည်။ လယ်ယာစိုက်ပျိုး ခြင်းအတွက် ဆည်မြောင်းများ တူးဖော်လုပ်ကိုင်ကြရသည်။ ရှေးခေတ်က ဆည်မြောင်းအဟောင်းများကိုလည်း ယခုတိုင် တွေ့ရှိနိုင်သည်။
တောင်တွင်းကြီးမြို့ မြူနီစပယ်အဖွဲ့ကို ၁၈၈ရ ခုနှစ်မှစ၍ တည်ထောင်ခဲ့သည်။ တောင်တွင်းကြီးမြို့သည် မကွေးမြို့နှင့် ကတ္တရာစေးခင်းကျောက်လမ်းဖြင့် ဆက်သွယ်ထား ရှိသည်။ ထိုပြင် ပျဉ်းမနား-ကျောက်ပန်းတောင်း မီးရထားလမ်း သည် တောင်တွင်းကြီးမြို့ကို ဖြတ်၍သွားလေသည်။ မီးရထား လမ်းအားဖြင့် ပျဉ်းမနားမြို့နှင့် ၆ရ မိုင်ကွာဝေးသည်။ မြို့၏ လူဦးရေမှာ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၁၆ ၂၃၃ ယောက်ခန့်ရှိသည်။
မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)