တရန်တိုပင့်ကူ
| တရန်တိုပင့်ကူ Lycosa tarantula |
||||||||||||||
|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
| သိပ္ပံနည်းကျမျိုးခွဲခြင်း | ||||||||||||||
|
||||||||||||||
| ဒွိနာမ | ||||||||||||||
| ''Lycosa tarantula'' | ||||||||||||||
တရန်တိုပင့်ကူ၏ ပါဏဗေဒအမည်မှာ 'လိုက်ကိုဆာ တာရန်တျူလာ' ဖြစ်သည်။ တာရန်တျူလာဟူသော အမည်မှာ အီတလီနိုင်ငံရှိ တရန်တိုမြို့အမည်ကိုစွဲ၍ ခေါ်ခြင်းဖြစ်သည်။ ယင်းတို့ကို ဥရောပတိုက်တောင်ပိုင်း ဒေသများတွင်သာ တွေ့နိုင်၏။ သို့သော် ကမ္ဘာပေါ်ရှိ တိုင်းပြည်အသီးအသီးမှ ပင့်ကူ အကြီးစားများကိုလည်း ဤအမည်ဖြင့်ပင် ခေါ်ဝေါ်ကြသည်။ မြန်မာနိုင်ငံ၌ ပင့်ကူကြီးများကို ကျားပင့်ကူ ဟူ၍ခေါ်ကြသည်။ တရန်တိုပင့်ကူသည် ခြေထောက်တစ်ဘက်အစွန်းမှ အခြား တစ်ဘက်စွန်းသို့ ၈ လက်မမှ ၁ဝ လက်မခန့်ထိရှိ၏။ ခြေလက်မှစ၍ တစ်ကိုယ်လုံးအမွေးစုတ်ဖွား ဖုံးအုပ်နေလျက်အလွန် အဆိပ်ပြင်းသည်။ ပိုးမွှားနှင့် သေးငယ်သော တိရစ္ဆာန်ကလေးများကို ဖမ်းဆီးစားသောက်သည်။ တောင်အမေရိကတိုက်ရှိ တရန်တိုပင့်ကူအချို့မှာ ငှက်ကလေးများကိုပင် ဖမ်းယူစားသောက်တတ်သည်။ လူကိုကိုက်လျှင်၊ အကိုက်ခံရသူမှာ ပြင်းစွာအဆိပ်တက်၍၊ အမွေးများ စူးမိလျှင်လည်း စူးသည့်နေရာ၌ အခံရခက်အောင် နာကျင်ရောင်ရမ်းလာတတ်သည်။ ထိုပင့်ကူကြီးမျိုးကို အပူပိုင်းဒေသများတွင် တွေ့ရသည်။ အဆိပ်ပြင်းသည့်အတွက် တိုင်းရင်းသားများက အလွန်ကြောက်ရွံ့ကြသည်။
တရန်တိုပင့်ကူမများသည် ပိုးအိမ်များကို သူတို့၏အိမ်ဖြစ်သော တွင်းများ၌ထားပြီးလျှင် အပြင်သို့ထွက်သည့်အခါ၌ ယူဆောင်သွားလေ့ရှိကြသည်။ တရန်တိုပင့်ကူငယ်များ ပေါက်လာ သောအခါ မိခင်တို့၏ ကျောပေါ်တွင် ရက်သျွှတစ်ပတ်ခန့်မျှ နေထိုင်ရသည်။ တရန်တိုပင့်ကူတို့သည် မြေတွင်တွင်းနက်နက် တူးကာ နေတတ်၍၊ တွင်းကို နူးညံ့သော ပင့်ကူမျှင်ဖြင့် အနား ကွပ်ထားလေ့ရှိသည်။ ယင်းတို့သည်အခြား ပင့်ကူတို့ ကဲ့သို့ ပင့်ကူအိမ်များဖွဲ့၍ သားကောင်ကို ထောင်ဖမ်းလေ့မရှိချေ။ အမှိုက်သရိုက်၊ သစ်ရွက်ခြောက်များအကြား၌ ပုန်းအောင်း၍ သော်၎င်း၊ တွင်းထဲမှနေ၍သော်၎င်း သားကောင်ကို ချောင်းမြောင်းကာ ခုန်အုပ်၍ ဖမ်းဆီးတတ်သည်။
[ပြင်ဆင်ရန်] ကိုးကား
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)