တာတမံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
တာရိုးပေါ်မှ လမ်းမ

ရေလွှမ်းမိုးသော အန္တရာယ်တို့ကို ကာကွယ်ရန်အလို့ငှာ သော်၎င်း၊ ရေလှောင်ကန်အတွက် ပေါင်ခတ်ခြင်း ဆည်ဖို့ခြင်း အလို့ငှာသော်၎င်း၊ လမ်းပန်းဆက်သွယ်ရေးအလို့ငှာသော်၎င်း မြေကြီးကိုဖို့၍ ပြုပြင်ထားသော ကုန်းမြင့်တန်းကို တာတမံ (Embankment) ဟု ခေါ်၏။ အင်းထဲ၌ငါးများကို ဖမ်းရန်အတွက် လယ်ကန်သင်း ကဲ့သို့ မြေဖို့ကာပေါင်ခတ်ထားခြင်းကို တမံဟုခေါ်သည်။ တမံ တုတ်သည်၊ တမံဖို့သည်ဟု ဆိုကြသည်။ တမံအကြီးစားမျိုးကို တာဟုခေါ်လေသည်။

တာတမံ အမျိုးမျိုးရှိသည်။ ယင်းတို့မှာ နဂိုမြေပြင်ပေါ် တွင် မြေကြီးထပ်မံဖို့တင်ကာ အပေါ်မှမြေကို မာအောင်ပြု လုပ်၍၊ နံဘေးတစ်ဖက်တစ်ချက်ကို ဆင်ခြေလျှောဖြစ်အောင် ပြုလုပ်ထားသော မီးရထားတာလမ်း၊ ရေစီးအားကို တားဆီးရန် နှင့် ရေပိုများကိုလှောင်ထားနိုင်ရန် ပြုလုပ်ထားသော ရေကာ တာနှင့် မြေကြီးဖို့တင်၍ နံရံများတိုင်များစသည်ဖြင့်ခိုင်ခံ့အောင် ဖန်တီးထားသော တာရိုးဆည်ရိုးဟူ၍ ဖြစ်ကြ၏။

မြေနိမ့်ပိုင်း သို့မဟုတ် ချိုင့်ဝှမ်းတစ်ခုကိုဖြတ်၍ မီးရထား လမ်းဖောက်ရမည့် အခါတွင်ဖြစ်စေ၊ မီးရထားလမ်းကို ပြေနိုင် သမျှ ပြေအောင်ဖောက်ရန်အတွက် ဖြစ်စေ၊ အထူးသဖြင့် ရေဝပ် သော လွင်ပြင်ကျယ်ကြီးများတစ်လျှောက် ရထားလမ်းကို မြှင့်၍ ဖောက်လုပ်ရမည့်အခါတွင်ဖြစ်စေ မီးရထားတာလမ်းကို ဖို့ရ၏။ လမ်းဖောက်မည့်နေရာတစ်ဖက်တစ်ချက်တွင် ကျင်းများတူး၍ မြေကို သယ်ယူဖို့တင် ဆောက်လုပ်ရလေသည်။ ကျောက်ကျိုး ကျောက်ပဲ့များ၊ ကျောက်စရစ်ခဲများနှင့် သဲကောင်းကောင်းတို့ သည် တာဖို့ရာတွင် သုံးရန် အကောင်းဆုံးပစ္စည်းများဖြစ်ကြ၏။

အပေါ်ယံမြေလွှာနှင့် ရွံ့စေးတို့ကိုသုံးလျှင် စရိတ်ကြီး၍ဘေး အန္တရာယ် လည်းဖြစ်စေတတ်၏။ အကြောင်းမူကား၊ အပေါ်ယံ မြေလွှာနှင့် ရွံ့စေးတို့ သိပ်သွားသည့်အခါ တာရိုးသည် နိမ့်ကျ သွားတတ်၍ မီးရထားလမ်းချော်နိုင်သောကြောင့်တည်း။ ထို ကြောင့်ပင် မီးရထားတာလမ်းကို ဖို့လုပ်ရာတွင် လိုသည့်အမြင့် ၏ ၁/၁၂ မှ ၁/၅ အထိတိုးမြှင့်ဆောက်လုပ်ရလေသည်။ တာတမံများတွင် ဆင်ခြေလျှောကို အပေါ်ယံ မြေလွှာ လက်မအနည်းငယ်ဖို့ပေး၍ မြက်ပင်များ စိုက်ထားတတ်ကြ၏။

မြက်ပင်တို့သည် မျက်နှာပြင်မြေလွှာကိုခိုင်ခံ့စေ၍ မိုးရေတိုက် စားခြင်းမှ ကာကွယ်ပေးလေသည်။ ရေငြိမ်အတွက် တမံဆည် ရိုး၏ ဆင်ခြေလျှောကို ကျောက်တုံးတို့ဖြင့် လုပ်သင့်၏။ အကယ်၍ ရေစီးလှိုင်း စသည်တို့၏ဒဏ်ကို ခံရမည်ဖြစ်လျှင် ကား တာတမံ၏ ဆင်ခြေလျှောကို ကျောက်စရစ်ခဲများထည့်၍ ဆောက်လုပ်သင့်၏။ သို့မဟုတ် ဆင်ခြေလျှောကို နံရံများ ကာ ထားအပ်ပေသည်။ ရေတက်ရေကျရှိသော နေရာမျိုးတွင် ရေကျ သောအခါ တာတမံ၏ ဆင်ခြေလျှောကို ရေတိုက်မစားရန် ကာကွယ်ထားရမည်။ တာတမံ၏ ဆင်ခြေလျှောကို ၁၄ ဒီဂရီမှ ၃၇ ဒီဂရီအထိ အမျိုးမျိုးသင့်သလို ပြုလုပ်ပေးနိုင်ပေသည်။

ရေလှောင်ကန်၏ တာရိုးကို မြေကြီး သို့မဟုတ် အလား တူပစ္စည်းနှင့်ပင် လုပ်သော်လည်း၊ အတွင်းဖက်၌ ကန်ကရစ် သို့မဟုတ် ကျောက်ခဲခံ၍ ရေစိမ့်မထွက်နိုင်အောင် အလယ်၌ရွံ့ စေးများ လောင်းထည့်ထား၏။ တာရိုး၏ ဆင်ခြေလျှောကို လည်း လှောင်ထားသည့်ရေတိုးသောဒဏ်ကို ခံနိုင်အောင်ပို၍ ခပ်ပြေပြေလုပ်ထားရ လေသည်။ မြန်မာနိုင်ငံ၌ ဟင်္သာတ၊ ပုသိမ်၊ မအူပင်ခရိုင်စသော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ တစ်ဝိုက်တွင် ဧရာဝတီမြစ်ရေလျှံခြင်းမှ ကာကွယ်ရန် ရေကာ တာများကို ဆောက်လုပ်ထားရ၏။ မြစ်ဝကျွန်းပေါ်ဒေသ မြောက်ဘက်စွန်းရှိ ကြံခင်းတာရိုးသည် ၆ မိုင်ရှည်၍ ကြံခင်း မြို့မြောက်ဘက် ကုန်းမြင့်တစ်နေရာမှ ပြဒါးရှင်ချောင်းမြောက် ဘက်တစ်လျှောက်၌ တည်ရှိလေသည်။

မြန်အောင်ရေကာတာမှာ မြန်အောင်မြို့ မြောက်ဘက်မှ အစပြု၍၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်း တစ်လျှောက်နှင့် ငဝန်မြစ်ခေါ် ပုသိမ်မြစ် မြောက်ဘက်ကမ်းတစ်လျှောက် လူ တော်စုရွာအထိ ရောက်၏။ ၄၇ မိုင် ရှည်လေသည်။ ဟသင်ာ္တမြောက်ဘက် ဧရာဝတီမြစ်မှ ငဝန်မြစ်ခွဲထွက်ရာ နေရာမှအစပြုကာ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း တစ်လျှောက် ပန်းတနော်အထိတည်ရှိသော ဟင်္သာတရေကာတာ သည် ၇၅၁/၂ မိုင်ရှည်၏။ ယင်းနှင့်တစ်ဆက်တည်းဖြစ်လျက် အနောက်ဘက်ခွဲထွက်သွားသော တာရိုးသည် ငဝန်မြစ်လက်ဝဲ ဖက် ကမ်းတစ်လျှောက်တွင် တည်ရှိ၍၊ ၇၅ မိုင်ရှည်သည်။ ယင်းကို ငဝန်ရေကာတာဟု ခေါ်သည်။

ဧရာဝတီမြစ် အရှေ့ဘက်ကမ်း၌ ဓနုဖြူမြို့နှင့် မျက်နှာချင်း ဆိုင်တွင် အဖြောင့်မှ စံကင်းတိုင်အောင် ၁၅ မိုင်ရှည်သော စံကင်းဆကာကြီးရေကာတာရှိသည်။ ယင်း၏အောက်ဖက်ကျကျ တွင်မူ ၅၄ မိုင်ရှည်သော ညောင်တုန်းရေကာတာသည် ဧရာ ဝတီမြစ်ရိုးတစ်လျှောက်နှင့် ပန်းလှိုင်မြစ်ရိုးတို့တစ်လျှောက် တစ်ပိုင်းစီတည်ရှိသည်။ မအူပင်ကျွန်းအရှေ့၊ အနောက်နှင့် မြောက်ဘက်တို့တွင် ၇၇ မိုင်မျှရှည်လျားသော တာရိုးရှိ၏။ ကျိုက်လတ်မြစ်နှင့်တိုးမြစ်များ ရေကြီးသည့်အခါ၊ သုံးခွကျွန်းကို ရေလွှမ်းမိုးခြင်းဘေးမှ ကာကွယ်ရန် အတွက်ဖို့ လုပ်ထားသော သုံးခွကျွန်းရေကာတာသည် ၄၁ ၁/၂ မိုင်ရှည်၏။

ရွှေလောင်းရေကာတာမှာ မြောင်းမြခရိုင်၌ ရှိ၍၊ ၁၂ ၁/၂ မိုင်ရှည်၏။ လယ်ဧကပေါင်း ၇ဝဝဝ ခန့်ကို ရေဘေးမှကာ ကွယ်ပေးသည်။ ဧရာဝတီမြစ်ရေကာတာများက ကာကွယ်ပေး ထားသော မြေဧကစုစုပေါင်းမှာ ၉၈၉ဝဝဝ ခန့်ဖြစ်၏။ စစ်တောင်းရေကာတာမှာ ၄၈ မိုင်ရှည်၍၊ စစ်တောင်မြစ် လက်တက် အိုင်ဒုန်ချောင်း လကျာ်ဖက်ကမ်း တစ်လျှောက်နှင့် စစ်တောင်းမြစ် လကျာ်ဖက်ကမ်းတစ်လျှောက်တွင် ဖို့ထား၏။ စစ်တောင်းမြစ်နှင့် ရန်ကုန် မန္တလေး မီးရထားလမ်းအကြား ထိုပြင်ညောင်လေးပင်မှ မဒေါက်ထိ မီးရထားလမ်းကိုလည်း ကာကွယ်ပေး၏။

ပဲခူးခရိုင်ရှိ ဇွဲဘက်၊ မိုးရင်ကြီးတာရိုးမှာ မိုးရင်ကြီး ရေ လှောင်ကန်ကို ကျိုးပေါက်မသွားစေရန် ကာကွယ်ထားသည်။ ဤရေလှောင်ကန်သည် နွေရာသီတွင် ပဲခူးစစ်တောင်းတူးမြောင်း ၌ ကူးသန်းသွားလာနိုင်အောင် ဖန်တီးပေးရန်အတွက် ရေကိုသို လှောင်ပေးသည်။ ပကိုင်တာရိုးသည် မြက်ကျိုးမှအနောက်ဘက် တစ်လျှောက် ဖို့လုပ်ထား၍ ဇွဲဘက်၊ မိုးရင်ကြီးတာရိုးနှင့် တွေ့ ဆုံပေါင်းစည်းလျက် ပဲခူးစစ်တောင်း တူးမြောင်း၏မြောက်ဘက် တစ်လွှားတွင်ရှိသော လယ်မြေအမြောက်အမြားကို စစ်တောင်း မြစ်ရေဘေးမှ ကာကွယ်ပေး၏။ ပဲခူးမှ တာဝအထိ ပဲခူးမြစ် အရှေ့ဘက်ကမ်းတစ်လျှောက် ဖောက်လုပ်ထားသော ရေကာတာ ငယ် တစ်ခုလည်းရှိသေး၏။ တာဝနှင့် ပဲခူး စစ်တောင်းတူး မြောင်းမြောက်ဘက် လယ်မြေများကို ပဲခူးမြစ်ရေမလျှံအောင် ကာကွယ်ပေးသည်။

ဧလာမှ တောင်ဘက်တစ်လျှောက်သို့ ဖို့လုပ်ထားသော ရမည်းသင်းတာကလေးမှာ ၇ မိုင်ရှည်၏။ ပေါင်းလောင်းမြစ် အနောက်ဘက် ကမ်းပေါ်တွင် တည်ရှိ၍၊ လယ်မြေဧကပေါင်း ၅ဝဝဝ ခန့်ကို ရေဘေးမှ ကာကွယ်ပေး၏။

ဖျာပုံနယ်ရှိ တမာတကောတာမှာ ၉ မိုင်ရှည်၍၊ တိုးမြစ်ဝ မှအစပြုကာ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်တွင် လယ်ဧက ပေါင်း ၁၃ဝဝဝ ခန့်ကို ပင်လယ်ရေလျှံခြင်းမှကာကွယ်ပေး၏။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)