တဂိုးရာဗင်ဒြာနတန်
[ပြင်ဆင်ရန်] တဂိုးရာဗင်ဒြာနတန် (ခရစ် ၁၈၆၁-၁၉၄၁)
အိန္ဒိယနိုင်ငံ၏ စာပေလောကကို ၁၉ ရာစုနှစ်တွင်ဘင်္ဂါလီစာပေသည်ရှေ့ဆောင်ပြုခဲ့ပေသည်။ ထိုဘင်္ဂါလီစာပေ ရှေ့ဆောင်ခဲ့သည့်ခေတ်ကို အိန္ဒိယစာပေလောက၌ ခေတ်သစ်ဟု ခေါ်ဆိုကြလေသည်။အကြောင်းမှာ ထိုခေတ်၌ ရှေးကရေးသားခဲ့သော စာမွန်အရေးအသားများ ဝတ္ထုတို တတ္ထုရှည်အရေးအသားများ၊ ရှေးဦး သက္ကဋစာပေ ပြဇာတ်များ စသည်တို့နှင့်မတူ၊ တမူ ကွဲပြား ဆန်းသစ်သော ပြဇာတ်အရေးအသားများ ထွန်းကားလာ သောကြောင့်ဖြစ်သည်။ ထိုခေတ်သစ် ဗင်္ဂါလီစာပေလောကတွင် အထင်အရှားအကျော်စောဆုံးဖြစ်၍၊ စာပေလောကခေါင်းဆောင် ကြီးအဖြစ်ဖြင့် ဖခင်ကြီးဟု ခေါ်တွင်ခံရသူကား ရာဗင်ဒြာနတ် တဂိုးပင်တည်း။တဂိုးကို ၁၈၆၁ ခုနှစ် မေလ ၆ ရက်နေ့တွင် ကာလကတ္တားမြို့၌ မွေးဖွား၏။ ဖခင်မှာ ဒေဗင်ဒြာနတ် တဂိုးဖြစ်သည်။ ငယ်စဉ်အခါက အလွတ်ပညာသင် နည်းပြဆရာများဖြင့်သာ စာပေများကို သင်ကြားခဲ့ရ၏။ ၁၇ နှစ်သားအရွယ်တွင် တဂိုးသည် ဗိသနဝကဗျာစာဆိုများကို တပည့်ခံယူ၍ အတုယူ ကာ ကဗျာများကို ရေးသားစပ်ဆိုခဲ့လေသည်။ ထိုအချိန်လောက် မှာပင် သူသည် အင်္ဂလန်နိုင်ငံသို့သွားရောက်လည်ပတ်ခဲ့၏။
အသက် ၁၈ နှစ်တွင် တက်သစ်စနေကို၎င်း၊ ဝင်လုဆဲနေကို ၎င်း ဖွဲ့နွဲ့သော ဂီတကဗျာများကို ရေးသားခဲ့လေသည်။တဂိုးသည် ၁၈၈၄ ခုနှစ်၌ အိမ်ထောင်ကျပြီးလျှင်၊ ဂင်္ဂါမြစ်ကမ်း တစ်နေရာ၌ရှိသော ရှိလေဒါအရပ်သို့ သွားရောက်၍၊ ဖခင်၏ လက်ငုပ်လက်ရင်းဖြစ်သော မြေယာများကို အုပ်ချုပ် စီမံကာ နေထိုင်ခဲ့လေသည်။ ထိုသို့ နေထိုင်ခဲ့ရာမှ၊ တဂိုးသည် ထိုအရပ်ရှိ အရပ်သူ အရပ်သားများ၏ သွားလာနေထိုင်မှု၊ လုပ်ကိုင်စားသောက်မှု၊ ဆင်းရဲပင်ပန်းမှုများကို နေ့စဉ်နှင့်အမျှ လေ့လာသိရှိရလေသည်။ ဤသို့ လေ့လာသိရှိမိခဲ့သမျှသော လောကသားတို့၏ ဖြစ်စဉ်တို့ကို တဂိုးသည် ကဗျာစာပေများ အဖြစ်ဖြင့် အမှန်အတိုင်း စီကုံးရေးသားဖော်ထုတ် ခဲ့ပေသည်။ ရှိလေဒါ၌ ၁၇ နှစ်မျှနေထိုင်ခဲ့စဉ် တဂိုးရေးသားစီကုံးခဲ့သော ကဗျာများအနက် အထင်အရှားဆုံး ကဗျာများမှာ 'ဆန်းစသော် တာ'၊ 'ဥယျာဉ်မှူး'၊ 'ဂီတဉ္စလီ'၊ 'မွတ်သိပ်သောကျောက်ခဲလုံး ကလေးများ'နှင့် အခြားပုံဝတ္ထုများဖြစ်သည်။သို့သော် တဂိုးသည်ရှိလေဒါ၌နေထိုင်ခဲ့စဉ် သူ၏တစ်သက်တာတွင်ဝမ်းနည်းကြေကွဲဖွယ်ရာများကို ကြုံတွေ့ခံစားခဲ့ရရှာ၏ရှိလေဒါ၌တဂိုး၏ဇနီးသည်နှင့်တကွ သမီးတစ်ယောက်နှင့် သားအထွေးတစ်ယောက်ကွယ်လွန်လေသည်။
၁၉ဝ၁ ခုနှစ် အသက် ၄ဝ အရွယ်၌ တဂိုးသည် ဘင်္ဂလားပြည်နယ်၊ ဗိုးလပူမြို့မှ နှစ်မိုင်အကွာရှိ၊ ရှန္တိနိကေတန်အရပ်တွင် ကျောင်းတစ်ကျောင်းတည်ထောင်ခဲ့ရာ၊ ယခုအခါ ဝိသဝဘာရတီ ဟု ကျော်ကြားလျက် ရှိ၏။ အင်္ဂလန်ပြည်သို့ ၁၉၁၂ ခုနှစ်တွင် သွားရောက်ခဲ့ပြီးလျှင်၊ သူရေးသားသော စာပေအချို့ကိုလည်း ကိုယ်တိုင် အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ တဂိုး သည် ဥရောပတိုက်သို့လည်း အကြိမ်ကြိမ်ရောက်ဘူး သည့်ပြင် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ဆိုဗီယက်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ တောင်အမေရိကတိုက်၊ ပါရှားပြည်နှင့် ကနေဒါနိုင်ငံ များသို့လည်း လှည့်လည်သွားရောက်ခဲ့ဘူးလေသည်။၁၉၁၃ခုနှစ်၌တဂိုးသည်စာပေဆိုင်ရာနိုဗလ်ဆုကိုဆွတ်ခူးရရှိခဲ့၏။၁၉၁၅ခုနှစ်တွင် ဆာဘွဲ့ခြီးမြင့် သူကောင်းပြုခြင်းခံရလေသည်။ သို့သော်လည်း၁၉၁၉ ခုနှစ်၌ ပန်ဂျပ်ပြည်နယ်တွင် ဆူပူလှုပ်ရှားမှုများကို တရားလွန်ပြင်းထန်စွာနှိပ်နင်းခဲ့သည်ကိုအကြောင်းပြ၍၊ထိုဆာဘွဲ့ကို ဗြိတိသျှအစိုးရထံ ပြန်လည်အပ်နှင်းခဲ့ လေသည်။၁၉၃ဝ ပြည့်နှစ်တွင်ကား ကမ္ဘာကျော်အောက်စဖို့တက္ကသိုလ်၌'ဟစ်ဗတ်လက်ချာ'များကို ဟောပြောပို့ချရာတွင် လူတို့၏ ကိုးကွယ်ရာအယူဝါဒအကြောင်းဟော ပြောခဲ့ပေသည်၊ တဂိုးသည်စာပေအရေးအသား၌သာကျော်ကြား ထင်ရှားခဲ့သူမဟုတ်ပေ။ ပန်းချီရေးဆွဲခြင်း၌လည်း ထူးကဲ သည့် ပါရမီရှင်တစ်ဦး ဖြစ်သည်။ သူသည် အသက် ၆၈ နှစ် အရွယ်တွင် ပန်းချီကားများကို စတင်ရေးဆွဲကာ မော်စကိုမြို့၊ ဗာမင်ဂမ်မြို့၊ ဘာလင်မြို့၊ မျူးနစ်မြို့၊ ပါရစ်မြို့နှင့် နယူယော့ မြို့များတွင် လှည့်လည်တင်ပြခဲ့ခြင်းဖြင့်လည်း ကမ္ဘာကျော်သူ ဖြစ်ပေသည်၊ ဂီတစာဆိုအဖြစ်ဖြင့်လည်း တဂိုးသည် သီချင်း အပုဒ်ပေါင်း ၃ဝဝဝ ကျော်မျှရေးသား စပ်ဆိုခဲ့သေးရာ၊ သူ့အား အနုပညာရေးရာတွင် အံ့ဖွယ်သရဲ ထူးကဲလှသော ပါရမီရှင်ဟု ခေါ်ဆိုလိုက်ပေတော့သည်။၁၉၄၁ ခုနှစ် ဩဂုတ်လ၇ ရက်နေ့တွင် တဂိုးသည်ကာလကတ္တားမြို့၌ပင် ကွယ်လွန်အနိစ္စရောက်သည်။ အနိစ္စ မရောက်မီ တစ်နှစ်ခန့် (၁၉၄ဝပြည့်နှစ်)တွင်အောက်စဖို့ တက္ကသိုလ်မှ တဂိုးအား စာပေဆိုင်ရာပါရဂူဘွဲ့ ပေးအပ်ကာချီးမြောက်ဂုဏ်ပြုခဲ့ပေသည်။ တဂိုးပြုစုရေးသားခဲ့သော စာပေများမှာ ကဗျာလင်္ကာအုပ်ပေါင်း ၆ဝ ခန့်နှင့် အခြားစကားပြေ အရေးအသားများဖြစ်သော ဝတ္ထုတို ဝတ္ထုရှည်၊စာမွန်၊ ဆုတောင်းပတ္ထနာနှင့် ပြဇာတ်အမြောက်အမြားပင်ဖြစ်သည်။ ယခုအခါ တဂိုး၏စာပေများ အင်္ဂလိပ်ဘာသာသို့ပြန်ဆိုရေးသားကာကမ္ဘာအနှံ့အပြားသို့ ထုတ်ဝေဖြန့်ချိလျက်ရှိကြလေသည်။ [၁]
[ပြင်ဆင်ရန်] ကိုးကား
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)