တုံဂူစကာ ပေါက်ကွဲမှု

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တုံဂူစကာ ပေါက်ကွဲမှုကြောင့် လဲပြိုကျသွားသော သစ်ပင်များ။ ဆိုဗီယက် သိပ္ပံ အကယ်ဒမီမှ လီယိုနစ်ကူလစ် ဦးဆောင်သော စူးစမ်းရှာဖွေရေး အဖွဲ့မှ ၁၉၂၇တွင် ရိုက်ကူးထားသောပုံ
တုံဂူစကာ ၂၀၀၆
The Southern swamp — the hypocenter of the Tunguska explosion, in 2008.

တုံဂူစကာ ပေါက်ကွဲမှု (Tunguska event, သို့ Tunguska explosion) ဆိုသည်မှာ ယနေ့ခေတ် ရုရှားနိုင်ငံ ကရပ်စ်နိုယပ်စ် ကရိုင် (Krasnoyarsk Krai) ဒေသရှိ ပေါ့ဒ်ကာမန်နာယာ တုံဂူစကာမြစ် (Podkamennaya Tunguska River) အနီးတွင် ၁၉၀၈ ခုနှစ် ဇွန်လ ၃၀ရက် ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၄ မိနစ်တွင် ဖြစ်ပွားခဲ့သော အလွန်အင်အားပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်သည်။[၁][၂][၃]

ထိုပေါက်ကွဲမှုသည် ဥက္ကာခဲ သို့မဟုတ် ကြယ်တံခွန် ကျရောက်ခြင်းကြောင့် ကမ္ဘာ့မြေမျက်နှာပြင် အထက် ၅ကီလိုမီတာမှ ၁၀ ကီလိုမီတာခန့် (၃ မိုင်မှ ၆ မိုင်ခန့်) တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရသည်ဟု ယူဆကြသည်။ လေ့လာမှု အမျိုးမျိုးမှ ကျရောက်ပေါက်ကွဲသော အရာဝတ္ထု၏ အရွယ်အစားကို အမျိုးမျိုး ခန့်မှန်း တွက်ချက်ကြပြီး အများစု၏ သဘောတူညီချက်မှာ မီတာ ဆယ်စု အနည်းငယ်မျှ ရှည်လျားသည် ဟု ယူဆကြသည်။[၄]

၁၉၀၈ ခုနှစ်မှ စ၍ တုံဂူစကာ ပေါက်ကွဲမှုနှင့် ပတ်သက်၍ စာတမ်းများ ထုတ်ဝေခဲ့သည်မှာ ၁၀၀၀ ကျော်မျှ ရှိပြီး အများစုမှာ ရုရှားဘာသာဖြင့် ဖြစ်သည်။ တုံဂူစကာ လေ့လာမှုတွင် သိပ္ပံပညာရှင် အမြောက်အများ ပါဝင်ကြပြီး လူသိများသူတို့မှာ လီယိုနစ် ကူလစ်ခ် (Leonid Kulik)၊ ယပ်ဗနေ ကရီနော့ဗ် (Yevgeny Krinov)၊ ကီရေး ဖလော်ရင်စကီး (Kirill Florensky)၊ နီကိုလေ ဗာဆီလီယက်ဗ် ( Nikolay Vasiliev) နှင့် ဝေလ်ဟမ်ဖတ်စ် (Wilhelm Fast) တို့ဖြစ်သည်။[၅]

ထိုဥက္ကာခဲ့ သို့မဟုတ် ကြယ်တံခွန်သည် မြေမျက်နှာပြင်ကို ထိခိုက်ပေါက်ကွဲခြင်း မဟုတ်ဘဲ လေထဲတွင် ပေါက်ကွဲခဲ့ခြင်းသာ ဖြစ်သော်လည်း ထိုအဖြစ်အပျက်ကို ထိခိုက်ပေါက်ကွဲမှု (impact) ဟုသာ ရည်ညွှန်းလေ့ ရှိကြသည်။ ထိုပေါက်ကွဲမှုမှ ပေါ်ထွက်လာသော စွမ်းအင်သည် ၅ မီဂါတန်မှ ၃၀ မီဂါတန် အတွင်းရှိသော တီအင်န်တီယမ်းပေါက်ကွဲမှုနှင့် ညီမျှသည်ဟု ခန့်မှန်းယူဆရပြီး အများဆုံး ဖြစ်နိုင်ခြေမှာ ၁၀ မီဂါတန်မှ ၁၅ မီဂါတန် အတွင်းဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှ ၁၉၅၄ ခုနှစ် မတ်လ ၁ ရက်တွင် စမ်းသပ်ခဲ့သော ကပ်စတယ်လ် ဗရာဗို သာမိုနျူးကလီးယားဗုံးနှင့် အတူတူမျှ ဖြစ်ပြီး ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် ပေါက်ကွဲခဲ့သော နျူးကလီးယားဗုံး၏ အဆ ၁,၀၀၀ ခန့်မျှ ဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် ၂,၁၅၀ စတုရန်း ကီလိုမီတာ (၈၃၀ စတုရန်းမိုင်) အတွင်းရှိ သစ်ပင်ပေါင်း သန်း ၈၀မျှ လဲပြိုပျက်စီးခဲ့ရသည်။ ထိုပေါက်ကွဲမှုကြောင့် ထွက်ပေါက်လာသော တုန်ခါမှုသည် ရစ်ချ်တာစကေး ၅ မျှ ရှိသော ငလျင်နှင့် ညီမျှသည်ဟု တွက်ဆကြသည်။ ထိုသို့အားပြင်းသော ပေါက်ကွဲမှုသည် အလွန်ကြီးကျယ်သော မြို့ပြ မက်ထရိုပိုလစ်တန် ဒေသတစ်ခုကို ဖျက်ဆီးပစ်နိုင်သည်။ ထိုသို့ ဖြစ်နိုင်ခြေကြောင့် ဥက္ကာပျံ လမ်းလွဲသော နည်းလမ်းများကို ဆွေးနွေးလာခဲ့ကြသည်။

တုံဂူစကာ ပေါက်ကွဲမှုသည် ကမ္ဘာမြေကြီး၏ လတ်တလော သမိုင်းကြောင်းအတွင်း အကြီးမားဆုံး ထိခိုက်မှု ဖြစ်သည်။ ၁၉၆၀ ခုနှစ် နှင့် ၁၉၇၀ ခုနှစ်များမတိုင်မီ တကမ္ဘာလုံး ဂြိုဟ်တုဖြင့် စောင့်ကြပ် ကြည့်ရှုခြင်း တိုးတက်ဖွံ့ဖြိုးမလာမီ အချိန်က ဝေးလံလာသော သမုဒ္ဒရာများအတွင်း ထိုသို့ကျရောက်ပေါက်ကွဲခြင်းဖြစ်ပေါ်ခဲ့ပါက သတိပြုနိုင်ခဲ့မည် မဟုတ်ပေ။


ကိုးကား[ပြင်​ဆင်​ရန်​]

  1. Pasechnik, I. P. Refinement of the moment of explosion of the Tunguska meteorite from the seismic data. – Cosmic Matter and the Earth. Novosibirsk: Nauka, 1986, p. 66 (in Russian).
  2. P. Farinella, L. Foschini, Ch. Froeschlé, R. Gonczi, T. J. Jopek, G. Longo, P. Michel Probable asteroidal origin of the Tunguska Cosmic Body
  3. Trayner, C. Perplexities of the Tunguska meteorite
  4. Lyne, J.E., Tauber, M. The Tunguska Event
  5. Photographs of these scientists may be seen at: http://www.TunguskaMystery.info/Tunguska_Event.